Knowledge and News

ဝက်သားတုတ်ထိုးလုပ်စားကြမယ်

Food

၀က်သားတုတ်ထိုးလို့ဆိုလိုက်ရင် ဝက်သားကြိုက်သူအားလုံးလိုလိုက မငြင်းဆန်နိုင်ကြပါဘူး။ ချိုချိုမွှေးမွှေးအရသာနဲ့ မုန်ညင်းပါတဲ့ဟင်းရည်ရယ်၊ ဝါးလိုက်ရင်ထုတ်ထုတ်လေးနဲ့ စားလို့ကောင်းတဲ့ ဝက်ကလီစာတွေရယ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနံ့လေးမွှေးတဲ့ အချဉ်ရည်ရယ် အားလုံးကလိုက်ဖက်ညီလို့နေပါတယ်။ ပျော်ပွဲရွှင်ပွဲတွေအတွက်ပဲဖြစ်ဖြစ်၊ မိသားစုဆုံချိန်လုပ်စားဖို့ပဲဖြစ်ဖြစ်သင့်တော်လှတဲ့ ဝက်သားတုတ်ထိုးတစ်အိုးကို အတူတူဖန်တီးကြည့်ရအောင်လား။

ပါဝင်ပစ္စည်းများ

  • ဝက်သားသုံးထပ်သား ၂၀ ကျပ်သား
  • အချင်းတိုင် ၁၀ ကျပ်သား
  • အူချို ၁၀ ကျပ်သား
  • နားရွက် ၁၀ ကျပ်သား
  • လျှာ ၁၀ ကျပ်သား
  • အသဲ ၁၀ ကျပ်သား
  • နှလုံး ၁၀ ကျပ်သား
  • နို့အုံသား ၁၀ ကျပ်သား (အားလုံးကိုမန်ကျည်းသီးနဲ့ဆားအသုံးပြုပြီးရေဆေးသန့်စင်ထားပါ)
  • အူပိတ် ၁၀ ကျပ်သား
  • အူမကြီး ၁၀ ကျပ်သား (ဆား၊မန်ကျည်းသီး၊သံပရာသီးတို့နဲ့ အတွင်းအပြင်လှန်ဆေးရပါမယ်၊ သုံး လေးထပ်လောက်ထိ ပြောင်စင်အောင်ဆေးပေးပါ)

ဆေးကြောသန့်စင်ရန်

  • ဆား ထမင်းစားဇွန်း ၃ ဇွန်း
  • မန်ကျည်းသီး ၅ ကျပ်သား
  • သံပုရာသီး ၃ လုံး

ချက်ပြုတ်ရန်

  • ရှာလကာရည် ထမင်းစားဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စင်းထားပါ)
  • ချင်း ၂ စင်တီမီတာ (ညက်အောင်ထောင်းထားပါ)(အရည်ပဲညှစ်ယူပါမယ်)
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • တရုတ်မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ ထမင်းစားဇွန်း ၅ ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း ၅ ဇွန်း
  • သကြား ထမင်းစားဇွန်း ၂ ဇွန်း (တစ်ဇွန်းကိုအသားနယ်ဖို့နဲ့တစ်ဇွန်းကိုဆီသတ်ဖို့ သုံးမှာဖြစ်ပါတယ်)
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နာနတ်ပွင့် ၆ ပွင့်
  • သစ်ကြံပိုးခေါက် ၄ ချောင်း
  • ကရဝေးရွက်ခြောက် ၆ ရွက်
  • ဆီ ထမင်းစားဇွန်း ၅ ဇွန်း
  • ရေ ၁၂ ခွက် (၃၀၀၀ မီလီလီတာ)

အချဥ်ရည်ပြုလုပ်ရန်

  • သကြား ထမင်းစားဇွန်း ၁ ဇွန်း
  • ရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • ဗမာငရုတ်ဆီအနီ ၁ ခွက်
  • ကြက်သွန်ဖြူ ၄ မွှာ (ထောင်းထားပါ)
  • ငရုတ်သီးစိမ်း ၄ တောင့် (ကတ်ကြေးဖြင့် သေးသေးညှပ်ထားပါ)

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ဆေးကြောထားတဲ့ အသားတွေအားလုံးကို ချက်ပြုတ်ဖို့ လုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေ(ဆီမှလွဲ၍)နဲ့ ရောနယ်ပြီးရေခဲသေတ္တာထဲမှာ ၃၊၄ နာရီခန့်နှပ်ထားပေးပါ။ မပြုတ်ခင် နာရီဝက်ခန့်ကြိုထုတ်ထားပေးပါ။

  2. အိုးထဲကို ဆီထည့်ပြီး ဆီဆူလာတဲ့အခါ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီးနီညိုရောင်ဖြစ်အောင်ကြော်ပါ။

  3. ပြီးရင်နှပ်ထားတဲ့ အသားတွေအားလုံးကိုထည့်ပြီး ၃ မိနစ်ခန့်မွှေပေးကာ အသားမြုပ်အောင် ရေထည့်လိုက်ပါ။

  4. မီးပြင်းပြင်းနဲ့တည်ပါ။ ရေနည်းနည်းခန်းပြီး ဆီပြန်လာပြီဆိုရင် နှလုံး၊ အသဲ၊လျှာတို့ကို ဆယ်ထားပေးလိုက်ပါ။

  5. ကျန်တဲ့အစိတ်အပိုင်းတွေကို ရေခမ်းတိုင်း ရေထည့်ထည့်ပေးပြီး ၃ ကြိမ်ခန့်ရေ ထည့်ပေးရပါမယ်။အသားအားလုံးနူးအိသွားပြီဆိုရင်တော့ ဟင်းအရည်အနည်းငယ်ချိန်ပြီး မီးပိတ်ပေးလို့ရပါပြီ။

  6. အချဉ်ရည်ကတော့ အပူပေးထားတဲ့ငရုတ်ဆီထဲကို ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းနဲ့တခြားသော ပါဝင်ပစ္စည်းတွေရောမွှေပေးဖို့ပါပဲ။ အပေါ့၊အငန်၊အချဉ်ကို ချိန်ဆထည့်နိုင်ပါတယ်။

  7. ဒါကတော့ မွှေးမွေးလေးနဲ့ အရသာလည်းရှိစေမယ့် အိမ်လုပ်ဝက်သားတုတ်ထိုးလေးပါပဲ။ အသားတွေကို မိမိစိတ်ကြိုက်အထူအပါးလှီးပြီး ဝါးတုတ်တံနဲ့ထိုးကာ အချဉ်ရည်လေးထဲနှစ်ပြီး စားသုံးနိုင်ပါပြီ။

    Credit: https://www.howtocook.com.mm