Knowledge and News

ကမ္ဘာပေါ်တွင် လှပသော်လည်းအန္တရာယ်ရှိသောနေရာများ

Knowledge, Travel

ကမ္ဘာပေါ်မှာ ရင်သပ်ရှုမောဖွယ်အလှများနဲ့ လည်ပတ်ရန် ဆွဲဆောင်နေသော နေရာများစွာရှိပါတယ်။

၎င်းနေရာများရဲ့ ရင်သပ်ရှုမောဖွယ်ရာအလှများကြား နစ်မျောသွားနိုင်သော်လည်း ၎င်းနေရာများကို သွားရောက်လည်ပတ်ပါက အသက်အန္တရာယ်ဘေးကင်း၊ မကင်းကို ထည့်သွင်းစဉ်းစားရမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် အလှဆုံး နေရာများဖြစ်သော်လည်း ထင်မှတ်မထားသော ဘေးအန္တရာယ်များရှိတဲ့ ကမ္ဘာ့အလှဆုံးနေရာများအကြောင်းကို တင်ပြပေးသွားပါမယ်။

(၁) ကာရေဘီယံနှင့် လက်တင်အမေရိက

 

ကာရေဘီယံနဲ့ လက်တင်အမေရိကဒေသရှိ ကမ်းခြေများသို့ အလည် အပတ် သွားခြင်းက အသက်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ဆိုရင် များစွာအံ့သြဖွယ်ရာဖြစ်နေမှာပါ။

ဘာကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို စာရင်းဇယားများအရဆိုရလျှင် ကာရေဘီယံကမ်းခြေမှာ ကားမတော်တဆမှု၊ နှလုံးဖောက်ခြင်း၊ ရေနစ်ခြင်းကြောင့် လူသေဆုံးနိုင်ခြေဟာ ကမ္ဘာပေါ်ရှိ အခြားနေရာများထက် ဖြစ်နိုင်ခြေများတဲ့အတွက်ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်ကတည်းက ကော့စတာရီကာရှိ ကမ်းခြေများမှာ အနည်းဆုံး လူ ၁ဝ၁ ဦးထက် မနည်း ရေနစ်သေဆုံးခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရပါတယ်။

လက်တင်အမေရိကနိုင်ငံဖြစ်တဲ့ မက္ကဆီကိုမှာ တစ်နှစ်လျှင် ရေနစ်သေဆုံးသူဟာ ၃၅၅ ဦးရှိပြီး ဘဟားမားစ်နိုင်ငံရှိ ကမ်းခြေများတွင် ရေနစ်ခြင်းကြောင့် သေဆုံးသူ ၈၃ ဦးထိရှိကြောင်း သိရပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံးမှာ ကော့စတာရီကာနိုင်ငံရှိ ကမ်းခြေများတွင် အန္တရာယ်အရှိဆုံး ပင်လယ်သတ္တဝါတချို့ရဲ့ နေထိုင်ရာ နေရာဖြစ်ပြီး ဒီလို အန္တရာယ်များတဲ့ ကမ်းခြေများတွင် အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်သောဥပဒေများ ပြဋ္ဌာန်းထားခြင်း မရှိတဲ့အတွက် ဖြစ်ပါတယ်။

(၂) ငရဲတံခါး

ငရဲပြည်ရဲ့ ပုံပန်းသဏ္ဌန်နဲ့တူတယ်လို့ယူဆပြီး အမည်မှည့်တွင်ထားသော “Gates of Hell”လို့ ခေါ်တဲ့ တာ့ခ်မန်နစ္စတန်နိုင်ငံရှိ ဒါဗဇာဓာတ်ငွေ့မီးတောင်အကြောင်းကို ဗဟုသုတရဖွယ် ဆက်လက်ဖော်ပြသွားပါမယ်။

အဆိုပါနေရာကို ၁၉၇၁ ခုနှစ်မှာ ဆိုဗီယက် အင်ဂျင်နီယာများက တွေ့ရှိခဲ့ကြပြီး အစက ကြီးမားလှတဲ့ ရေနံသိုက်ကြီး တစ်ခုဟု မှတ်ထင်ခဲ့ကြပါတယ်။ ဒါကြောင့် အင်ဂျင်နီယာများက အနီးအနားမှာ ရေနံတွင်းတူးစင်တစ်ခုနှင့် စခန်းတစ်ခုတည်ထောင်ပြီး ထိုနေရာတွင်တည်ရှိနေသည့် ရေနံပမာဏကို စစ်ဆေးအကဲဖြတ်ရန် စတင်တူးဖော်ခဲ့ကြပါတယ်။

ဒါပေမယ့် ရေနံအစား ဓာတ်ငွေ့ကိုသာ တွေ့ရှိခဲ့ရပါတယ်။ အဲ့နောက်မှာတော့ သူတို့ရဲ့ရေနံတွင်းတူးစင်နှင့် ၎င်းစခန်းအောက်ရှိ မြေများဟာ ပြိုကျခဲ့တယ်။

အင်ဂျင်နီယာများဟာ အနီးအနားမြို့များသို့ တွင်းထဲမှ အဆိပ်အတောက်ဓာတ်ငွေ့များ လွတ်ထွက်သွားနိုင်မယ့် အန္တရာယ်ကိုစိုးရိမ်တာကြောင့် ဓာတ်ငွေ့များကို မီးရှို့ပစ်ခဲ့ခြင်းက အကောင်း ဆုံးဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပြီး မီးရှို့ခဲ့ရာ ၎င်းဓာတ်ငွေ့များလောင်ကျွမ်းမှုသည် ရက်သတ္တပတ်အနည်းငယ်ထိသာ ကြာလိမ့်မယ်လို့ ခန့်မှန်းခဲ့သော်လည်း နောက်ဆယ်စုနှစ် လေးစုကျော်သည်ထိ တောက်လောင်နေဆဲဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ထိုနေရာဟာ စွန့်စားမှုကို ကြိုက်သောခရီးသွားများ သွားရောက်လေ့လာသင့်သောနေရာတစ်ခု ဖြစ်သော်လည်း တွင်းထဲတွင်ပေါက်ကွဲမှုဖြစ်ပါက မီးတောက်သည် အချင်း ပေ ၂၃၀ (၇၀ မီတာ)ထိ တက်လာတတ်သည်ကို သတိပြုရမှာပါ။

ဒါ့ကြောင့် ဒေသခံများက ၎င်းနေရာကို “ငရဲတံခါး”လို့ ခေါ်ကြခြင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး ခရီးသွားနေရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသော နေရာတစ်ခုလည်းဖြစ်ပါတယ်။

(၃) တောကြီးမျက်မည်းလို ဖြစ်နေသော မက်ဒီဒီအမျိုးသားဥယျာဉ်

မက်ဒီဒီ အမျိုးသားဥယျာဉ်ဟာ စတုရန်းကီလိုမီတာ ၁၉ဝဝဝ ခန့်ကျယ်ဝန်းပြီး သားရဲတိရစ္ဆာန်များ၊ အပင်များနှင့် ပြည့်နှက်နေပါတယ်။

လူသားတို့ဟာ ၎င်း တောကြီး မျက်မည်းအတွင်းရှိသော သားရဲ တိရစ္ဆာန်များကသာလျှင် လူကိုအန္တရာယ်ပြုနိုင်တယ်လို့ထင်ရင် များစွာမှားသွားပါလိမ့်မယ်။

၎င်းဥယျာဉ်အတွင်းမှာ အဆိပ်အပြင်းဆုံး သတ္တဝါများနေထိုင်ကြပါတယ်။ ဒါ့အပြင် အပင်တစ်ပင်နဲ့ အနည်းငယ်မျှ ထိမိ၊ ရှမိလျှင်တောင်မှ မူးဝေအော့အန်ခြင်းများဖြစ်စေနိုင်တဲ့ အဆိပ်ရှိသော အပင်များလည်းရှိပါတယ်။

ဒီလိုအန္တရာယ်များသော အပင်အမျိုး အစားများနှင့် သတ္တဝါများရှိခြင်းကြောင့် အစိုးရက ၎င်းနေရာအား သွားရောက်လည်ပတ်ခြင်းကို ပိတ်ပင်ထားတဲ့အပြင် ကုလသမဂ္ဂကလည်း ထိုနေရာ၌နေထိုင်သည့်အန္တရာယ်ရှိသော တိရစ္ဆာန်များ၊ ထူးခြားဆန်းပြားသော အပင်များနှင့် ငှက်များရှိခြင်းကြောင့် ၎င်းအမျိုးသားဥယျာဉ်ကို ကာကွယ်ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

(၄) အိုက်စလန်ကျွန်းနိုင်ငံ

အိုက်စလန်ကျွန်းနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတိုင်းတွင် မပါဝင်သော၊ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့နိုင်ငံဖြစ်ပါတယ်။

သို့သော်လည်း အိုက်စလန်နိုင်ငံတွင် အမြဲတစေ လှုပ်ရှားနေတတ်သောမီးတောင်များရှိပြီး ပထဝီအနေအထားအရလည်း အမြဲပြောင်းလဲနေတတ်သောနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံ၏အတွင်းပိုင်းမှာ သဲကွင်းများ၊ တောင်တန်းများနှင့် ရေခဲမြစ်များရှိသည်။ ထို့ပြင် အေးခဲနေသော ရေခဲပြင်အောက်တွင် မီသိန်းဓာတ်ငွေ့ အစုအဝေးကြီးရှိနေပါတယ်။ ဒါကြောင့် ၎င်းကျွန်းနိုင်ငံကို အလည်သွားမည်ဟုစိတ်ကူးလျှင် မီးတောင်များမပေါက်ကွဲစေရန်အတွက် ဆုတောင်းရမှာမှာဖြစ်ပါတယ်။

(၅) မရဏလမ်း_ ဘိုလီးဗီးယား

ဘိုလီးဗီးယားနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည် တစ်ဦးအနေဖြင့် သွားရောက်လည်ပတ်ရန် အကောင်းဆုံးနေရာ မဟုတ်ပါဘူး။

ဘိုလီးဗီးယား အမေဇုန်သည် ကြောက်မက်ဖွယ်ကောင်းနေချိန်တွင် သေမင်းတမန်လမ်းကဲ့သို့ ပိုကြောက်စရာကောင်းသည့်လမ်းများလည်း ရှိပါသေးတယ်။

စွန့်စားခန်းများကို စိတ်ဝင်စားသူများအနေဖြင့် သွားရောက်လည်းပတ်သင့် သော်လည်း အသက်အန္တရာယ်ကင်းရှင်းရေးကိုတော့ အထူးဂရုစိုက်ရမည်ဖြစ်သည်။

၎င်းလမ်းများသည် မြောက်ပိုင်းဒေသများနှင့် ဘိုလီးဗီးယားမြို့ကို ဆက်သွယ်ထားသည့် ကြမ်းတမ်းခက်ခဲသော လမ်းများဖြစ်ပြီး တောင်များဘေးတွင် ကပ်ဖောက်ထားခြင်းဖြစ်သည်။

အဆိုပါလမ်းများကို တောင်၏အမြင့် ပေ ၁၅၀၀၀ တွင် ဖောက်လုပ်ထားခြင်းဖြစ်သည့်အတွက် လေတိုက်နှုန်းလည်း ပြင်းပါတယ်။

ယာဉ်နှစ်စီး လမ်းမပေါ်ယှဉ်ဖြတ် သွား၍ မရလောက်အောင် ကျဉ်းမြောင်းလွန်းလှပါတယ်။ ၎င်းလမ်းကျဉ်းတွင် ရှောင်စရာလမ်းမရှိသည့်အပြင် နောက်ကြောင်းပြန်လှည့်စရာလမ်းလည်း မရှိပါဘူး။

လမ်းများ၏ဘေးတွင်ရှိသော ချောက်ကမ်းပါးများဟာ ပေ ၁၁ဝဝဝ ကျော်ခန့်ထိ နက်သည့်အတွက် နှစ်စဉ် သေဆုံးသူဦးရေ ၃၅၀ ကျော်ရှိကြောင်း သိရပါတယ်။

စက်ဘီးစီးသူများသည် ၎င်းလမ်းတွင် စက်ဘီးစီးရခြင်းကို နှစ်သက်သော်လည်း နှစ်စဉ်စက်ဘီးစီးသူဦးရေ ၂၀ ထက်မနည်း သေဆုံးကြောင်း မှတ်တမ်းများအရ သိရပါတယ်။

ကမ္ဘာပေါ်တွင် အံ့မခန်းလှပသော လည်ပတ်စရာနေရာများစွာရှိပါတယ်။ ထိုသို့ လည်ပတ်စရာနေရာများစွာရှိသော်လည်း ယခုဖော်ပြထားသောနေရာများဟာ ခရီးသွားလည်ပတ်ခြင်းကို ဟန့်တားရန် မဟုတ်ဘဲ ဗဟုသုတအဖြစ်သာ သိရှိနိင်စေဖို့တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။