Knowledge and News

အရောင်ထွက်နေလျှင်သတိထားပါ

Knowledge, Thinking

တစ်ခါက ကုန်သည်တစ်ခု သဲကန္တာရကိုဖြတ်သန်းသွားကြတယ်။ နေ့ခင်းမှာပူလွန်းလို့ ရွက်ဖျင်တဲတွေနဲ့ နားနေကြပြီး ညမှသာခရီးဆက်ကြတယ်။ ဒီလိုနဲ့တစ်နေ့ နေဝင်လထွက် ညဘက်ရောက်လို့ ခရီးဆက်ကြဖို့ လူစုကြတာပေါ့။ နောက်ဆုံးမှရောက်လာတဲ့သူက..”အဆွေတို့ ကျုပ်ဟောဟိုနားမှာ တွင်းကြီးတစ်တွင်း တွေ့ခဲ့တယ်..အထဲမှာလည်းအရောင်တွေတဖိတ်ဖိတ်တောက်နေတာပဲ မဟုတ်မှလွဲရော ခိုးသားတွေဝှက်ထားတဲ့ ရတနာတွေလား…သဘာဝစိန်တွင်းကြီးလား မသိဘူး ကျုပ်တို့တော့ထောပြီဟေ့..” လို့ဝမ်းသာအားရ ပြောပါသတဲ့။ဒါနဲ့အားလုံးသွားကြည့်ကြတာပေါ့။ ဟုတ်ပဗျာ…အရောင်တွေလက်လက်ထနေလိုက်တာများ။ သူတို့တွေ ဝမ်းသာသွားကြတယ်။ ကြိုးခွေတွေချပြီး တစ်ယောက်ကိုဆင်းကြည့်ခိုင်းတယ်။ ခဏကြာတော့ ဆင်းသွားတဲ့သူက “ ဟေ့ကောင်တွေ မဆင်းခဲ့နဲ့ စိန်တွေမဟုတ်ဘူး မြွေတွေဟ” လို့အော်ပြီး အသံပျောက်သွားတယ်။

အပေါ်ကလူတွေကတွေးတယ် “ဒီကောင် စိန်တွေ မောင်ပိုင်စီးချင်လို့ ညာတာနေမှာ” ဆိုပြီး နောက်တစ်ယောက်ကို ဆင်းခိုင်းတယ်။ ဒုတိယလူကလည်း အရင်လူအော်သလိုပဲ မြွေတွေ မဆင်းခဲ့နဲ့လို့ အော်ပြန်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားလိုက်တာ နောက်ဆုံးလူ အလှည့်ရောက်လာပါတယ်။ သူလည်း အားလုံးစိန်တွေရကြပြီး ငါတစ်ယောက်တည်းမရလို့တော့ မဖြစ်ဘူး ဆိုပြီး ဆင်းသွားလိုက်တာ အကုန်လုံး မြွေကြီးတွေရဲ့အစာဖြစ်ကုန်ပါသတဲ့။တကယ်တော့ ဒီတွင်းကြီးဟာ ဧရာမမြွေကြီးတွေရဲ့တွင်းပါ။ ညအချိန်မှာ လရောင်ကြောင့် မြွေမျက်လုံးတွေက အရောင်တွေလင်းလက်နေတာ။

ဒီလိုပါပဲ လောကမှာ အိမ်ထောင်သည်တွေက လူငယ်တွေကို “မင်းတို့တွေ အိမ်ထောင်မပြုကြနဲ့၊ ငါတို့လို ဒုက္ခရောက်မယ်” လို့အစဉ်အဆက်သတိပေးခဲ့ကြတာပါပဲ။ လူငယ်တွေကလည်း “ဟွန်း..သူတို့ကြ ယူပြီး တို့ကြ လာတားနေတယ်” လို့တွေးကာ အစဉ်အဆက် မြွေတင်းထဲခုန်ချနေကြတယ်တဲ့။ အင်း..အရောင်တွေကလည်း တဖိတ်ဖိတ်တောက်သကိုးကွ နော့။ဒီတော့ လန်ထွက်နေတဲ့ ကောင်မလေးတွေတွေ့ရင် သရဲမရဲ မငမ်းခင် စိန်ရောင်တွေလား မြွေမျက်လုံးတွေလား စဉ်းစားပေါ့။ ပိုအရောင်ထွက်လေ မြွေပိုကြီးလေပေါ့ကွာ။ အေး ညသယ်ရင်း..ငါကမြွေတွင်းထဲမဆင်းပါဘူး မြွေအလိမ္ပာယ်ပြရုံလေးပါ မလုပ်နဲ့။ မြွေအလိမ္ပာယ်ဆရာတွေက မြွေမျိုးစုံ အကိုက်ခံရတယ်။ ဒါပဲ.. သတိထားနေ.. ဟေ ဟေး။

Credit: ဆရာနန္ဒာသိန်းဇံ