Knowledge and News

ငတက်ပြား

History

စစ်ကိုင်းသား ငတက်ပြားကြီးရဲ့ အကြောင်းကိုမပြောခင် ပထမ အင်းဝနေပြည်တော်ကို တည်ထောင်ခဲ့တဲ့ သတိုးမင်းဖျားအကြောင်းကို အရင်ပြောလိုက်ကြရအောင်..
ပင်းယနဲ့စစ်ကိုင်းပျက်တော့ နိုင်ငံကို ပြန်စည်းရုံးတည်ထောင်တာက စစ်ကိုင်း အသင်္ခယာစောယွမ်းရဲ့ မျိုးရိုး တကောင်းစားသတိုးမင်းဖျားပါ။
AD ၁၃၆၄ မှာ ငကျည်းအင်း၊ကျောက်မော်အင်း၊ အင်းတူးအင်း၊ဥန္နဲအင်းတွေကို မြေဖို့ပြီး မြို့တည်ပါတယ်။ အင်းတွေရဲ့ အဝမှာ တည်လို့ အင်းဝ၊အဝ လို့ခေါ်ခဲ့ပါတယ်။
ငတက်ပြားက သူ့လက်ထက်မှာပေါ်တာကိုးဗျ။ သူ့လက်ထက် စစ်ကိုင်းရေဝန်းအရပ်မှာ အလွန်စွမ်း၊အလွန်ကျော်စောတဲ့ သူခိုးကြီးငတက်ပြားက နာမည်ကြီးနေပါတယ်။
သူခိုးကြီးငတက်ပြားဟာ တန်ဆောင်မုန်းလပြည့်ည ၁၂နာရီအချိန်သူခိုးဂြိုလ်သက်ရောက်နေချိန်မှာ မွေးဖွားသည်ဟုသိရပါတယ်။ သူက သစ္စာလည်းရှိတယ်ဗျ။
ဘယ်လိုသစ္စာရှိလည်းဆိုတော့သူနေတဲ့အရပ်မှာမခိုးဘူး။ တခြားနယ်ကိုပဲခိုးတယ်။ ခိုးတဲ့နေရာမှာလည်း ဆင်းရဲတဲ့သူတွေဆီကမခိုးဘူး။ သူဌေးသူကြွယ်မှူးမတ်တွေအိမ်ကသာခိုးပါတယ်။
ခိုးတဲ့နေရာမှာလည်း ဥစ္စာရှင်ကို ရန်မပြုပါဘူး။ ပစ္စည်းကိုလည်းတွေ့တဲ့ပစ္စည်းအကုန်မယူပါဘူး။ တစ်ဝက်ပဲယူပါတယ်။
တခြားနယ်ကိုထွက်ခိုးတယ်ဆိုမှတော့ ဧရာဝတီမြစ်ဖြတ်ပြီးအင်းဝပဲခိုးတာပေါ့ တစ်ရက်ကျတော့ ငတက်ပြားက “ဘယ်သူငါ့ဖမ်းနိုင်တုန်းကွ။ဘယ်သူ့မှမကြောက်ဘူး။ ဘုရင်လည်းမကြောက်ဘူး “လို့ကြေညာတော့တာပါပဲ။
အဲဒါကို သတိုးမင်းဖျားကြားတော့ ဒီသူခိုးကို သူကိုယ်တိုင်ဖမ်းဖို့ ဆုံးဖြတ်ပါတယ်။ ညရောက်တော့ ဘုရင်က ရုပ်ဖျက်ပြီး ထွက်လာ မြို့တံခါးမြစ်ဆိပ်ကစောင့်ပါတယ်။
ငတက်ပြားကလည်းလာနေကြလမ်းအတိုင်း သန်းခေါင်ကျော်တော့ အင်းဝဘက်ကိုလှေနဲ့ကူးလာတယ်။ ကမ်းနားရောက်တဲ့အချိန်မှာ သတိုးမင်းဖျားနဲ့တွေ့ သတိုးမင်းဖျားက ပရိယာယ်နဲ့ ငတက်ပြားထံ တပည့်ခံပါတယ်။

အင်းဝမြို့ထဲရောက်တဲ့အချိန်မှာ အကာအဆီးတွေ၊ဝင်းထရံတွေကို ငတက်ပြားကခုန်ကျော်ပါတယ်။ သတိုးမင်းဖျားကလည်း ငတက်ပြားနဲ့အတူတူ ခုန်ကျော်နိုင်တော့ ငတက်ပြားလည်း တပည့် ဘုရင်ကြီးကို သဘောကြတာပေါ့ဗျာ။
သတိုးမင်းဖျားက အဲဒီအချိန်မှာစကားတစ်ခွန်းပြောပါတယ်။ “ဆရာ တပည့်တို့ ဘုရင့်နန်းတော်ဝင်ခိုးရအောင်”တဲ့။ ငတက်ပြားကဘာပြန်ပြောလည်းဆိုတော့” တပည့် ငါတို့ခိုးစားသော်လည်း ငါတို့ဘုရင်ကိုကားမပြစ်မှားသင့်၊
ရှင့်ဘုရင့်ပစ္စည်းကိုမခိုးချင်ပါနဲ့ကွာ”လို့ပြန်ပြောတော့ သတိုးမင်းဖျားလည်းသဘောကျတာပေါ့။ မှူးမတ်များအိမ်ကပုတီးတွေ၊နားတောင်းတွေ၊လက်စွပ်တွေကိုခိုးပြီး ပြန်လာကြတယ်။
မြို့တံခါးအနီး မီးသွေးတိုက်နားကို ရောက်တော့ သတိုးမင်းဖျားက ငတက်ပြားကို အရက်မူးအောင်တိုက် မူးပြီးလဲတဲ့အချိန်မှာ ခြေချင်းခတ်ပြီး မီးသွေးတိုက်မှာသော့ခတ်ထားခဲ့ပါတယ်။
မနက်လင်းတော့ မှူးမတ်တွေက ပစ္စည်းတွေပျောက်တော့ ဆူညံပွက်လောရိုက်နေတာပေါ့။ သတိုးမင်းဖျားက မှူးမတ်တွေရဲ့ ပစ္စည်းတွေကိုင်ပြီး ညီလာခံဝင်ပါတယ်။
မှူးမတ်တွေ သူတို့ပစ္စည်းတွေကိုမြင် ဘုရင်ကကိုင်လာတာဆိုတော့ မစွပ်စွဲရဲ။ပြန်လည်းမတောင်းရဲနဲ့ ဖြစ်နေပါတယ်။
သူတို့ပစ္စည်းနဲ့တူပါတယ်လို့ လျောက်ပါတယ်။ အဲဒီအချိန်ကြမှ ဘုရင်က မှူးမတ်တွေကို နင်တို့မဖမ်းနိုင်တဲ့ သူခိုးငါဖမ်းပြီးပြီ။ မီးသွေးတိုက်ကနေ ခေါ်ခိုင်းပါတယ်။
ဘုရင်ရှေ့ရောက်တော့ သတ်ဖို့လက်နက်ရွေးခိုင်းပါတယ်။ ရဲတင်း၊ပုဆိန်၊ဓား၊လှံ၊တံကျင် ကြိုက်ရာရွေးပေါ့။
အဲဒီအချိန်မှာ ငတက်ပြားကဘာလျောက်လည်းဆိုတော့ “ကျွန်တော်မျိုးကို မိပါပြီ။ကြိုက်သလိုသာ သတ်ပါ။ ကျွန်တော်မျိုး အလို လျောက်ရမည်ဆိုလျှင် အရှင်မင်းကြီးမိဖုရား စောဥမ္မာကိုသာ အလိုရှိပါတယ်”လို့လျှောက်ရောတဲ့ဗျာ။
ဘယ်လောက်ရဲတင်းလဲဆိုတော့။ အဲဒီစကားကို သတိုးမင်းဖျားက နှစ်သက်ပြီး ဒီလိုလူမသေကောင်းဘူး ဆိုပြီးနောင်တိုက်ပွဲရှိရင်အမှုတော်ထမ်းရမယ်လို့ ပြောပြီး ထားပါတယ်။
AD၁၃၆၆မှာ တောင်တွင်းကြီးစားက သတိုးမင်းဖျားက်ိုပုန်ကန်ပါတယ်။ ဆင်မြင်းလူ အလုံးအရင်းနဲ့ချီပြီး တိုက်ပါတယ်။ တောင်တွင်းကြီးကိုရောက်တော့ မြို့ထဲက အစွမ်းထက်တဲ့ လေးသည်ကြီးကို လုပ်ကြံဖို့ ငတက်ပြားကို လွှတ်ပါတယ်။ ညဥ့်မှာ မြို့ထဲကို ငတက်ပြားဝင်ပြီး လုပ်ကြံတယ်။
တောင်တွင်းကြီးစားကလည်း လေးသည်ကြီးမရှိတော့ အားပြတ်ပြီး လက်နက်ချလို့တောင်တွင်းကြီးမြို့ကိုရတယ် ငတက်ပြားအစွမ်းကြောင့်လို့ပြောနိုင်ပါတယ် ငတက်ပြားကို တစ်ချို့ကတကယ်မရှိဘူး။ တစ်ချို့ကတော့ တကယ်ရှိတယ်လို့ ငြင်းကြပါတယ်။
ကျွန်တော့်အမြင်အရပြောရရင် တကယ်ရှိခဲ့မယ်ထင်ပါတယ်။ စစ်ကိုင်းက မရှိခဏ ဘုရားကြီး ကလည်း ရှိနေတာကိုး။ ဘုရားကို ငတက်ပြားတည်တဲ့ အချိန်မှာခိုးရတဲ့ပစ္စည်းနဲ့တည်တယ်လို့ ပြောကြပါတယ်။
ဘုရားတည်နေချိန်မှာ ငွေလိုရင်လည်း မရှိခဏသာဖြစ်တယ်။ သွားခိုးလိုက်ရင် ရတာချည်းဖြစ်လို့ မရှိခဏဘုရားလို့အမည်တွင်ပါတယ်လို့ ပြောကြပါတယ်။