Knowledge and News

ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံး ဒင်္ဂါး (၇)မျိုး

History, Knowledge

ကမ္ဘာပေါ်မှာ ရှေးဟောင်းဒင်္ဂါး နဲ့ တံဆိပ်ခေါင်းတွေကိုသာ သီးသန့်စုဆောင်းတဲ့ဝါသနာရှင်တွေရှိကြပြီး ထိုအနည်းငယ်မျှသာရှိတဲ့စုဆောင်းသူတွေဟာ တန်ဖိုးကြီးဒင်္ဂါးနဲ့ တံဆိပ် ခေါင်းတွေကို ယနေ့ကာလပေါက်ဈေးများစွာသုံးစွဲပြီး ပိုင်ဆိုင်ခွင့်ရဖို့ကြိုးစားလေ့ရှိပါတယ်။ အဓိပ္ပါယ်ကတော့ရှင်းပါတယ် ၊ ငွေထက် ဝါသနာကို ပိုမိုတန်ဖိုးထားကြလို့ပါ။

သူတို့စုဆောင်းခဲ့တဲ့ ဒင်္ဂါးတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာသန်းနဲ့ချီတန်ကြေးရှိကြပြီး သက်ဆိုင်ရာပစ္စည်းရဲ့ ဖြတ်သန်းခဲ့တဲ့အချိန်ကာလမှတ်တမ်းအပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ချက်တွေ ရှိနေကြတာဖြစ်ပါတယ်။

ဒါဆိုရင်ကမ္ဘာပေါ်မှာ ဘယ်ဒင်္ဂါးတွေဟာတန်ဖိုးအကြီး ဆုံးအဖြစ်ရှိနေကြပါသလဲ။ ဒီတခါ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး နဲ့ အရှားပါးဆုံး ဒင်္ဂါးအမျိုးအစား (၇)ခုရဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။

၁။ 1933 double eagle

လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး ဒင်္ဂါးအဖြစ် သတ်မှတ်ခံထားရတာကတော့ ၁၉၃၃ ခုနှစ် အမေရိကန်ထုတ် လင်းယုန်ဒင်္ဂါးဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၀ တန် အဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ရွှေ ၉၀% နဲ့ ကြေးနီ ၁၀% ရောစပ်ထားတာဖြစ်ပါတယ်။

ဒင်္ဂါးရဲ့ အရှေ့ဘက်မှာတော့ မီးတုတ် နဲ့ သံလွင်ခက်ကို တဖက်စီကိုင်ထားတဲ့ လေဘာတီအမျိုးသမီး ရှိနေပြီး နောက်ကျောဘက်မှာတော့ ပျံသန်းနေတဲ့ လင်းယုန်ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ ဒီဒင်္ဂါးကို ရှားပါးတန်ဖိုးကြီး ဒင်္ဂါးတွေကို စုဆောင်းရာမှာ နာမည်ကျော်တဲ့ အီဂျစ်ဘုရင် Farouk က ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် Sotheby’s ကုမ္ပဏီကနေ ပြန်လည်ရောင်းချခဲ့ရာမှာတော့ အမေရိကန်ဒေါ်လာ ၁၈.၉ သန်း အထိ ရရှိခဲ့တဲ့အတွက် တန်ဖိုးအကြီးဆုံး ဒင်္ဂါး အမျိုးအစား ဖြစ်လာပါတယ်။

 

၂။ Flowing Hair dollar

Flowing Hair ဒေါ်လာကတော့ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ ဒုတိယ တန်ဖိုးအကြီးဆုံး ဒင်္ဂါးအမျိုးအစား ဖြစ်ပါတယ်။ (၁၇၉၄)ခုနှစ်ကသွန်းလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ တရားဝင်ငွေကြေးအဖြစ်ပထမဆုံးအသုံးပြုခဲ့တဲ့ ဒင်္ဂါးဖြစ်ပါတယ်။

ငွေနဲ့ကြေးနီသတ္ထုရောနှော သွန်းလုပ်ထားတာဖြစ်ပြီး ဒင်္ဂါးရဲ့မျက်နှာပြင်တစ်ဖက်မှာ Liberty ကိုယ်တစ်ပိုင်းပုံကို ခြယ်သထားပြီး တစ်ခြားတစ်ဖက်မှာတော့ လင်းယုန်တကောင်ရဲ့ပုံကိုထည့်သွင်းထား ပါတယ်။ ဒီဒင်္ဂါးကို ၂၀၁၃ ခုနှစ်က Stack’s Bowers ကုမ္ပဏီ မှ ပြန်လည်ရောင်းချခဲ့ရာမှာတော့ အမေရိကန်ဒေါ်လာ ၁၀.၀၂ သန်းအထိ ရရှိခဲ့ပါတယ်။

၃။ Brasher Doubloon

Brasher Doubloon ကတော့ အမေရိကန်နိုင်ငံထုတ် ရှားပါးဒင်္ဂါးတမျိုးဖြစ်ပြီး ၁၇၈၇ ခုနှစ် ကာလက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ နယူးယောက်မြို့ရဲ့နာမည်ကျော် ပန်းတိမ်ဆရာ Ephraim Brasher ရဲ့လက်ရာ ဖြစ်ပါတယ်။

ဒင်္ဂါးရဲ့ အရှေ့ခြမ်းမှာတော့ နေထွက်လာဟန် နဲ့ နောက်ဘက်မှာတော့ လင်းယုန် ဒိုင်းပုံစံတွေကို ရိုက်နှိပ်ထားပြီး Brasher ရဲ့ လက်မှတ်ဖြစ်တဲ့ EB ဆိုတဲ့စာလုံး ပါရှိပါတယ်။ ဒီဒင်္ဂါးအမျိုးအစားတခုကို ၂၀၁၁ ခုနှစ်က ရောင်းချခဲ့ရာမှာ ဒေါ်လာ ၇.၄ သန်းခန့် ရရှိခဲ့သလို ၂၀၂၁ ခုနှစ် Heritage Auctions ကုမ္ပဏီက ရောင်းချခဲ့ရာမှာလည်း အမေရိကန်ဒေါ်လာ ၉.၃၆ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

၄။ Umayyad Gold Dinar

Umayyad ရွှေဒင်္ဂါးတွေကိုတော့ ဒုတိယ အစ္စလာမ်အင်ပါယာလို့ ဆိုရမယ့် Umayyad Caliphate မှာ အေဒီ ၇၂၃ ခုနှစ် ခန့်က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၂၀ ကာရက်ရှိပြီး ဘိုင်ဇန်တိုင်းအင်ပါယာရဲ့ အပြင်ဘက်ဒေသတွေမှာပါ အသုံးပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဒင်္ဂါးပေါ်မှာတော့ Mine of the Commander of the Faithful in the Hijaz အဓိပ္ပါယ်ရတဲ့ စာသားကို ရေးထိုးထားပါတယ်။ ဒီဒင်္ဂါးကို ၂၀၁၁ ခုနှစ်က Morton & Eden လေလံကုမ္ပဏီက ပြန်လည်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၆.၀၃ သန်းအထိ ရရှိခဲ့ပါတယ်။

၅။ $10 Proof Eagle PR-65+ DCAM

၁၀ ဒေါ်လာတန် လင်းယုန်ရွှေဒင်္ဂါးတွေကိုတော့ အမေရိကန်မှာ ၁၇၉၂ ခုနှစ်ကနေ ၁၉၃၃ ခုနှစ်တိုင်အောင် ထုတ်လုပ်သုံးစွဲခဲ့ပါတယ်။ အခုဒင်္ဂါးကတော့ ၁၈၀၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ဒင်္ဂါးဖြစ်ပါတယ်။

အရှေ့ဘက်မှာ လေဘာတီရုပ်ပါရှိပြီး အနောက်ဘက်မှာတော့ လင်းယုန်တံဆိပ်ကို ရိုက်နှိပ်ထားပါတယ်။ ၂၀၁၉ ခုနှစ်က  Heritage Auctions လေလံကုမ္ပဏီက ပြန်လည်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၅.၂၈ သန်း အထိ ရရှိခဲ့ပါတယ်။

၆။ 1913 Liberty Head nickel

လေဘာတီခေါင်းပိုင်းပုံပါတဲ့ ယင်းဒင်္ဂါးဟာ နီကယ်သတ္ထုနဲ့ပြုလုပ်ထားတာဖြစ်ပြီး (၅) ဆင့်တန် ပိုက်ဆံပြားဖြစ်ကာ (၁၉၁၃)ခုနှစ်ကထုတ်လုပ်ခဲ့ပါတယ်။ ယင်းဒင်္ဂါးဟာ အမေရိကန်ဒင်္ဂါးစက်ရုံထုတ် မဟုတ်ပဲ အကန့်အသတ်နဲ့သာ ထုတ်လုပ်တဲ့ ငွေကြေးပုံစံတစ်ခုဖြစ်ပါတယ်။

(၁၉၇၂)ခုနှစ်အချိန်ထိ ယင်းဒင်္ဂါးရဲ့ ရောင်းဈေးဟာ အမေရိကန်ဒေါ်လာ (၁)သိန်းခန့် တန်ကြေးရှိပြီး (၁၉၉၆)မှာတော့ သန်းချီတန်ကြေးရှိတဲ့ ဒင်္ဂါးအမျိုးအစားဖြစ်လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ Ronald J. Gillio ကုမ္ပဏီ က ပြန်လည်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၅ သန်းခန့် ရရှိခဲ့ပါတယ်။

၇။ Q. Servilius Caepio (M. Junius) Brutus AV Aureus

တန်ဖိုးအကြီးဆုံး နံပါတ် ၇ နေရာမှာ ရှိနေတာကတော့ Servilius Caepio ဒင်္ဂါးဖြစ်ပါတယ်။ ဒီဒင်္ဂါးဟာ အလွန်ရှေးကျပြီး ရောမနိုင်ငံတော် လက်ထက် ဘီစီ ၄၂ ကာလက ထုတ်လုပ်ခဲ့တဲ့ ဒင်္ဂါးဖြစ်ပါတယ်။

ရွှေဒင်္ဂါးပေါ်မှာတော့ အဲဒီအချိန်က ရောမခေါင်းဆောင် Servilius Caepio ပုံကို ရိုက်နှိပ်ထားပါတယ်။ ဒီဒင်္ဂါးကို ၂၀၂၀ ခုနှစ်အောက်တိုဘာလက ယူကေ လေလံကုမ္ပဏီ Roma Numismatics က တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၂ သန်း နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။