Knowledge and News

လက်ဦးဆရာ

Thinking

နေ့လယ် ကျောင်းဆင်းချိန်ဖြစ်သဖြင့် ကျောင်းသားများသည် အရိပ်ကောင်းသော ကျောင်းရှေ့ ကုက္ကိုပင်ကြီးအောက်တွင် ရှိနေ ကြသည်။ ကြီးကြီးငယ်ငယ် အရွယ်ရွယ်သော ကလေးတို့သည် ချွေးတလုံးလုံး ဖုန်အလိပ်လိပ် တက်အောင် ပြေးလွှားကစားနေ၏။

ရန်စိုးသည် အတန်းထဲရှိ စာရေးခုံကို သူ့မှာပါသည့် မောင်းချဓားဖြင့် လှီး၍နေသည်။ သို့သော် ထိုခုံသည် ရန်စိုး၏ စာရေးခုံမဟုတ်။ ရန်စိုး၏ဘေးတွင်နေသော အောင်ထွန်း၏ စာရေးခုံဖြစ်သည်။

”ကိုရန်စိုး မလုပ်ပါနဲ့ဗျာ၊ ဆရာတွေ့ရင် ကျွန်တော် လှီးတယ်ထင်ပြီး ရိုက်လိမ့်မယ်”ဟု အောင်ထွန်းက ရန်စိုးကို တောင်းပန်သည်။ ရန်စိုးက အောင်ထွန်းကို တစ်ချက်လှည့်ကြည့် သည်။ အောင်ထွန်းဘာမျှ ထပ်မပြောရဲတော့ ပါ။ ရန်စိုး စာရေးခုံကို ဆက်၍လှီးနေသည်။ ရန်စိုး ဓားဖြင့်လှီးနေသည်ကို ကျွန်တော်အပါ အဝင် အတန်းထဲရှိ ကျောင်းသားအချို့ မြင်ပါ သည်။

”မင်းတို့ကောင်တွေ ဒီစာရေးခုံကို ငါလှီး တယ်လို့ ပြောရဲတဲ့ကောင် ပြောကြည့်စမ်း။ပြောတဲ့ကောင် ဒီဓားကိုကြည့်ထား သေမယ် မှတ်”။ ရန်စိုးက သူ့လက်ထဲရှိဓားကိုပြ၍ ကျွန်တော်တို့ကို ခြိမ်းခြောက်လိုက်သည်။ ကျွန်တော်တို့ ဘာမျှမပြောရဲပါ။ ရန်စိုးသည် ကျွန်တော်တို့အတန်းထဲတွင် အသက်အကြီး ဆုံး၊ လူကောင်အကြီးဆုံးဖြစ်သည်။ ငါးတန်း နှင့် ခြောက်တန်းတွင် တစ်နှစ်စီကျခဲ့သဖြင့် ယခုခုနစ်တန်းတွင် သူသည် အကြီးဆုံး၊ ဗိုလ်အကျဆုံး ဖြစ်နေသည်။

သူ့ကိုကျွန်တော်တို့အားလုံး ကြောက်ရ သည်။ သူကစိတ်မထင်လျှင် ထိုးကြိတ်အနိုင် ကျင့်တတ်သည်။ သူနှင့်ဘယ်သူမျှ ရန်မဖြစ်ရဲ ပါ။ သူသည်ကျောင်းအုပ်ကြီးရုံးခန်းသို့ ခဏ ခဏရောက်၏။ ခဏခဏ အရိုက်ခံရဖူးသဖြင့် သူ့အတွက် အရိုက်ခံရသည်မှာ မဆန်းတော့ ပေ။ အရိုက်ခံရခြင်းကို မရှက်တော့ပေ။ နေ့လယ် ကျောင်းပြန်တက်ချိန်တွင် ဆရာ အတန်းထဲသို့ ဝင်လာ၏။ ကျွန်တော်တို့အားလုံး ဆရာကို နှုတ်ဆက်လိုက်ကြသည်။ စာသင်ရန် ဆရာ ကျောက်သင်ပုန်းရှေ့တွင် မတ်တတ်ရပ် လိုက်သည်။ အောင်ထွန်း၏စာသင်ခုံတွင် ဓားဖြင့် လှီးထားသောအရာကြီးကို ဆရာမြင် သွားသည်။

”ဟာ ဒီခုံမှာ ဓားနှင့် လှီးထားတဲ့ အရာ ကြီးပါလား” ဆရာပြသည့် ခုံသို့ ကျောင်းသား အားလုံးကြည့်လိုက်ကြသည်။ ”မနက်က ဒီခုံ အကောင်းကြီး။ ဒီနေ့နေ့ခင်းကမှ လှီးထား တာဖြစ်မယ်၊ ဘယ်သူလှီးတာလဲ” တစ်တန်းလုံး တုတ်တုတ်မျှမလှုပ်။ အကုန်လုံး ငြိမ်နေကြ သည်။

”ဘယ်သူလှီးတာလဲကွ”

ဆရာ့အသံ ပိုပြီးတင်းမာလာသည်။ ဆရာဒေါသဖြစ်နေပြီ။

”ကဲ လုပ်တဲ့လူက မပြောလည်း မြင်တဲ့ သူမြင်မှာပဲ ပြောကြ ဘယ်သူလုပ်တာလဲ။” ကျွန်တော်တို့ တစ်တန်းလုံး ဆရာ့ကိုပင် မကြည့်ရဲကြချေ။ ခေါင်းငုံ့နေကြသည်။ ဆရာ သည် တစ်တန်းလုံးကိုဝေ့ပြီး လိုက်ကြည့်နေ သည်။

”သြော် မင်းတို့က မပြောဘူးပေါ့။ တစ်တန်းလုံးညှိခံမယ်ဆိုတဲ့ သဘောလား” ဆရာ တစ်ယောက်ချင်းစီကို သေချာလိုက် ကြည့်နေသည်။ ဘယ်သူမျှ တုတ်တုတ်ပင် မလှုပ်။ ဆရာ့ကို မော့ပင်မကြည့်ရဲကြပါ။ အောင်ထွန်းတစ်ယောက် ခေါင်းကိုအောက်သို့ ငုံ့ထားသည်။ အောင်ထွန်း နေရာသို့ရောက် သောအခါ ဆရာ့အကြည့်က ပို၍ကြာလေ သည်။ အောင်ထွန်းတစ်ယောက် ခေါင်းကိုသာ တွင်တွင်ငုံ့ထားသည်။

”ဟိုကောင် ထစမ်း”

ကျွန်တော်ရင်ထဲ စိုးရိမ်သွားမိသည်။အပြစ်မရှိသော အောင်ထွန်းကိုဆရာထင် နေသည်။ အောင်ထွန်းတစ်ယောက် ကြောက် ကြောက်လန့်လန့်နှင့် မတ်တတ်ရပ်လိုက်သည်။သူ့တစ်ကိုယ်လုံးတုန်နေသည်ကို ကျွန်တော် တွေ့ရသည်။ အောင်ထွန်းကို ကျွန်တော် သနားမိသည်။ ရန်စိုးကိုတော့ ကျွန်တော် မကျေနပ်ဖြစ်မိသည်။

”ကျွန် ကျွန် ကျွန်တော် မလုပ်ပါဘူး ဆရာ”

အောင်ထွန်းအသံက ငိုသံပါနေသည်။

”မင်း ငါ့ကိုညာလို့မရဘူးဆိုတာ မင်းမသိ ဘူးလား အောင်ထွန်း။ မင်းလုပ်ရင် လုပ်တယ် လို့ဝန်ခံလိုက်စမ်း”

ဆရာ့အသံက တစ်တန်းလုံးကိုဖုံးလွှမ်းနေ သည်။

”ကျွန် ကျွန်တော် မလုပ်ပါဘူးဆရာ”

”ဒါဖြင့် ဘယ်သူ လုပ်တာလဲပြော”

အောင်ထွန်း ခေါင်းကိုသာငုံ့ထားသည်။တစ်လုံးမျှပြန်မပြော။ ကျွန်တော်အောင်ထွန်း ကို အမှန်အတိုင်း ပြောလိုက်စေချင်သည်။ သို့သော် အောင်ထွန်းမှာ စကားတစ်လုံးမျှ ထွက်မလာပါ။

”စာရေးခုံက မင်းရဲ့စာရေးခုံကွ။ မပြော နိုင်ရင် မင်း လှီးတာ သေချာနေပြီ။”

”မဟုတ်ပါဘူး ဆရာ ကျွန်တော် မလှီးပါ ဘူး”

”ကဲ ကျောင်းသားတစ်ယောက် ရုံးခန်းက ကြိမ်လုံးယူခဲ့”

ရှေ့မှကျောင်းသားတစ်ယောက် ထွက် သွားပါသည်။ ဆရာက ကျွန်တော်တို့ တစ်တန်းလုံးကို လှမ်းကြည့်လိုက်ပြန်သည်။အားလုံးငြိမ်နေကြသည်။ အောင်ထွန်း တစ်ယောက်မတ်တတ်ရပ်နေသည်။ အောင်ထွန်း ကို ကြည့်၍ ကျွန်တော်ရန်စိုးကို ဒေါသထွက် မိသည်။ သို့သော် ရန်စိုး ရန်လုပ်မှာကြောက်ရ ၍ ဘာမျှမတတ်နိုင်။ ကြိမ်လုံးသွားယူသော ကျောင်းသားပြန်ရောက်လာပြီး ဆရာ့လက်ထဲ သို့ ကြိမ်လုံးကိုပေးလိုက်သည်။

”အောင်ထွန်း ရှေ့ကိုထွက်ခဲ့စမ်း”

”ကျွန် ကျွန်တော် မလုပ်ပါဘူး”

”မင်းမလုပ်ရင် မင်းခုံကို ဘယ်သူကလုပ် မှာလဲ”

”ရှေ့ထွက်ခဲ့”

အောင်ထွန်း ကြောက်ကြောက်နှင့် အတန်းရှေ့ကို ထွက်သွားသည်။ အောင်ထွန်း ကိုကြည့်၍ ကျွန်တော် စိတ်မကောင်းဖြစ်မိ သည်။ အပြစ်မရှိသည့် အောင်ထွန်း ရန်စိုး ကြောင့်အရိုက်ခံရတော့မည်။ အမှန်ကိုထုတ် ပြောချင်သော်လည်း ရန်စိုး၏ရန်ကို ကြောက် နေရသေးသည်။ ရန်စိုးကိုရင်ဆိုင်ပြီး ပြောသင့် မပြောသင့်ဝေခွဲမရဖြစ်နေသည်။

”ကဲ ကြာတယ် လက်ပိုက်ကွာ”

အောင်ထွန်းကို ဆရာရိုက်တော့မည်။ကြိမ်လုံးကြီးမှာ အောင်ထွန်းနှင့်ပင် မလိုက် အောင် ကြီးနေသည်။ ထိုကြိမ်းလုံးကြီးဖြင့် အရိုက်ခံရလျှင် အောင်ထွန်း မချိမဆံ့အောင် နာမည်။ အောင်ထွန်းအမှန်ကို ထုတ်ပြောစေ ချင်သည်။ သို့သော် ဘာသံမျှထွက်မလာ။ ဆရာ လက်ထဲမှ ကြိမ်လုံးကိုလွှဲ၍ မြှောက်လိုက်သည်။ ကျွန်တော် ရုတ်တရက် ထရပ်လိုက်သည်။ ရန်စိုးစိတ်ဆိုးချင်ဆိုးပါစေ။ ရန်လုပ်လည်း လုပ်ပါစေ။ အမှန်ကို သိလျက်နှင့် အောင်ထွန်းအရိုက်ခံရမှာကို ကြည့်မနေနိုင် ဘူး။ သို့ရာတွင် မတ်တတ်ရပ်လိုက်သည်မှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါ။ ကျွန်တော့်နောက်ခုံမှ တစ်ယောက်ထရပ် လိုက်သည်ကို ကျွန်တော်သိလိုက်သည်။

”အောင်ထွန်းလှီးတာ မဟုတ်ပါဘူးဆရာ”

ကျွန်တော်အချိန်မီ ပြောနိုင်၍သာ ဆရာ့ ကြိမ်လုံးဘေးမှ အောင်ထွန်းသီသီလေး လွတ် သွားခဲ့သည်။

”ကျွန်တော်လှီးတာပါ ဆရာ”

ကျွန်တော် နောက်သို့လှည့်ကြည့် လိုက်သောအခါ ရန်စိုး ကိုယ်တိုင်ထ၍ ဝန်ခံ နေသောကြောင့် အံ့သြသွားမိသည်။ဆရာက ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ပြီး ကျေနပ် စွာပြုံး၍ သူ့လက်ထဲမှတုတ်ကို ချလိုက်သည်။

”ကဲ အောင်ထွန်း သွားထိုင်တော့”

အောင်ထွန်းတစ်ယောက် မျက်ရည်များ ကို လက်ဖြင့်သုတ်ပစ်ပြီး သူ့နေရာသို့ပြန်ထိုင် သည်။ ကျွန်တော်တို့နှစ်ယောက်လည်း ပြန် ထိုင်လိုက်သည်။ ဆရာ့မျက်နှာတွင် စောစော ကမြင်ရသော ဒေါသများမရှိတော့ပါ။

”အောင်ထွန်း မလုပ်ဘူးဆိုတာ ဆရာ သိပါတယ်”

”ဒါပေမယ့် လုပ်တဲ့သူ့ကို အောင်ထွန်း သိလိမ့်မယ်လို့ ဆရာထင်တယ်။ အောင်ထွန်း ကို ရိုက်မယ်လုပ်တာက အောင်ထွန်းကိုယ်တိုင် ဖော်လိမ့်မယ်ထင်လို့၊ အောင်ထွန်းမဖော် ရဲလည်း မင်းတို့ထဲက မဟုတ်မခံ မှန်ရာပြော ရဲတဲ့ သတ္တိရှိတဲ့တစ်ယောက် ပြောလိမ့်မယ်လို့ ဆရာထင်တယ်။”

”အခု ဆရာထင်တဲ့အတိုင်း မောင်ဝေဖြိုး က သတ္တိရှိရှိနဲ့ အမှန်ကိုထပြောတယ်။ မဟုတ် မခံ အမှန်ကိုလုပ်ရဲတဲ့သတ္တိဆိုတာ ဒါမျိုးပေါ့”

”ကဲ မောင်ရန်စိုး ဒီခုံကို မင်းလုပ်တာ ဟုတ်လား”

”ဟုတ်ပါတယ်”

”အေး ဟုတ်ပြီ။ ကျောင်းက ပစ္စည်းကို ဖျက်ဆီးတာ မကောင်းဘူး။ ဒါပေမယ့် ကိုယ့် အပြစ်ကို ဝန်ခံရဲတာက ကောင်းတယ်။ ကိုယ့် အတွက်နဲ့ သူများနစ်နာမှာကိုစိုးတာက ပိုကောင်းတဲ့စိတ်ပဲ။ ဆရာချီးကျူးပါတယ်။”

”ဆရာလည်း မောင်ရန်စိုး ဒီအတန်းကို ရောက်ကတည်းက မောင်ရန်စိုးကို သတိထား မိတယ်။ မောင်ရန်စိုးက စာမကြိုးစားဘူး။ ဆိုးဆိုးပေပေနေတယ်။ ခဏခဏ အတိုင်ခံရ တယ်။ ခဏခဏ အရိုက်ခံရတယ်။ ဒါနဲ့ မောင်ရန်စိုးအကြောင်း ဆရာစုံစမ်းကြည့် တယ်။ ကျောင်းအုပ်ကြီး ပြောပြလို့ ဆရာ သိသင့်သလောက်သိထားတယ်။ မောင်ရန်စိုး မိဘတွေနဲ့တွေ့ဖို့ အစီအစဉ်လည်း ဆရာ့မှာ ရှိတယ်။”

ဆရာ့မျက်နှာလေးနှင့်အသံတို့မှာ ပြုံးလို့၊ ချိုလို့ အလွန်ကျက်သရေရှိလှသည်။

”ရန်စိုး မင်းဆီမှာရှိတဲ့ဓား ဆရာ့ဆီယူ လာခဲ့”

”ဟုတ် ဆရာ”

ရန်စိုးသည် သူ၏မောင်းချဓားကိုယူ၍ ဆရာ့ဆီသို့ပေးလိုက်သည်။

”လူကိုအန္တရာယ်ပေးတတ်တဲ့ လက်နက် တွေကို အမြဲကိုင်ဆောင်တတ်တဲ့ အကျင့်ဟာ မကောင်းဘူး။ ဦးချိုရှိတဲ့ သတ္တဝါဟာ သူ့မှာ ရှိတဲ့ ဦးချိုအားကိုနဲ့ အခြားသော သတ္တဝါတွေ ကို အန္တရာယ်ပြုချင်၊ ရန်လုပ်ချင်ကြတယ်။ အဲဒီလိုပဲ။ လူတွေဟာလည်း သူ့တို့လက်ထဲမှာ လက်နက်တွေရှိနေပြီဆိုရင် သတ်ချင်ဖြတ်ချင် တဲ့ စိတ်ရိုင်းတွေ ဝင်လာတတ်ကြတယ်။ ဒါကြောင့် လက်နက်ဆိုတဲ့အရာဟာ ကိုယ်မှာ ဆောင်မထားသင့်တဲ့အရာပဲ။ မပြောပလောက် တဲ့အကျင့်လေးတစ်ခုသေးငယ်တဲ့အကျင့်လေး တစ်ခုကနေ ဝါသနာဖြစ်လာတယ်။”

ကျွန်တော်တို့တစ်တန်းလုံး ငြိမ်သက်နေ ကြပြီး ဆရာ့အသံကိုသာ နားစွင့်နေကြသည်။ တစ်ခါက ကမ္ဘာကျော်လူဆိုးကြီး တစ်ယောက် ရဲ့ ငယ်ဘဝကိုလေ့လာကြည့်တော့ သူ့မိဘ တွေဟာ တစ်ယောက်နှင့်တစ်ယောက် မလို မုန်းထားပြီး အမြဲရန်လိုနေတတ်တယ်။ ဒါကြောင့် ဒီလူဆိုးကြီးဟာ ငယ်စဉ်ကတည်းက တိရစ္ဆာန်ငယ်လေးတွေကိုဖမ်းပြီး ညှဉ်းဆဲလေ့ ရှိတယ်။ မိဘတွေရဲ့ ကြမ်းတမ်းတဲ့စရိုက်က သူ့ရဲ့မသိစိတ်မှာ ခိုဝင်ပြီး သူ့ကိုလူဆိုးကြီး ဖြစ်စေခဲ့တယ်။ မိဘတွေရဲ့လွဲမှားတဲ့ အကျင့် စရိုက်ဗီဇတွေဟာ မိသားစုဝင်တွေကိုလွှမ်းမိုး စေတယ်၊ အတုယူပြုမူစေတယ်။ မိဘဟာ သားသမီးတွေရဲ့ လက်ဦးဆရာပဲ။ လက်ဦး ဆရာဖြစ်တဲ့မိဘတွေ လွဲမှားနေလျှင် သားသမီး တွေကိုထိခိုက်စေတယ်။ သွန်သင်ဆုံးမမှု မရှိလျှင်လည်း သားသမီးတွေ ဘဝလုံးပါးပါး တတ်တယ်။ ကလေးဟာ လူကြီးရဲ့ဖခင်ဖြစ် တယ်။

အဲဒီဆိုရိုးလေးအတိုင်းပဲ။ သားသမီးတွေ ဟာ နောင်တစ်ချိန်ရဲ့ ဖခင်လောင်းတွေဖြစ်ကြ တယ်။ မကောင်းတဲ့ဗီဇတွေလွှမ်းမိုးခံခဲ့ရတဲ့ ကလေးဟာ ဖခင်တစ်ယောက်ဖြစ်လာရင် သူ့မိသားစုမျိုးရိုးဗီဇတစ်ခုလုံးကိုပါ ပျက်စီးသွား စေနိုင်တယ်။

ဆရာပြောသည်များကို တစ်တန်းလုံး စိတ်ဝင်တစားနေထောင်နေကြသည်။

ရန်စိုးနှင့်ကျွန်တော်သည် နှစ်အိမ်ကျော် အိမ်နီးချင်းများ ဖြစ်သည်။ ရန်စိုး၏ မိသားစု အခြေအနေကို ကျွန်တော် သိထားသည်။ထို့ကြောင့် ဆရာပြောသော လက်ဦးဆရာ အခရာကျပုံကို ကျွန်တော်ကောင်းစွာ နားလည် လိုက်ပါသည်။

မင်းခန့်ဌေး(ညောင်ကျိုး)