Knowledge and News

ကမ္ဘာ့အကြီးဆုံးမိုးလုံလေလုံသမုဒ္ဒရာက ဘယ်မှာရှိလဲ

Knowledge, Sciences & technology

အမေရိကန်ရေတပ်ရဲ့ စမ်းသပ်မှုတွေပြုလုပ်ဖို့အတွက် မိုးလုံလေလုံသမုဒ္ဒရာအတုကို Maryland ပြည်နယ်မှာရှိတဲ့ Naval Surface Warfare Center (NSWC) မှာတည်ဆောက်ထားပါတယ်။ (၁၉၆၂) ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီးတော့ (၂၀၁၃) ခုနှစ်မှာတော့ ပြန်လည်မွမ်းမံတည်ဆောက်ထားတာပဲဖြစ်ပါတယ်။အကျယ် (၂၄၀) ပေ၊ အရှည် (၃၆၀) ပေနှင့် ရေအနက်ကတော့ ပေ ၂၀ မှ ၃၅ ပေရှိပြီးတော့ ရေဂါလံပေါင်း ၁၂မီလီယံကို သိုလှောင်ထားနိုင်ပါတယ်။

ဒါဟာ အမေရိကန်ရေတပ်ရဲ့ စမ်းသပ်မှုတွေပြုလုပ်ဖို့တည်ဆောက်ထားတဲ့ အလွန်ကြီးမားတဲ့ မိုးလုံလေလုံ သမုဒ္ဒရာအတုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒါပေမယ့် ဒီသမုဒ္ဒရာအတုကတော့ အလွန်အဆင့်မြင့်တဲ့ စမ်းသပ်မှုတွေကိုပြုလုပ်နိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

 

သမုဒ္ဒရာမှာရိုက်ခတ်နေတဲ့လှိုင်းအတုတွေကို ဖန်တီးဖို့အတွက်တော့ ကန်ထဲမှာသိုလှောင်ထားတဲ့ ရေဂါလံ ၁၂ သန်းကို ကန်ရဲ့ အစွန်းတစ်ဖက်မှာ စီတန်းပြီး တည်ဆောက်ထားတဲ့ လျှပ်စစ်လှိုင်းဘုတ် ၂၁၆ ခုကနေပြီးတော့ တွန်းပို့ပေးခြင်းဖြင့် သမုဒ္ဒရာထဲမှာရိုက်ခတ်နေတဲ့ ရေလှိုင်းပုံသဏ္ဍာန်တွေကို ဖန်တီးပေးပါတယ်။နောက်ပြီး ရေလှိုင်းတွေကို အခြေအနေပေါ်လိုက်ပြီးတော့ ရေလှိုင်းရဲ့ပုံသဏ္ဍာန်တွေကိုလည်း ပြောင်းလဲနိုင်အောင် ပြုလုပ်ထားပါတယ်။

ဥပမာ- ကမ်းခြေနဲ့နီးတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်၊ ကမ်းခြေနဲ့ဝေးတဲ့နေရာမှာရှိနေတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်၊ နောက်ပြီးတော့ မုန်တိုင်းကျရောက်နေချိန်မှာဖြစ်နေတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်တွေဟာ မတူညီနိုင်ပါဘူး။ဒီ သမုဒ္ဒရာအတုထဲမှာတော့ အဲ့လို မတူညီတဲ့ ရေလှိုင်းအမျိုးများ အားလုံးကိုဖန်တီးနိုင်အောင် ပြုလုပ်ထားပါတယ်။သာမာန်အားဖြင့် ရေလှိုင်းအတုဖန်တီးတာဟာ အထူးအဆန်းမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမယ့်ထူးဆန်းတာက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ပင်လယ်ပြင်တွေရဲ့ ရေလှိုင်းတွေကို အတိုင်းအတာတစ်ခုထိဖန်တီးနိုင်တယ်လို့ဆိုထားပါတယ်။

ဆိုလိုတာက အလွန်ကြမ်းတမ်းတဲ့ လှိုင်းလုံးတွေတင်မကဘဲ မြောက်အတ္တလန္တိတ်မှာရှိနေတဲ့ ရေလှိုင်းတွေလား၊ တောင်ပစိဖိတ်မှာရှိနေတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်တွေလား စသဖြင့် နေရာဒေသ အခြေအနေတွေပေါ်မူတည်ပြီး ဖြစ်ပေါ်နေတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်ကို ဖန်းတီးနိုင်ပါတယ်။

ဒါကြောင့် အမေရိကန်ရေတပ်မှာရှိတဲ့ သုတေသီတွေဟာ ဒီသမုဒ္ဒရာအတုကို အသုံးပြုပြီးတော့ ရေတပ်မှာ လက်ရှိအသုံးပြုနေတဲ့ ရေယာဥ်တွေနဲ့ အနာဂတ်မှာတီထွင်ဆန်းသပ်မယ့် ရေယာဥ်တွေအတွက် တိကျပြီး အမှားအယွင်းကင်းတဲ့ စမ်းသပ်မှုတွေကိုပြုလုပ်နိုင်မှာလဲ ဖြစ်ပါတယ်။

ဒီလိုစမ်းသပ်မှုတွေဟာ အသစ်တည်ဆောက်မယ့် ရေယာဥ်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိနိုင်မှာဖြစ်ပြီးတော့ အနာဂတ်မှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ တိုက်ခိုက်ရေး သင်္ဘောတွေကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

Credit: https://hotnewmyanmar.com