Knowledge and News

အမျိုးသားအောင်ပွဲနေ့

History

တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့သည်ကား မြန်မာ တစ်မျိုးသားလုံး၏ ဇာတိသွေး၊ ဇာတိမာန် နိုးကြား ထက်သန်စေသော နေ့တစ်နေ့ ဖြစ်သည်။ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် မိမိတို့တိုင်းပြည်နိုင်ငံ ကျွန်သပေါက်ဘဝမှ မလွတ်ကင်းသေးစေကာမူ ဦးစွာပထမ နှောင်အိမ်နှင့်တူသော ယူနီဗာစီတီအက်ဥပဒေဟူသည့် အစွန်းရန်ကို တွန်းလှန် ဖြိုဖျက်ရာတွင် အောင်မြင်ခြင်း၊ လွတ်လပ်ခြင်း၊ အချုပ်အချယ်ကင်းခြင်းကိုဖြစ်စေသောနေ့သစ်အား ”အမျိုးသားအောင်ပွဲနေ့”ဟု တညီတညွတ်တည်း သတ်မှတ်ခဲ့ကြသည်။

လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ကြကုန်သော နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် လွတ်လပ်ရေးရရှိရေးအတွက်လည်းကောင်း၊ နိုင်ငံ၏အောင်မြင်မှု မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခြင်းအတွက်လည်းကောင်း၊ တစ်တိုင်းပြည်လုံး၊ ပြည်သူ လူထုတစ်ရပ်လုံးနှင့်သက်ဆိုင်သော အောင်မြင်မှုရရှိသည့် နေ့တစ်နေ့ကို လည်းကောင်း ”အမျိုးသားအောင်ပွဲနေ့” ဟု ရွေးချယ်သတ်မှတ်ကြသည်။ ကနဦးအောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်သောနေ့တစ်နေ့သည် တစ်မျိုးသားလုံး၏ အောင်ပွဲပင်ဖြစ်သည်။ ထိုနေ့မှစ၍ တစ်မျိုးသားလုံး၏ နှလုံးသည်းပွတ်တွင် ဇာတိသွေး၊ ဇာတိမာန်တို့ စတင်ကိန်းအောင်းနိုးကြားတက်ကြွစေခဲ့သည်။

ပမာဆောင်သော် ပြင်သစ်နိုင်ငံတွင် ပြည်သူများအား မတရားအကျဉ်းချ ခဲ့သည် ပဲရစ်မြို့ရှိ ဘတ်စတီးလ်ခံတပ်ထောင်ကြီးကို ဖြိုဖျက်နိုင်သော ၁၈၇၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့သည် ပြင်သစ်ပြည်သူလူထုတစ်ရပ်လုံး၏ လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်း သမိုင်းမှတ်တိုင်ကို စတင်စိုက်ထူနိုင်သော နေ့ဖြစ်သည်။ ခံတပ်ထောင်ကြီးကို ဖြိုဖျက်လိုက်နိုင်ခြင်းသည် ပြင်သစ်ရာဇဝင် တွင် လွတ်လပ်ရေးအောင်ပန်းကို နိဒါန်းအစ ပထမကနဦးဆွတ်ခူးဆင်မြန်း ရသောနေ့တစ်နေ့ဖြစ်ရကား ထိုဇူလိုင်လ ၁၄ ရက်နေ့ကို လွတ်လပ်ပျော်ရွှင်ဖွယ် ကောင်းသည့် အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ်ခဲ့ကြသည်။

စင်စစ်ကား ဘတ်စတီးလ်အကျဉ်းထောင်ကြီးကို ဖြိုဖျက်နိုင်ရုံမျှဖြင့် ပြင်သစ် လူမျိုးတို့မှာ ဘေးဆိုးဒုက္ခအပေါင်းမှ လုံးဝလွတ်မြောက်သွားသည် မဟုတ်ချေ။ ထိုအောင်မြင်မှုမှာ ပြစ်သစ်လူမျိုးတို့အပေါ် မတရားအနိုင်ကျင့်မှုတို့မှ အမြစ် မကျန် တွန်းလှန်ဖြိုဖျက်ရန် ရဲစိတ်ရဲမာန်တို့ အောင်လံသဖွယ် တလူလူအညွန့် တက်ပြီး တံခွန်ထူနိုင်သည့် နေ့ထူးနေ့မြတ်ဖြစ်၍ တစ်မျိုးသားလုံးအတွက် အောင်ပန်းဆင်နိုင်သော ”အမျိုးသားအောင်ပွဲနေ့”ဟူ၍ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်၌လည်း ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဖက်ဆစ်တို့ကို အပြီးတိုင်တော်လှန်ဖယ်ရှားနိုင်သော ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၃ ရက် နေ့ကို ”အမျိုးသားအောင်ပွဲနေ့” အဖြစ် သတ်မှတ်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို စတင်တည်ထောင်သည့် အောက်တိုဘာလ ၁ ရက်နေ့ကို ”အမျိုးသားနေ့” ဟူ၍ အသိအမှတ်ပြုခဲ့ကြသည်။ အလားတူ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ စသည့် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင်လည်း သူ့နည်းသူ့ဟန် သူ့နိုင်ငံ၏ နိုင်ငံရေးအနေအထားအရ အမျိုးသားအောင်ပွဲနေ့ကို ရွေးချယ် သတ်မှတ်ကြသည်။

တစ်မျိုးသားလုံး၏အကျိုးကို စတင်ဖော်ဆောင်ပေးခြင်း၊ ဇာတိသွေး၊ ဇာတိမာန် ထက်သန်တက်ကြွသည့်အလျောက် နောက်ဆုံးတွင် မိမိတို့အလိုရှိရာ အောင်ပန်းကို ဆွတ်ချူတက်လှမ်းနိုင်သည့် ကနဦးခြေလှမ်း စတင်တက်လှမ်း နိုင်သည့်နေ့၊ ပြည်သူတစ်ရပ်လုံးအောင်ပွဲခံသည့်နေ့ကို ”အမျိုးသားအောင်ပွဲနေ့”ဟု သတ်မှတ်လေ့ရှိကြသည်။

မြန်မာနိုင်ငံအနေဖြင့်မူ မြန်မာလူမျိုးများသည် ရှေးပဝေသဏီကာလ ကတည်းက ဇာတိပုညဂုဏ်မာနနှင့် ဇာတိသွေး၊ ဇာတိမာန် ပြင်းပြထက်သန်သူ များဖြစ်ကြသည်။ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့် ကိုယ့်တိုင်းရင်းသားများ အတူတကွအေးချမ်းပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ ရှေးရှေးကာလက တိုင်းတစ်ပါးမှ ကျူးကျော်မှုအချို့ရှိခဲ့သော်လည်း လက်တွဲ ညီညာ၊ ရဲရင့်ပြောင်မြောက်စွာဖြင့် တစ်ခဏချင်း ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည်။ သို့ရာတွင် ပရိယာယ်ကြွယ်ပြီး အလိုရမက်ကြီးသည့် နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာ နိုင်ငံအား စတင်ဝင်ရောက်ကျူးကျော်ခဲ့သည့် ၁၈၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် မြန်မာ တို့နှင့် စစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည်။ မြန်မာတို့က နယ်ချဲ့တို့ကို ခုခံတွန်းလှန် သော်လည်း အားမတန်၍ အညံ့ခံအလျှော့ပေးခဲ့ရသည်။ တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။

သို့သော် မြန်မာလူမျိုးများသည် လှေခွက်ချည်းကျန် အလံမလှဲစတမ်း စိတ်ဓာတ်ဖြင့် အညံ့မခံ၊ အရှုံးမပေးဘဲ နယ်ချဲ့အင်္ဂလိပ်တို့ကို ဆယ်နှစ်ဆယ်မိုး တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ ဤသည်မှာ နိုင်ငံနှင့်လူမျိုးကိုချစ်သည့် ထက်သန်သောဇာတိသွေး၊ ဇာတိမာန်ကို ပြသခဲ့ကြခြင်းဖြစ်သည်။ မြန်မာလူမျိုး များသည် ရှေးဦးကာလကတည်းက ဇာတိသွေး၊ ဇာတိမာန် ထက်သန်မှု ရှိသလောက် နိုင်ငံရေးဘက်တွင် သဘောပေါက်နားလည်ခွင့် မရရှိခဲ့ကြသော ကြောင့် နယ်ချဲ့တို့ကို အရှုံးပေးခဲ့ရသည်ဟု ယူဆရဖွယ်ရှိသည်။ ရှေးက ကမ္ဘာ နှင့်ဆက်ဆံမှုဝေးကွာသဖြင့် နိုင်ငံရေးအလုပ်ဆိုသည်မှာ မင်းစိုးရာဇာတို့၏ အလုပ်ဟုသာ ရိုးသားစွာ နားလည်ယူဆခဲ့ကြသည်။ အမှန်တကယ်တွင် နိုင်ငံ တစ်နိုင်ငံကို ချစ်ခင်မြတ်နိုးကာကွယ်စောင့်ရှောက်ရာတွင် ထက်သန်သော ဇာတိမာန်၊ ရဲဝံ့သောသတ္တိ၊ မြော်တွေးနိုင်သည့် နိုင်ငံရေးအမြင်များပါ ရှိဖို့ လိုပေသည်။

မျိုးချစ်စိတ်ဓာတ်ကို နိုးကြားစေသော နိုင်ငံရေးအတွေးအခေါ်များမှာ နယ်ချဲ့ဆန့်ကျင်ရေးကာလများမှသာ ပေါ်ပေါက်လာခြင်းမဟုတ်ချေ။ ရတနာ ပုံခေတ် ရာဇဓမ္မသင်္ဂဟဆရာ ယောအတွင်းဝန် ဦးဘိုးလှိုင်နှင့် အပေါင်းအပါ တစ်စု၏ အယူအဆသစ်ကိုအကြောင်းပြု၍ နိုင်ငံရေးဟူသည် တိုင်းသူပြည်သား များ၏ မသွေအမှန်လုပ်ဆောင်ရန် ကိစ္စပါတကားဟု ပါတော်မူကာလနီးခါမှ ရတနာပုံနေပြည်တော်သားတို့ ရိပ်စားမိလာခဲ့ကြသည်။ သို့သော် ထိုမျိုးစေ့လေး သည် အညှောင့်မပေါက်မီကပင် လျှောမွေးဘဝသို့ ကျရောက် ဆိတ်သုဉ်းသွား ရသည်။ နိုင်ငံရေးမျိုးစေ့ အပင်မပေါက်မီကပင် ထီးနန်းပါပျောက်သည့် အဖြစ်ဆိုးနှင့် ကြုံလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် မျိုးချစ် စိတ်ဓာတ်ဖြင့် ဆယ်နှစ်တိုင်တိုင် အသက်ပေး၍ ခုခံတွန်းလှန်ခဲ့ကြပြီးနောက် ဆက်လက် အန်တုနိုင်ရန် အစွမ်းမရှိတော့သဖြင့် လက်လျှော့ခဲ့ရသည်။ နယ်ချဲ့ ဆန့်ကျင်ရေးဆယ်နှစ်တာကာလအပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလအထိ မြန်မာအမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်မှာ နိမ့်တုံ၊ မြင့်တုံဖြစ်ခဲ့သည်။ အယုံ လွယ်ခြင်း၊ သည်းခံတတ်ခြင်း၊ တင်းတိမ်ရောင့်ရဲတတ်ခြင်း၊ အခွင့်အရေးမက်မော ခြင်း စသည့် ပင်ကိုစရိုက်လက္ခဏာများကြောင့် မြန်မာတို့၏ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်တို့သည် မြုပ်ချည်တစ်ခါ၊ ပေါ်ချည်တစ်လှည့်၊ မှိန်ချည် တစ်ခါ၊ လင်းချည်တစ်လှည့် ဖြစ်ခဲ့သည်။

သို့သော် ဇာတိသွေး၊ ဇာတိမာန်တို့သည် အပြီးတိုင်ကွယ်ပျောက်မသွား၊ ပွဲပြီးမီးသေမဟုတ်၊ ညွန်တွင်နစ်သည့် ပတ္တမြားအသွင်၊ တိမ်ဖုံးသည့် လပမာသို့ ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်သို့ အပြီးတိုင်ကျရောက်လုစဉ် အချိန်အခါက မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်တို့ ပြေလျော့ကျခဲ့သည်။ အားမတန်၍ မာန်လျှော့လိုက်ရသည်။ လက်သီးကိုဆုပ်၊ အံကိုကြိတ်၍ ဒူးထောက်အညံ့ခံကြရသည်။ ဤနေ့ ဤရက်သည်ကား ရာဇဝင် တွင်သော ထွန်းပြောင်သည့် မြန်မာရာဇဝင်သမိုင်းကို နင်းချေဖျက်ဆီးခြင်း ခံလိုက်ရသည်။ နှစ်ပေါင်းထောင်ချီ အားမာန်ပြည့်ခဲ့သည့် ဇာတိသွေး၊ ဇာတိ မာန်စိတ်ဓာတ်များ မှေးမှိန်ယုတ်လျော့သွားခဲ့သည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလကုန်တွင် မြန်မာနိုင်ငံအင်္ဂလိပ်ကိုလိုနီ လက်အောက်သို့ အပြီးတိုင်ကျရောက်သွားသည်။ ထို့နောက်ပိုင်းကာလမှစတင်၍ ၁၈၉၅ ခုနှစ်အထိတိုင် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝတွင် မနေလို သော နိုင်ငံတစ်ဝန်းမှ မျိုးချစ်သူရဲကောင်း တိုင်းရင်းသားခေါင်းဆောင် ၁ဝဝ ကျော်တို့က ရရာလူသူ၊ လက်နက်တို့ကိုစွဲကိုင်လျက် နယ်ချဲ့တို့ကို ၁ဝ နှစ်တိုင် တွန်းလှန်တိုက်ခိုက်ခဲ့ကြသော်လည်း လက်လျှော့အရှုံးပေးကြရသည်။ ထိုအချိန် ထိုကာလမှစတင်၍ ၁၉၂ဝ ပြည့်နှစ်ကာလအထိ မြန်မာတို့၏ အမျိုးသား အားမာန်များမှာ တိမ်မြုပ်သွားသည်ဟု ဆိုရမည်။ နှစ်ပေါင်း ၂ဝ ကျော် သွေးအေးသွားပြီဟု ဆိုနိုင်သည်။

အမှန်တကယ်တွင် မြန်မာတို့၏ဇာတိမာန်သည် တိမ်မြုပ်ကွယ်ပျောက် သွားခြင်းမဟုတ်။ ငုပ်လျှိုးနေခြင်းသာဖြစ်သည်။ သီပေါမင်းပါတော်မူပြီးနောက် ၁၁ နှစ်ခန့်အကြာ ၁၉ဝ၆ ခုနှစ်တွင် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ တည်း ဟူသောရည်ရွယ်ချက် လေးရပ်ဖြင့် ကောလိပ်ကျောင်းသားလူငယ်တစ်စုက ဝိုင်အမ်ဘီအေ ဟုခေါ်တွင်သည့် ဗုဒ္ဓကလျာဏယုဝအသင်းကို တည်ထောင် ခဲ့သည်။ ထိုအသင်းသည် မြန်မာတို့၏စိတ်ဓာတ်၌ နိုင်ငံရေးကိန်းဝပ်စေရန် အစပျိုးပေးလိုက်ခြင်းပင်ဖြစ်သည်။

ထိုအသင်းမှအစပြု၍ နောင် ၁ဝ နှစ်အကြာတွင် နိုင်ငံအကျိုးကို သယ်ပိုး ဆောင်ရွက်ရန် ဂျီစီဘီအေအသင်းချုပ်ကြီး ပေါ်ထွန်းလာပြန်သည်။ ထို ဝိုင်အမ် ဘီအေ၊ ဂျီစီဘီအေအသင်းတို့သည် မြန်မာပြည် နိုင်ငံရေးအရှိန် ပြင်းထန် လာခြင်းအကြောင်းမဆက်မီ နိုင်ငံရေးသားဦးရတနာဖွားမြင်ရန် ပဋိသန္ဓေ စတင်တည်ခဲ့သော သန္ဓေသားလောင်းများဟု ဆိုရမည်ဖြစ်သည်။

၁၉၂ဝ ပြည့်နှစ်အရောက်တွင်မူ မြန်မာပြည်နိုင်ငံရေးမှာ ပညာရေးမှ စတင်နိုးထလာခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် အမျိုးသားရေးစိတ်ဓာတ်များ၊ ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်များ စတင်ပြန်လည်နိုးကြားသည့် နိုင်ငံရေး သားရတနာများ စတင်မွေးဖွားသောကာလဟုလည်း ဆိုနိုင်သည်။ နိုင်ငံရေးကို ပညာရေးတိုက်ပွဲမှ စတင်လိုက်သည်ဟုလည်း ပြောနိုင်သည်။ အကြောင်းမှာ ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းသည် မြန်မာတို့အတွက် ချုပ်ချယ်မှုများပြီး ကျွန်ပညာဘက်သို့ ပို့ဆောင်ရာရောက်သည်ဟု ယူဆသဖြင့် အတည်မပြုရန် တစ်တိုင်းပြည်လုံး ကန့်ကွက်ကြသည်။ ထိုသို့ကန့်ကွက်သည့်ကြားမှ ပြည်သူ့ ဆန္ဒကိုဆန့်ကျင်ကာ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နယ်ချဲ့ အစိုးရက ဇွတ်အတင်း အတည်ပြုလိုက်သည်။ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်မှ ကျောင်းသားကြီးများက ကျောင်းမရှိက ဥပဒေမတည်နိုင်ဟု ယူဆကာ ဒီဇင်ဘာလ ၅ ရက်နေ့တွင် သပိတ်မှောက်ခြင်းဖြင့် မည်သည့် ပယောဂမျှမပါဘဲ တစ်နိုင်ငံလုံးကူးစက်ပျံ့နှံ့သွားပြီး တစ်ကျောင်းမျှမကျန် ကျောင်းသားအားလုံး သပိတ်မှောက်ကြသည်။

အချုပ်အားဖြင့် ဘာမျှမလိုက်လျောသော အင်္ဂလိပ်အစိုးရ၏ တင်းမာမှုကို ခြွင်းချက်မရှိ သပိတ်မလှန်ဘဲ နိုင်သည့်နည်းဖြင့် တန်ပြန်လိုက်သည့်အတွက် အင်္ဂလိပ်တို့၏ မြန်မာပြည်အုပ်ချုပ်ရေးရာဇဝင်တွင် ဖျက်မရသော အမဲကွက် ကြီးတစ်ကွက် စွန်းထင်းတည်မြဲသွားတော့သည်။ ပြည်သူလူထုကလည်း ငွေအား၊ လူအားဖြင့် ကူညီကြပြီး အမြို့မြို့တွင် အမျိုးသားကျောင်းများ တည်ထောင်လိုက်ကြသည်။ အမျိုးသားပညာရေးစနစ်လည်း ပေါ်လာတော့ သည်။ မကြာမီတွင် အမျိုးသားကောလိပ်ကျောင်း အကောင်အထည်ပေါ်လာ ပြန်သည်။ ထိုအမျိုးသားသပိတ်ကြီးကိုအကြောင်းပြု၍ ပေါ်ပေါက်လာရသော နေရှင်နယ်ဒေးခေါ် အမျိုးသားအောင်ပွဲနေ့သည် မြန်မာနိုင်ငံအတွက် သမိုင်း တွင်သော နေ့ထူးတစ်နေ့ ဖြစ်သည်။

ဤရက်မြတ်သည် မြန်မာပြည်ကြီး၏ လွတ်လပ်ခြင်းလမ်းစကို ညွှန်ပြ သော တံခွန်သဖွယ်၊ အလံသဖွယ် ဖြစ်သည်။ မြန်မာအမျိုးသားတို့ မကွဲမပြား၊ အာမာန်ခဲ၍ လွတ်မြောက်ကြရန် စေ့ဆော်တိုက်တွန်းသော နေ့ထူးနေ့မြတ် ဖြစ်ရကား အမျိုးသားအောင်ပွဲနေ့ဟူ၍ အမည်ပညတ်သတ်မှတ်ခဲ့ခြင်းမှာ လွန်စွာသင့်မြတ်ပေသည်။ ထိုနေ့ထူးနေ့မြတ်ကို မိမိတိုင်းပြည်နိုင်ငံ၏ လွတ်မြောက်ခြင်းကိုအလိုရှိကြကုန်သော အမျိုးသား၊ အမျိုးသမီးမှန်သမျှတို့သည် နှစ်စဉ်မပြတ် အထိမ်းအမှတ်ပွဲသဘင်တို့ဖြင့် နွှဲချီဆင်ယင်ဖို့ရန် ဝတ္တရားရှိကြပေ သည်ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကိုလိုနီခေတ် ၁၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် တိုက်တွန်းပြောကြားခဲ့ပေသည်။

အမျိုးသားအောင်ပွဲနေ့သည် လွတ်လပ်ရေးအောင်ပန်းကို လှမ်းဆွတ်ချူရန် လွတ်လပ်ရေးမရမီကာလ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလများက နှစ်စဉ်မပျက် အောင်ပွဲခံခဲ့သောနေ့ ဖြစ်သည်။ လွတ်လပ်ရေးအတွက် ၂၇ နှစ်တိုင်တိုင် နှစ်စဉ်နှစ်တိုင်း အောင်ပွဲခံခဲ့ကြသည်။ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာ ပွဲလမ်းသဘင်များကို ခြိမ့်ခြိမ့်သဲဆင်နွှဲ၍ မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန် ထက်သန်တက်ကြွပုံကို နယ်ချဲ့တို့အား ထုတ်ဖော်ပြသသည့် မြန်မာတို့၏ အမျိုးသားအောင်ပွဲပင် ဖြစ်ပါသတည်း။ ။

ကိုးကားချက်

– ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောကြားသည့် ၁၅ ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ မိန့်ခွန်း၊

– သမိုင်းဝင်စာချုပ်စာတမ်းများ (မောင်လှမျိုး) ၁၉၆၁ ခုနှစ်ထုတ်၊

– ဆရာဇော်ဂျီ၏ သူတို့ညီနောင်နှင့် ကျွန်တော် ရသစ

မောင်မောင်ကျော်