Knowledge and News

သတ္တိရှိတဲ့ အမျိုးသမီးတွေ အတွက်ပါ

Knowledge, Thinking

တစ်ခါက ရှင်ဘုရင်တစ်ပါးနှင့် သူ၏မိဖုရားကြီးတို့ အတူစံမြန်းနေကြစဉ် လမ်းပေါ်တွင် ပင်ပန်းကြီးစွာ ထင်းထမ်းပြီး လှည့်လည်ရောင်းချနေသော အဖိုးတစ်ယောက်ကို မြင်သည်။
ရှင်ဘုရင်က ကရုဏာသက်လှသည့်ပြင် စိတ်ဝင်စားသောကြောင့် ခေါ်ငင်မေးမြန်းလေသည် ။
ပင်ပန်းလွန်းသောကြောင့် အိုစာလှသည် မှန်သော်လည်း အသက်မှာ ..ရှင်ဘုရင်နှင့် သက်တူဖြစ်ကြောင်း သိလိုက်ရသည် ။
ဆက်လက် မေးမြန်းလိုက်သောအခါ အသက်တူရုံမျှသာမက မွေးနေ့မွေးရက်မှစ၍ အားလုံး တူနေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်မိ၏။
မွေးနေ့ ၊ ခုနှစ် ၊ သက္ကရာဇ်ပါတူနေပါလျက် တစ်ဦးက ရှင်ဘုရင်..တစ်ဦးမှာ ဘာကြောင့် ဤမျှဆင်းရဲနေရသည်ကို အံ့သြမိကြောင်း ရှင်ဘုရင်ကပြောလိုက်သောအခါ ….
မိဖုရားကြီးက အသက်အရွယ် ငယ်သေးသည့် အားလျော်စွာ ဇနီးဖြစ်သူ လိ်မ်လိမ်မာမာမရှိသောကြောင့်ဖြစ်မည်ဟုမဆင်မခြင်ပြောဆိုလိုက်မိသည်။
ထိုအခါရှင်ဘုရင်သည်ပြင်းစွာ အမျက်ထွက် သွားပြီး ဤကဲ့သို့ မင်းစည်းစိမ်ခံစားနေနိုင်ခြင်း သည်ပင်လျှင် မိဖုရားလိမ္မာသောကြောင့်ဟု ယူလိုကယူနိုင်သည့်် စကားဖြစ်နေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် မယားကောင်းကြောင့် လင်ဖြစ်သူက ချမ်းသာကြီးပွါးနိုင်ပါသည်ဆိုလျှင် သင်မိဖုရားအား ယခုပင် ထင်းထမ်းအဖိုးအိုနှင့် ပေးစားလိုက်ပြီး အဖိုးအိုနှင့် လိုက်သွားပေရော့ဟု နန်းတော်မှနှင်ထုတ်လိုက်လေသည်။
မိဖုရားလည်း မနေသာတော့ပဲ ထင်းထမ်းအဖိုးအို နောက်ကလိုက်သွားရသည် ။
ထင်းသည်အဖိုးအို၏ အိမ်သို့ ရောက်သော်အခါ ဇနီးသည် အဖွားအိုကပါ မိဖုရားကြီးအား သနားလှသောကြောင့် သူတို့မှာလည်း သားသမီးမရှိကြသည်လည်း ဖြစ်၍ သမီးအဖြစ်သဘောထားကြောင်း ၊ စိတ်ချမ်းသာစွာနေဖို့ကိုအားပေးစကား ပြောကြသည် ။
မိဖုရားလည်း အဖိုးအိုနှင့် အဖွားအိုကို မိအိုဖအိုသဖွယ် သဘောထားလိုက်သည် ။အသိညဏ်ကြွယ်သောမိဖုရားကသူတို့မောင်နှံနေထိုင်စားသောက်ပုံတို့ကို သေချာလေ့လာကြည့်လိုက်သောအခါ ဟင်းသီး ဟင်းရွက်ကအစ ဝယ်ယူစားသောက်နေကြကြောင်းကိုတွေ့လာရသည်၊
ထို့ကြောင့် မိဖုရားက အိမ်နောက်ဖေးစျေးဆိုင်တည်ဆိုသည့် အတိုင်း ခြံထဲတွင် ဗူး ၊ဖရုံ ၊သခွား ၊ စသည်တို့အားဖြင့် ဟင်းသီး ဟင်းရွက်တို့ကို အဖိုးအို၏ အကူအညီနှင့် စိုက်ပျိုးသည် ။
အနီးနားဝန်းကျင်တွင်ရှိသော ကလေးငယ်များအား ခေါ်ငင်ပြီး စာသင်ပေးသည် ။ ဤသို့အားဖြင့် ကလေးငယ်များက စိုက်ခင်းကိုရေလောင်းပေါင်းသင်လုပ်ပေးကြသည် ။
အိမ်အတွက်စားရန် လုံလောက်သည့်ပြင်ပိုမိုလာသော ဟင်းသီးဟင်းရွက်များကို သေချာပြင်ဆင်၍အဖွားအိုအား စျေးသို့သွားပြီးရောင်းစေသည် ။
ထို့ကြောင့်ရရှိလာသော ငွေကြေးလေးများကို ကျစ်ကျစ်ပါအောင်စုဆောင်းစေသည် ။အစစတွင် စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်လေရာ အတန်ကြာသော် လှည်းနွားတို့ကို ဝယ်ယူနိုင်လာသည် ။
ထိုအခါတွင်မူကား ထင်းကိုပိုမိုများပြားစွာရောင်းနိုင်သောကြောင့် ပိုပြီး စီးပွါးဖြစ်လာသည်။ထင်းကို ရောင်းခြင်းထက် မီးသွေးဖုတ်ပြီးရောင်းနိုင်လျှင် ပိုပြီးအကျိုးအမြတ်ထွန်းကြောင်းကို သိလာသောအခါ အဖိုးအိုအား မီးသွေးဖုတ်ပြီးရောင်းပြန်စေသည် ။
ဤသို့နှင့်ပင် တစ်နေ့သော် တောင်စောင်းတစ်ခု၌ထင်းများကို မီးသွေးဖုတ်ပြီး မီးသွေးကောက်သောအခါ ပြောင်ပြောင်လက်လက် အတုံးအခဲလေးများကိုတွေ့ရသည်နှင့် အဖိုးအိုကယူလာပြီးသမီးဖြစ်သူ မိဖုရားအားပြသည်။
မိဖုရားကရွှေဖြစ်ကြောင်းကို သိသည်နှင့် ထိုတောင်စောင်းကို အထပ်ထပ် မီးတိုက်စေသည်။ဤသို့အားဖြင့် ရွှေတုံးအတော်များလာသည့်အခါ လှည်းနှင့်တိုက်ပြီး ဘုရင်မင်းမြတ်အားသွားရောက် ဆက်သစေသည် ။
အဖိုးအို၏ လျှောက်ထားချက်အရ အကြောင်းစုံကို သိရသောအခါ ဘုရင်မင်းမြတ်လည်း မိဖုရား၏ အလိမ္မာတရားကို နှစ်သက်မိသည်ဖြစ်၍ မိဖုရားကြီး အဖြစ်ရှေးကအတိုင်းမြှောက်စားတော် မူသည် ။
ဤပုံပြင်ကိုလေးကငယ်ငယ်ကမကြာခဏဖတ်ခဲ့ရသည့်အကြောင်းအရာလေးဖြစ်ပါတယ်။ ငယ်ငယ်ကဒီပုံပြင်ကိုရိုးရိုးပဲအမြင်ရှိခဲ့ပေမဲ့အသက်အရွယ်ရလာတဲ့အချိန်မှာဒီပုံပြင်ထဲကမိဖုရားရဲ့သတ္တိကိုအလွန်သဘောကျမိပါတယ်။
သူမကြုံလိုက်ရသည့်လောကဓံကြီးမှာကြောက်ခမမ်းလိလိဖြစ်ပါသည် ။အတော်အတန်မိန်းမမျိုးဆိုလျှင် ရူးသွားလောက်သည့် အပြောင်းအလဲဖြစ်ပါသည်။
သို့သော်…ဖြစ်လာသည့် အခြေအနေကိုမတုန်မလှုပ်လက်ခံပြီး ရင်ဆိုင်လိုက်နိုင်သည်။တိမ်းရှောင်လို့ မရနိုင်သည့် လောကဓံကို သွေးအေးအေးနှင့် လက်ခံတတ်ဖို့ သတ္တိမှာ လွယ်လှသည်တော့မဟုတ် ၊
သို့သော် မိမိစိတ်ကို ကိုးစား အားတင်းရမည်သာ ဖြစ်ပါသည် ။ဒါ့ကြောင့်လောကအလယ်မှာလူရယ်လို့ဖြစ်လာရင်လောကဓံတရားဆိုတာကို တနေ့မဟုတ် တွေ့ကြရပါတယ်။
အဲ့ဒီကြုံလာတဲ့လောကဓံတရားကိုမိဖုရာလိုသတ္တိရှိရှိ ရဲရဲဝံဝံယှဉ်ဆိုင်နိုင်ခြင်းသည် လောကဓံတရားကို အောင်မြင်နိုင်ခြင်း ဖြစ်လေသည်။မျှဝေပါ၏…📖 JWN.
Credit: Original uploader, mmlivenews.com