Knowledge and News

ရေငုပ်သင်္ဘောတွေထဲမှာ အနီရောင် မီးတွေကိုပဲဘာကြောင့်သုံးရသလဲ

Sciences & technology

ရေငုပ်သင်္ဘောတွေမှာ ဘာက ဘာကြောင့် မီးအနီရောင်ကို သုံးတာလဲ? ၊ ဘယ်လို အခြေအနေတွေမှာ သုံးတာလဲ? ရေငုပ်သင်္ဘောတစ်စီး၏ အတွင်းပိုင်း အလုပ်လုပ်ဆောင်ပုံကို အပြင်မှာ မမြင်ဘူး ၊မတွေ့ဘူးခဲ့လျင်၊ သို့မဟုတ် Youtube ကဲ့သို့သော ဗီဒီယိုဆိုက်များ၌လည်း ရှာဖွေ တွေ့မြင် မရှိနိုင်ခဲ့စေကာမူ ကမ္ဘာကျော် နာမည်ကြီး ရေငုပ်သင်္ဘော ဗီဒီယို ဇာတ်ကားများကိုတော့ ကျွန်ုပ်တို့ ကြည့်ဖူးကြပေလိမ့်မည် ဖြစ်သည်။

၎င်းဇာတ်ကားများထဲမှ ကျွန်ုပ်တို့နှင့်ရင်းနှီးနေကြ ဇာတ်ဝင်ခန်းများသည် များသောအားဖြင့် ပယ်ရီစကုပ်တည်ရှိရာ ရေငုပ်သင်္ဘော ထိန်းချုပ်ရေးအခန်း၊ တော်ပီဒိုများ ထားရှိရာ အခန်းနှင့် တခါတရံ သင်္ဘောသားများ နေထိုင်မှု အခန်းတို့သာဖြစ်သည်။ အဆိုပါ ဇာတ်ဝင်ခန်းများကို တွေ့မြင်နေကြ ဖြစ်သော်လည်း ကျွန်ုပ်တို့ သတိမထားမိသည်မှာ ရေငုပ်သင်္ဘောများ၌ မီးအနီရောင်ကို သုံးနေသည်ကို သတိမထားမိခြင်းပင် ဖြစ်သည်။

သာမန်အားဖြင့် ရန်သူစစ်ရေယာဉ်၊ သို့မဟုတ် ရေငုပ်သင်္ဘောများနှင့် ထိပ်တိုက် တွေ့ဆုံနေသည့်အချိန်၌ ရေငုပ်သင်္ဘောပါ တပ်ဖွဲ့များကိုအချက်ပေးသည့်အနေဖြင့် မီးနီလင်းလာခြင်းကို သတိပြုမိကြမည်သာ ဖြစ်သည်။

သို့သော် ထိုထက်ပို၍ ကျွန်ုပ်တို့ အများစုအနေဖြင့် စဉ်းစားကြည့်ကြမည် မဟုတ်သလို သက်ဆိုင်ရာ နားလည်သိတက်သူများ အနေဖြင့်လည်း ထူး၍ ရှင်းပြထားခြင်းလည်း မရှိပေ။

ထိုအချက်သည် အရေးပေါ် ဆိုသည်နှင့်မီးလောင်သည့် အချိန်၊ လူနာတင်ကား ဖြတ်သွားသည့်အချိန်၊ အရေးကြီးပုဂ္ဂိုလ် သွားလာသည့် အချိန်နှင့် ရဲကင်း လှည့်ကား မောင်းနှင်နေသည့် အချိန်မျိုးတွင် မီးနီကို အသုံးပြုနေခြင်းကြောင့်လည်းရေငုပ်သင်္ဘောများ၌ မီးနီ အသုံးပြုခြင်းကို ထူး၍ တွေးမိကြခြင်း မဟုတ်သည်လည်း ဖြစ်နိုင်ပေသည်။

ရေငုပ်သင်္ဘောတွင် အဖြူရောင်မီးကိုလည်း အသုံးပြုကြပါသည်။ သို့သော် လေ့လာမှုများအရ ရေငုပ်သင်္ဘော၌ အနီရောင်မီးကို သုံးသည့် နေရာသည် ၂ နေရာသာ ရှိပြီး တစ်နေရာသည် အိပ်စက်သည့် နေရာနှင့် နောက်တစ်နေရာသည်ရေငုပ်သင်္ဘော ထိန်းချုပ်ခန်းပင် ဖြစ်သည်။

သာမန်အခြေအနေများ ဖြစ်သည့် လှုပ်ရှားရ လွယ်ကူစေခြင်း နှင့် တပ်ဖွဲ့ဝင်များကို အသိပေးခြင်းကဲ့သို့ ကိစ္စရပ်များတွင်အဖြူရောင်မီးကို အသုံးပြုကြသလို ဆိပ်ကမ်း၌ လည်းကောင်း၊ ရေငုပ်သင်္ဘောအနေဖြင့် ရေပေါ်၌ မောင်းနှင်နေသည့်အခါ၌ လည်းကောင်း အဖြူရောင်မီးကိုအသုံးပြုကြသလို တစ်ခါတစ်ရံ ငုပ်လျှိုးနေသည့်အချိန်၌လည်း အသုံးပြုကြလေ့ ရှိသည်။

ယခင်က အများစု မှတ်ယူနေခဲ့ကြသည့်အနီရောင်မီးသည် အမှောင်အတွင်း၌ မြင်နိုင်စွမ်း နည်းသည်ဆိုခြင်းမှာ လက်တွေ့မဆန်သော စိတ်ကူးယဉ် ဆုံးဖြတ်မှုအဖြစ် ကျန်ရစ်ခဲ့ပြီလည်း ဖြစ်သည်။

အမှန်စင်စစ်အားဖြင့် အနီရောင်မီးသည် အမြင်အာရုံကို ထိန်းညှိပေးခြင်းသာ ဖြစ်သလို ရေငုပ်သင်္ဘောများသာမက လေဆိပ် ထိန်းချုပ်မျှော်စင်များ၊ နက္ခတာရာ ပြခန်းနှင့် အချို့သော ရုပ်ရှင်ရုံများတွင်လည်း အနီရောင်မီးကို အသုံးပြုလျက် ရှိကြသည်။

ထိုသို့ အသုံးပြုရခြင်းမှာ အလင်းမှအမှောင်သို့ အမြင်အာရုံ ကူးပြောင်းမှုတွင် ကြည့်ရှုသူအတွက် လွယ်ကူစေရန်အတွက်လည်း ဖြစ်သည်။

ရေငုပ်သင်္ဘောတွင် တာဝန် ထမ်းဆောင်ရသည့် ရေတပ်သားများအတွက် ညဘက်တာဝန် ထမ်းဆောင်ချိန်တွင် မျက်လုံးကို ကျင့်သား ဖြစ်နေစေရန် လိုအပ်ပေသည် ဖြစ်ရာ အမြင်အာရုံကို ထိန်းညှိရန်နှင့် မျက်လုံး ထိခိုက်မှုဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အနီရောင်မီးကို အသုံးပြုခြင်းသည်လည်း အကြောင်းပြချက် တစ်ခုပင် ဖြစ်သည်။

အခြားတစ်ချက်မှာ တစ်စုံတစ်ရာ အကြောင်းကိစ္စ တစ်ခုအတွက် ပယ်ရီစကုပ်ကို မြင့်တင်လိုက်ခြင်းမှ ထွက်ပေါ်လာသည့် အလင်းကို တားမြစ်ရန်အတွက်လည်း အနီရောင်မီးကို အသုံးပြုခြင်းလည်း ဖြစ်သည်။

သို့သော်လည်း စကုပ်၏ နောက်ကွယ်မှအခြား အလင်းများလည်း ထွက်ပေါ်သည်ဖြစ်ရာ ထိုအလင်းထွက်မှုကို မိုင်များစွာမှ တွေ့မြင်နိုင်သည့်အတွက် ၎င်းသည် ရေငုပ်သင်္ဘောအတွက် အလွန် အန္တရာယ်ကြီးမားသည့် အခြေအနေပင် ဖြစ်သည်။

နောက်ထပ် တစ်ချက်မှာ လူ့မျက်လုံးသည်ရှည်လျားသည့် လှိုင်းအလျားများ၏ ထိခိုက်မှုဒဏ်ကို ခံရမှုနည်းသည်ဟု သိပ္ပံပညာက ဆိုထားပါသည်။

ညဘက် တာဝန် ထမ်းဆောင်ရသည့် တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ တာဝန်ကျရာ ကိရိယာ မျက်နှာပြင်ကို ကြာရှည် ကြည့်မြင်နိုင်ရန် လိုအပ်သည်လည်း ဖြစ်သည့်အတွက် အနီရောင်မီးကို အသုံးပြုခြင်းလည်း ဖြစ်သည်။

အနီရောင်မီးသည် အလင်းအားလုံးထဲ၌ ဖိုတွန် စွမ်းအင် ထုတ်လွှတ်မှု အနည်းဆုံး၊ကြိမ်နှုန်း အနှုန်းဆုံး နှင့် လှိုင်းအလျား အရှည်ဆုံးလည်း ဖြစ်ပေသည်။

အခြားအချက် တစ်ချက်မှာ နေ့အခါ၌ ရေငုပ်သင်္ဘောအနေဖြင့် ရေအောက်တွင် ရှိနေစေကာမူ ပြင်ပအလင်းရောင် ထိုးဖောက်နိုင်သည့် လုံလောက်သည့် အခြေအနေမျိုးတွင် အဖြူရောင်မီးကို အသုံးပြုနေကြသော်လည်း နက်ရှိုင်းစွာ ငုတ်လျှိုးရန် လိုအပ်သည့် အခါမျိုးတွင် ပြင်ပအလင်းရောင် မရရှိနိုင်တော့သည့်အခါ ၊ သို့မဟုတ် ညအခါတွင် မီးနီအဖြစ်ကို ပြောင်းလဲ အသုံးပြုကြလေ့ ရှိသည်။

အဆိုပါ လုပ်ဆောင်ချက်မှာ အပေါ်တွင်ရေးသား ဖော်ပြထားသကဲ့သို့ အချက်များကြောင့်ည်း ဖြစ်သည်။ နောက်ဆုံးအချက် အနေဖြင့် ရေငုပ်သင်္ဘောသားများကို ၎င်းတို့၏ အလှည့်ကျ တာဝန်ထမ်းဆောင်ရန် နှိုးဆော်သည့်အခါ အိပ်စက် အနားယူနေသည့် ရေငုပ်သင်္ဘောသားများ အနေဖြင့် ရုတ်ခြည်းအားဖြင့် အလင်းရောင် စူးရှမှုဒဏ်ကို မခံရစေရန် အနီရောင်မီးကို အသုံးပြုကြခြင်းလည်း ဖြစ်သည်။

ယခုအခါ ရေငုပ်သင်္ဘောများ၌သာ မကအရပ်ဘက်သုံး ရေယာဉ်များ၌လည်း ညအခါတွင် သင်္ဘောများ၌ မီးနီ အသုံးပြုခြင်းဖြင့် ၎င်းတို့၏ ရေယာဉ်ပေါ်တွင် မြင်တွေ့နိုင်စွမ်း အလျဉ်းသင့်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ရှာဖွေရေးသား ဖော်ပြလိုက်ရပါသည်။

Credit: Original Uploader