Knowledge and News

နေ့နံအလိုက် နာမည်မှည့်ကြတာဘာကြောင့်လဲ

Knowledge, Thinking

မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ဗုဒ္ဓဘာသာနှင့် မပတ်သတ်သော အလေ့အထတစ်ခုကို အစဉ်အလာပမာ လက်ခံနေကြပါသည်။
ယင်းမှာ “နေ့သင့်နံသင့် နာမည်မှည့်ခြင်း” ပင်ဖြစ်ပါ၏။
ဤအယူအဆမှာ မြတ်စွာဘုရားရှင်က မဂ်ဖိုလ်မှ ဖီလာဖြစ်သော တိရိစ္ဆာန်အတတ်ဟုဆန့်ကျင်ရှုတ်ချတော်မူခဲ့သော “ဗေဒင်” မှ မွေးဖွားလာခြင်းဖြစ်ပါသည်။
ဗေဒင်ပညာ၏ အခြေခံယုံကြည်ချက်မှာ ကိတ်ဂြိုဟ်မှအပ ကျန်ဂြိုဟ်ကြီး ရှစ်လုံးတို့က လူ၏ ကံကြမ္မာကို ဖန်တီးကြကုန်သည် ဟုယူဆထားခြင်းဖြစ်ပါ၏။
(ဤယုံကြည်ချက်ပင်လျှင် ဗုဒ္ဓဓမ္မမှ ဆန့်ကျင် ဝေးကွာသွားခြင်း ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက လူသည် မိမ်ဘဝကို မိမိဖာသာ ဖန်တီးသည်ဟု ဟောတော်မူခဲ့ပါ၏။)
ဤဂြိုဟ်ကြီးရှစ်လုံးတို့အကြား၌ မြန်မာအက္ခရာများကို အောက်ပါအတိုင်း ခွဲခြားထားပါသည်။ ဗြဟ္မဏပုဏ္ဏားတို့၏ မှိုင်းမိခြင်းခံရသော ပုဂ္ဂိုလ်တို့၏ လက်ချက်ဖြစ်ဟန်တူပါသည်။
က၊ ခ၊ ဂ၊ ဃ၊ င … တနင်္လာ
စ၊ ဆ၊ ဇ၊ စျ၊ ည … အင်္ဂ ါ
ဋ၊ ဌ၊ ဍ၊ ဏ၊ တ၊ ထ၊ ဓ၊ န … စနေ
ပ၊ ဖ၊ ဗ၊ ဘ၊ မ … ကြာသပတေး
ယ၊ ရ … ရာဟု
လ၊ ၀ … ဗုဒ္ဓဟူး
သ၊ ဟ …သောကြာ
အ ….. တနင်္ဂနွေ
အထက်ပါအတိုင်း ခွဲခြားထားသည့် နေ့အလိုက်နာမည်များကို မှည့်ခြင်းသည် အစဉ်အလာအမာ ဖြစ်ခဲ့ပါသည်။ လူဝတ်ကြောင် များသာမဟုတ်၊ ရဟန်းသာမဏေနှင့် သီလရှင်များတွင်လည်း ဤ အလေ့အထရှင်သန်နေဆဲပင် ဖြစ်ပါသည်။
ထို့အပြင် အချို့က သိမ်သမုတ်ရာ၌ နိမိတ်ဖြေကြားရန်အတွက် အရပ်ရှစ်မျက်နှာတို့၌ နေ့သင့်နံသင့် ပုဂ္ဂိုလ်တို့ကို နေရာချထားတတ်ကြ၏။
(ဘုရားရှင် ရွှေလက်ထက်တော်အခါက ဤသို့ ပြုမူခဲ့ခြင်းမရှိပါ) ဗြဟ္မဏပုဏ္ဏားတို့၏ “နေ့သင့်နံကို နာမည်မှည့်ခြင်း” အလေ့အထကို မြန်မာဗုဒ္ဓဘာသာဝင်များအကြား ထာဝစဉ် ရှင်သန်နေအောင် ရေလောင်းနေသူများရှိပါ၏။
၁၉၉၅-ခုနှစ်၊ မေလထုတ် မဂ္ဂဇင်းကြီးတစ်စောင်တွင် “နေ့သင့်နံကိုက်မှည့်ထိုက်သလော” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြထားရာ၊ ယင်းဆောင်းပါးတွင် ဖော်ပြထားသည်များမှ အချက်အချို့မှာ ဤသို့ပါ။
“နာမည်မှည့်ခြင်းအမျိုးမျိုးရှိရာ –
မဟာဘုတ်တိုင်အထက်ဂြိုဟ် အင်္ဂဝိဇ္ဇာတိုင် အထက်ဂြိုဟ်ဖြင့် မှည့်ခြင်း၊
ယက္ခတိုင်အောက်မှ အထက်သို့တက်၍မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဥ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဥ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို ဆပွတ်အုပ်၍မှည့်ခြင်း… စသည်တို့ဖြစ်သည်။”
မွေးနံကိုက်မှည့်ခြင်းဖြင့် ရနိုင်သောအကျိုးကျေးဇူးများမှာ-
(၁) တနင်္ဂနွေသားကို တနင်္ဂနွေနံဖြင့် မှည့်လျှင် ချမ်းသာကြီးအံ့။
(၂) တနင်္လာသားကို တနင်္လာနံဖြင့် မှည့်လျှင် ခွန်အားစွမ်းပကား ကြီးမားအံ့။
(၃) အင်္ဂ ါသားကို အင်္ဂ ါနံဖြင့် မှည့်လျှင် ဥစ္စာရအံ့။
(၄) ဗုဒ္ဓဟူးသားကို ဗုဒ္ဓဟူးနံဖြင့် မှည့်လျှင် ကျေးကျွန်၊ ကျွဲနွားများ အံ့။
(၅) ကြာသပတေးသားကို ကြာသပတေးနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
(၆) သောကြာသားကို သောကြာနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
(၇) စနေသားကို စနေနံဖြင့် မှည့်လျှင် ငယ်စဉ်က အလှူပေးရအံ့။ –
ဟူ၍ .. “အကောင်းဟောချည်း” ကိုသာတွေ့ရလေသည်။ မည်သည့်နေ့သားမဆို မွေးနံအလိုက် နေ့နံကိုက် မှည့်ခြင်းဖြင့် အဆိုးမပါ။ အကောင်းသာဖြစ်ခြင်း၊ မွေးနံကို သိရှိမှတ်သားဖို့လည်း လွယ်ကူခြင်းတို့ကြောင့် နေ့နံအလိုက် မှည့်ခြင်းသည် အသုံးပြုသင့်သော နည်းစနစ်တစ်ခုဖြစ်ပါသည်။ “အစမွေးနံ၊ အရင်းခံ၊ ဘုန်းကံတိုးတက်လှ” ဟူသော ဆိုရိုးစကားနှင့်လည်း ကိုက်ညီမည် ဖြစ်ပါသတည်း။
ရှေးအခါက လူတစ်ရာလျှင် ကိုးဆယ်နီးပါးခန့် နာမည်ကိုမွေးနံဖြစ့် မှည့်ကြသည်ချည်းဖြစ်၏။ တနင်္ဂနွေသားတစ်ရာလျှင် ကိုးဆယ်ခန့် တနင်္ဂနွေနံဖြင့် မှည့်ကြလင့်ကစား၊ ထို ကိုးဆယ်မှာ ဘယ်နှစ်ယောက်ချမ်းသာပါသနည်း။
ချမ်းသာခြင်းဟူသည် “နာမည်” နှင့်မဆိုင်၊ ကံ၊ ဉာဏ်၊ ဝီရိယ တို့နှင့်သာသက်ဆိုင်၏။ ရှေးခေတ်အခါက ကျေးလက်နေ ပြည်သူအများစုက နေ့နံသင့် အမည်ပေးခြင်း၌ ပို၍ ယုံကြည်ကြ၏။ တစ်ရွာလုံးတွင် နေ့သင့်နံသင့် နာမည်မမှည့်သူဟူ၍ တစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်၊ နေ့သင့်နံသင့် နာမည်မှည့်သူတွေချည်း ဖြစ်ပါလျက် တစ်ရွာလုံးတွင် ချမ်းသာသူက လက်ချိုးရေတွက်၍ ရပြီး ဆင်းရဲသူက အများစုဖြစ်ပါ၏။
နေ့သင့်နံသင့် နာမည်မှည့်ပါလျက် ဘာကြောင့် မချမ်းသာပါသနည်း။
“အစမွေးနံအရင်းခံ ဘုန်းကံတိုးတက်လှ” ဟူသည်ကို ဆိုရိုးစကားဟု (အထက်ပါ ဆောင်းပါးတွင်) ရေးခဲ့၏။ ဆိုရိုးစကားဖြစ်လျှင်လည်း၊ သာသနာပြင်ပ ဗြဟ္မဏဝါဒီတို့၏ နောက်လိုက်ငယ်သားများက ပြောသော “ဆိုရိုးစကား” သာဖြစ်မည်။
ထေရဝါဒ ဗုဒ္ဓဘာသာ၏ ဆိုရိုးစကားမဟုတ်ပါ။ ထေရဝါဒကမူ ဘုန်းကံဟူသည် ပုဂ္ဂိုလ်၏ ကံ၊ ဉာဏ်၊ ဝီရိယနှင့် ပြုအပ်သော ကုသိုလ်မှု၊ အကုသိုလ်မှုတို့ အပေါ်တွင်သာ တည်ပါ၏။ နာမည်နှင့် မဆိုင်ပါချေ။
နေ့နံအလိုက် နာမည်ပေးခြင်းနှင့် စပ်လျဉ်း၍ တည်တော်ဆရာတော်ဘုရားကြီးက “လောကီအယူအဆအရသာ နေ့နံလိုက်ပြီး နာမည်မှည့်ခေါ်ကြခြင်းဖြစ်ပါသည်။ လောကုတ္တရာလမ်းက ဘုရားအရိယာ သူတော်မြတ်များသည် နေ့နံအလိုက် နာမပညတ်ကို အဓိကထားပြီး သုံးစွဲတော်မမူကြပါ။
ထို့ကြောင့် ဘုရားရှင်တို့၏ ဘွဲ့တော်များမှာ နေ့နံအလိုက် မတွေ့ရခြင်း ဖြစ်ပါသည်” ဟူ၍ မိန့်တော်မူခဲ့ပါ၏။ နာမည်မှည့်ခြင်းအပေါ် တည်မှီ၍ ချမ်းသာခြင်းလည်း မဖြစ်နိုင်။ ဆင်းရဲခြင်းလည်း မဖြစ်နိုင်။
နာမည်မှည့်၍ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်ဖြစ်ကြောင်း နာမည်ကျော် လက္ခဏာဆရာကြီး ဆရာစန္ဒြက (ဘဝခရီးနှင့် အတွေ့အကြုံများ စာအုပ်၊ စာမျက်နှာ ၁၉၂ တွင်) ဤသို့ရေးသားခဲ့ပါ၏။
ယခု အသက်ကြီးလာသောအခါ ငါးရာငါးဆယ် ဇာတ်တော် ပထမတွဲ၊ စာမျက်နှာ (၄၆၈)တွင် နာမသိဒ္ဓိဇာတ်ကို မြတ်စွာဘုရားဟောတော်မူသည်။
နာမည်ဆိုသည်မှာ အလကား၊ မောင်သက်ရှည်လို့ မှည့်သော်လည်း အသက်တိုသွားနိုင်သည်။ မောင်ချမ်းသာဟု မှည့်သော်လည်း ဆင်းရဲနိုင်သည်။
မိမိတို့ပြုခဲ့သော အတိတ်ဘဝကုသိုလ်များဖြင့်သာ အကျိုးပေးကြကုန်သည်။ ပုဗ္ဗေစကတပုညတာ၊ ရှေးကံက စီမံသည့်အတိုင်း ဖြစ်ရသည်။ မောင်သက်ရှည်ဆိုသူသည် ငယ်ငယ်က သေသွားသည်။ သူဌေးမဆိုသူလည်း ဆင်းရဲနေသည်။
အမည်ဟူသည်ကား ပညတ်များဖြစ်သည်။ အမည်ဖြင့် ပြီးစီးသည်မရှိ။ ကံဖြင့်သာလျှင် လုပ်ကြရသည်။ အလွန်မှန်သည်။ နာမည်မှည့်၍သာ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်။ ဤကဲ့သို့ နားမလည်ဘဲ အလွဲလွဲ အမှားမှားတွေ ဖြစ်နေသည်။
“နေ့နံအလိုက် နာမည်မှည့်ခြင်းသည် ကြီးပွားချမ်းသာစေ၏” ဟူသော အယူမှာ ကံ-ကံ၏ အကျိုးကို ပစ်ပယ်သောအယူဖြစ်ပါ၏။ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖြစ်သော “ကမ္မဿကတာ သမ္မာဒိဌိဉာဏ်” ကိုတားဆီးပိတ်ဆို့သော အယူဖြစ်ပါ၏။
ဘုရားရှင်လက်ထက်တော်အခါကမူ ဘုရားအပါအဝင် အရိယာသူတော်စင်များသည် နေ့နံအလိုက် နာမပသုတ်ကို အဓိကထားပြီးသုံးစွဲတော်မမူပါ။ ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်ကြီးတို့၏ ဘွဲ့တော်များမှာလည်း နေ့နံအလိုက် မဟုတ်ပါ။
သို့ဖြစ်၍ “နေ့နံအလိုက် နာမည်မှည့်ခြင်း” သည် ထေရဝါဒ ဗုဒ္ဓဘာသာအယူမဟုတ်ဘဲ၊ ဟိန္ဒူဗြဟ္မဏတို့၏ ဂြိုဟ်ကြီးကိုးလုံးအယူဝါဒမှ မြစ်ဖျားခံလာသော အလေ့အထတစ်ခုဖြစ်ကြောင်း အသိရှင်း၊ အမြင်လင်းစေလိုပါသည်။
Credit: မင်းနန် မော်ကျွန်း – အယူအမြင်မှန်ကန်ရေးမှ