Knowledge and News

အမေများနေ့

Knowledge

မြန်မာနိုင်ငံ၌ အမေများနေ့ဖြစ်ပေါ်လာပုံ။
မြန်မာနိုင်ငံတွင် အမေများနေ့ကိုကျင်းပပြုလုပ်ကြသည်မှာ၊ နှစ်ပိုင်းမျှသာရှိသေး၏။ ဆယ်စုနှစ်ပိုင်းမျှ ဖြစ်သည်။ ယခုအခါအထိုက်အလျှောက်တော့ လူသိများလာလေပြီဖြစ်၏။ မြန်မာပြည်အဖို့ပြာသိုလပြည့်နေ့၊ နှင်းအိဆွတ်မြ အေးချမ်းသောလ ဆောင်းကာလတွင်၊ အမေများနေ့အဖြစ်၊ သတ်မှတ်ကြလေ၏။ ဆရာကြီးဦးသုခကစတင်သတ်မှတ်ပေးခဲ့လေ၏။ ဦးသုခသည် ငယ်စဉ်ကာလဝယ် မိခင်ကြီးကို၊ ကျိုက်လတ်တွင်ထားခဲ့ပြီး၊ ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေလုပ်ကိုင်နေရလေရာ၊ သားကို လွမ်းနေရသောမိခင်၏၊ ရင်တွင်းခံစားချက်များကို၊ မြန်မာပြည်တွင်း၌၊ အမေနေ့ဖြစ်ပေါ်လာစေရန် လှည့်လည်ဟောပြောခဲ့လေ၏။

(၁၉၉၅)ခုနှစ်တွင်၊ မန္တလေးမြို့မှအမေနေ့ဖြစ်ပေါ် စေရန်၊ ရည်သန်စိတ်ပြင်းပြကြသော သူများက၊ ဆရာကြီးဦးသုခအား အမေနေ့သတ်မှတ်ပေးရန် တိုက်တွန်းခဲ့ခြင်းကြောင့်၊ မန္တလေးမြို့တွင်ဆရာကြီးဦးသုခကိုယ်တိုင်ဟောပြော၍၊ အမေနေ့ကို ပြာသိုလပြည့်နေ့ သတ်မှတ်ခဲ့၏။ ဆရာကြီးဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး ဦးတတ်တိုး၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊စာရေးဆရာမကြီး လူထုဒေါ်အမာ၊စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့်စသည့် စာပေပညာရှင်များကလည်း၊ ဆရာကြီးဦးသုခနှင့် တစိတ်တဝမ်းတည်း၊ ထိုပြာသိုလပြည့်နေ့ကိုအမေနေ့အဖြစ်သတ်မှတ်ခဲ့ကြလေ၏။

ကမ္ဘာ့မိခင်များနေ့ဖြစ်ပေါ်လာပုံ
မစ္စဂျူလီယာသည် ဘောစတွန်မြို့တွင်ရှိသော၊ သူမ၏နေအိမ်၌ မိခင်များနေ့ကို(၁၈၇၂)တွင် စတင်ကျင်းပခဲ့လေ၏။ ထိုစဉ်က သူမသည်၊ သူမ နေအိမ်တွင် တစ်ကိုယ်တော်မိခင်များနေ့ကို၊ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ကျောင်းဆရာမမေရီဆင်သိန်းသည်မစ္စဂျူလီယာ၏တိုက်တွန်းချက်ဖြင့်၊ မိခင်နေ့ကိုကျင်းပခဲ့သည်။(၁၉၀၄)ခုနှစ်တွင် အင်ဒီယားနားပြည်နယ်မှ ဖရင့်စ်အီဟဲရင်သည်လည်းမိခင်များနေ့ကိုကျင်းပခဲ့ပြီး၊ မစ္စစ်အင်နာဂျားဗစ်ဆိုသူက(၁၉၀၇)တွင်၊ မိခင်များနေ့ကိုကျယ်ကျယ်ပြန့်ဖြစ်စေရန်အားထုတ်ခဲ့၏။ အမေနေ့ကိုမေလ၏ဒုတိယတနင်္ဂနွေနေ့အဖြစ်သတ်မှတ်ခဲ့ပြီး (၁၉၀၈) မေလ (၁၀)ရက်နေ့ကို မိခင်များနေ့အဖြစ် ကျင်းပခဲ့၏။ အမေရိကန်သမ္မတကြီး ဝူးဒရိုးဝီလ်ဆင်သည် ကွန်ဂရက်လွှတ်တော်၌ “ကမ္ဘာပေါ်တွင် အကောင်းဆုံးမိခင်ဖြစ်သည့်၊ သင်၏မိခင်ကို ဂုဏ်ပြုလျှက်”…စသည်ဖြင့်မိခင်နေ့ကိုကျင်းပရန်အတွက်၊ လွှတ်တော်တွင်တိုက်တွန်းပြောဆိုကာ၊ အမေများ နေ့ကို၊ သတ်မှတ်ပေးခဲ့လေ၏။ ထိုအချိန်မှ စတင်လျှက် လက်တင်အမေရိကနှင့် အရှေ့ပိုင်း နိုင်ငံများတွင်၊ မေလ၏ဒုတိယတနင်္ဂနွေနေ့တိုင်းမိခင်များနေ့ကို ပုံမှန်ကျင်းပခဲ့လေ၏။

နိုင်ငံအလိုက်ကျင်းပသောနေ့ရက်များ
♥ မြန်မာနိုင်ငံ-ပြာသိုလပြည့်နေ့ ဇန္နဝါရီလ။
♥ နော်ဝေ-ဖေဖေါ်ဝါရီဒုတိယ တနင်္ဂနွေ။
♥ ဂျော်ဂျီယာ-မတ်လ(၃)ရက်။
♥ မွန်ဂိုးလီးယား-ဇွန်(၁)ရက်။
♥ ထိုင်း(ဘုရင်မမွေးနေ့)-သြဂုတ်(၁၂)ရက်။
♥ အာဂျင်တီးနား-အောက်တိုဘာ ဒုတိယပါတ် တနင်္ဂနွေ။
♥ လက်ဘနွန်-နွေဦးဝင်စ ပထမနေ့။
♥ ရုရှား-နိုဝင်ဘာနောက်ဆုံးတနင်္ဂနွေ။
♥ တီမော-နိုဝင်ဘာ(၃)ရက်။
♥ အင်ဒိုနီးရှား-ဒီဇင်ဘာ(၂၂)ရက်​​။
♥ အာဖရိက-မေလ ပထမပါတ်တနင်္ဂနွေ။
♥ ဆွီဒင်-မေလနောက်ဆုံးပါတ် တနင်္ဂနွေ။

အမေများနေ့ကို မိမိတို့နိုင်ငံအလိုက် ကျင်းပကြ ရာတွင်၊ ရာသီဥတုအကောင်းဆုံး အနေအထား ရှိသော လ,ရက်များ၊ အားလပ်ရက်များကို သတ်သတ်မှတ်မှတ်ထား ရွေးချယ် ကြလေ၏။မြန်မာနိုင်ငံတွင် ပြာသိုလသည် ဆောင်းအအေး ဓာတ်လေးအေးမြမြ၊ နေထိုင်လို့ကောင်း သွားလာလို့ကောင်းသောလဖြစ်လေ၏။ အပူပိုင်းနိုင်ငံဖြစ်သည့်အလျောက်၊ အေးချမ်းသောဆောင်းရာသီကိုနှစ်သက်ကြသဖြင့်၊ ပြာသိုလကို ရွေးချယ်ခြင်း ဖြစ်နိုင်ပေ၏။
ဆောင်းချမ်းမြမြမှာ အမေ့ရင်ခွင်နွေးနွေးကို၊ ငယ်စဉ်ကလေးဘဝက တိုးခွေ့ဝင်မှီခဲ့သည်ကိုလည်း သားသမီးတိုင်း ရင်ထဲစွဲခဲ့သမို့၊ ပြာသိုလ အေးချမ်းသောလ၊ လပြည့်နေ့ရက်ကောင်း ရက်မြတ်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်နိုင်ပါ၏။
ထိုနေ့ထိုရက်ကို အမေ့အတွက် အထူးသဖြင့် ထားကာ၊ အဝေးရောက် ခွဲခွာသားသမီးများသည်၊ အမေ့ကျေးဇူးကို တ,တ၊ အမေ့ကို ကန်တော့၊ အမေ့ကို ပူဇော်။ အမေနှင့်အချိန်ပေးဖို့ အမေ့ရင်ခွင်ရှိရာကို အပြေးကလေးနှင်နိုင်ကြပါစေ။ ပြာသိုလပြည့်နေ့အမီ အမေ့အိမ်ရှေ့ ခြံရှေ့ကနေ” အမေ ရေ့ …”လို့ခေါ်ပြီး၊ အမေ့ရင်ခွင်ထဲ အရောက်ခိုဝင်နိုင်ကြပါစေ။