Knowledge and News

IPTV (အင်တာနက်ပေါ်ကရုပ်သံထုတ်လွှင့်မှုအစီအစဉ်) ဆိုတာဘာလဲ ?

Knowledge, Sciences & technology

နှစ်ဆယ်ရာစုနှောင်းပိုင်းနှစ်များ၏ ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်အတွင်း အရေးပါသည့် ကဏ္ဍတစ်ခုမှာ တီဗွီရုပ်သံလိုင်းများ ဖြစ်သည်။ ရုပ်ရှင် ၊ ဗွီဒီယိုများ ၊ တေးသံသာအစီအစဉ်များ ၊ ဇာတ်လမ်းတွဲများ ၊ အမျိုးမျိုးသော အခြားအစီအစဉ်များကို ထုတ်လွှင့်ချိန်တွင် စောင့်ဆိုင်း ကြည့်ရှုရခြင်းသည် လူအများ အတွက် အဓိကဖျော်ဖြေမှုအဖြစ် နေရာယူထားခဲ့ကြသည်။ သို့ရာတွင် နှစ်ဆယ့်တစ်ရာစုနောက်ပိုင်း တိုးတက်အဆင့်မြင့်လာသည့် သတင်းအချက်အလက် နည်းပညာများနှင့်အညီ လူမှုဘဝ လိုအင်ဆန္ဒတောင်းဆိုမှုများမှာလည်း လိုက်လျောညီထွေ ပြောင်းလဲ လျက်ရှိရာ ဖျော်ဖြေမှုကဏ္ဍ၏ အဓိကကျသော နေရာတွင် Facebook စသည့် ဆိုရှယ်မီဒီယာများ ရောက်ရှိလာပြီး တီဗွီရုပ်သံလိုင်းများကို တစ်ဖြည်းဖြည်း ဖယ်ထုတ်လာကြသည်။ သို့ဖြစ်သောကြောင့် တီဗွီရုပ်သံလိုင်းများအနေဖြင့် ဆက်လက်ရပ်တည်ရှင်သန်နိုင်ရန်အတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်၍ နည်းပညာနှင့် ပေါင်းစည်းပြီး လူအများ၏ အာရုံစူးစိုက်မှုကို ပြန်လည်ဆွဲဆောင်လာကြသည်။ ဤတွင် အင်တာနက်ရုပ်သံလိုင်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အင်တာနက်ရုပ်သံလိုင်းဆိုသည်မှာ နဂိုမူလက တီဗွီရုပ်သံလိုင်းများတွင် နေ့ရက် ၊ အချိန်နှင့် ထုတ်လွှင့်ထားသည့် ရုပ်ရှင် ၊ ဗွီဒီယိုများ ၊ ရုပ်သံအစီအစဉ်များကို အင်တာနက်ပေါ်မှ လွှင့်တင်၍ ကြိုက်နှစ်သက်သည့် အချိန် ၊ နေရာတွင် ကြည့်ရှုလိုသော အစီအစဉ်ကို ကြည့်ရှုနိုင်ရန် စီစဉ်ပေးခြင်း ဖြစ်သည်။ အင်တာနက်လိုင်းကို အသုံးပြု၍ လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် IPTV (Internet Protocol Television) ဟု ခေါ်ဆိုပြီး အမျိုးအစား ၃ ခု ခွဲခြားနိုင်သည်။

၁။ VOD (Video on Demand)
အမျိုးမျိုးသော ရုပ်ရှင် ၊ ဗွီဒီယိုအစီအစဉ်များမှ စိတ်ကြိုက်ရွေးချယ်ကြည့်ရှုခြင်း (Netflix ၊ iFlix ၊ Amazon Prime)

၂။ Time-Shifted IPTV
ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြီးသည့် အစီအစဉ်များကို နှစ်သက်ရာအချိန်တွင် ပြန်လည်ကြည့်ရှုခြင်း (BBC iPlayer)

၃။ Live IPTV
တိုက်ရိုက်ထုတ်လွှင့်ပြသမှု အစီအစဉ်များ

IPTV များကို ကွန်ပျူတာမှ တစ်ဆင့် Browser ဖြင့် ကြည့်ရှုနိုင်ပြီး စမတ်ဖုန်းများဖြင့်လည်း App ကို အသုံးပြုပြီး ကြည့်ရှုနိုင်သည်။ ပိုမိုကောင်းမွန်သော အရည်အသွေးဖြင့် ကြည့်ရှုနိုင်ရန်အတွက် Set-top Box နှင့် ဒစ်ဂျစ်တယ်တီဗွီကို တွဲဖက်အသုံးပြုကြသည်။ IPTV များကို အများသုံးအင်တာနက်လိုင်း ကွန်ရက်များမှဖြစ်စေ ၊ သီးသန့်ကိုယ်ပိုင်ကွန်ရက်မှ ဖြစ်စေ ထုတ်လွှင့်မှုပြုလုပ်သည်။IPTV လိုင်းများအနေဖြင့် ကြည့်ရှုသူများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ကြည့်ရှုသူများ ဝင်ရောက် လုပ်ဆောင်ပြောဆိုနိုင်သည့် Interactive အစီအစဉ်များကိုလည်း တင်ဆက်လာကြသည်။ ဥပမာ – Myanmar Idolတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ကြည့်ရှုသူများမှ မိမိနှစ်သက်ရာကို မဲပေး ရွေးချယ်ကြခြင်းမှာ Interactive အစီအစဉ် ပုံစံမျိုးဖြစ်သည်။ ဤရုပ်သံလိုင်းအစီအစဉ်တွင် ကြည့်ရှုသူ များအနေဖြင့် ဖုန်းမှ မဲပေးဆောင်ရွက်သည့် လုပ်ဆောင်မှုမျိုးသာ ပြုလုပ်နိုင်ပြီး အင်တာနက်မှ ထုတ်လွှင့်သော အစီအစဉ်များတွင် ကြည့်ရှုသူများအနေဖြင့် တိုက်ရိုက်ဝင်ရောက်ပြောဆိုမှုများဖြင့် အစီအစဉ်အတွင်း ပါဝင်ပတ်သက်မှုများ ပိုမိုပြုလုပ်နိုင်မည်ဖြစ်သည်။

IPTV လိုင်းများကို ထုတ်လွှင့်ရာတွင် အများသုံးအင်တာနက်ကွန်ရက်မှ ထုတ်လွှင့်ခြင်းနှင့် သီးသန့်သုံး ကွန်ရက်မှ ထုတ်လွှင့်ခြင်းတို့မှာ ကွဲပြားခြားနားပြီး IPTV ဝန်ဆောင်မှုပေးသူများအနေဖြင့် သီးသန့်သုံးကွန်ရက်ကို အသုံးပြုရန် ပိုမိုစိတ်အားထက်သန်ကြသည်။ သီးသန့်သုံးကွန်ရက်ကို အသုံးပြုခြင်းအားဖြင့် ဝန်ဆောင်မှုပေးသူများအတွက် လိုင်းအရည်အသွေး ၊ ဝန်ဆောင်မှု အရည်အသွေးများကို အာမခံချက်ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။
လတ်တလောကာလတွင် IPTV လိုင်းများ၏ အဓိကအားနည်းချက်မှာ အင်တာနက်လိုင်း မြန်နှုန်း မြင့်မားရန် လိုအပ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့သော ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ နည်းပါးသေးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝင်ရောက်ထိုးဖောက်ရန်အတွက် အခက်အခဲများကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တိုးတက်လာသည့် လူမှုဘဝနှင့်အညီ ပြောင်းလဲ နေသော ဤဖျော်ဖြေရေး ဝန်ဆောင်မှုအပေါ် တောင်းဆိုမှုများ တစ်ဖြည်းဖြည်းမြင့်တက်လာနေခြင်းမှာ ဖျော်ဖြေရေးကဏ္ဍအတွင်း ဆက်လက်အရေးပါနေဦးမည့် ရုပ်သံလိုင်းများ၏ ပြယုဂ်တစ်ခုပင်ဖြစ်သည်။
Myanmar Cast
copy@right
credit