Knowledge and News

ရေငုပ်သင်္ဘောကို Titanium သတ္ထုနဲ့ ဘာကြောင့် မဆောက်သလဲ

Knowledge, Sciences & technology

ရေငုပ်သင်္ဘောကို Titanium သတ္ထုနဲ့ ဘာကြောင့် မဆောက်သလဲ? ရေငုပ်သင်္ဘောအများအား ပုံမှန်အားဖြင့် သံမဏိအသုံးပြုတည်ဆောက်ကြသည်။ သို့သော် စစ်အေးကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုသည် ရေငုပ်သင်္ဘောအား တိုင်တေနီယမ်အသုံးပြုတည်ဆောက်ခဲ့ဖူးပြီး အမေရိကန်သည်လည်း တိုင်တေနီယမ်ဖြင့် ရေငုပ်သင်္ဘောတည်ဆောက်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသည်။

စစ်အေးကာလအတွင်း အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် နျူကလီးယားလက်နက်များ အပြိုင်အဆိုင်တပ်ဆင်ခဲ့ကြသည်။ နျူကလီးယားလက်နက်ဟုဆိုရာတွင် နျူကလီးယား ဗုံးကျဲလေယာဉ်များ၊ နျူကလီးယားဒုံးပျံများနှင့် နျူကလီးယား ရေငုပ်သင်္ဘောများ ပါဝင်သည်။

ထိုအထဲတွင် နျူကလီးယားရေငုပ်သင်္ဘောများသည် ကြောက်စရာအကောင်းဆုံးလက်နက်အဖြစ် သတ်မှတ်ထားကြသည်။ နျူကလီးယားရေငုပ်သင်္ဘော လက်နက်နှင့် အခြားနျူကလီးယားလက်နက်၂ ခုအကြားကွာခြားချက်သည် ရေငုပ်သင်္ဘောများသည် အမြဲရွေ့လျားနေနိုင်ပြီး တိုက်ခိုက်မည့်နိုင်ငံ၏ အနီးပိုင်းကမ်းရိုးတန်းအထိချည်းကပ်ကာ ရန်သူမှ ထောက်လှမ်းတုံ့ပြန်နိုင်ခြင်းမရှိသေးခင် နျူကလီးယားဒုံးပျံဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာနိုင်စွမ်းရှိခြင်းကြောင့်ဖြစ်သည်။

ထိုကြောင့်လည်း နျူကလီးယားရေငုပ်သင်္ဘောများအား ပိုမို မြန်ဆန်၊ ပိုမိုတိတ်ဆိတ်ပြီး ပိုမိုခံနိုင်ရှည်ရှိအောင် တည်ဆောက်ခြင်းသည် စစ်အေးခေတ်၏ အရေးကြီးသည် ကဏ္ဍတစ်ရပ်ဖြစ်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုသည် အဆိုပါ အောင်မြင်မှုအတွက် ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ခဲ့သည်။

၁၉၆၀ ခုနှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စုသည် ရေငုပ်သင်္ဘောအား သံမဏိထက် ပိုမိုမာကြောပြီး ပိုမိုပေါ့ပါးသည့် တိုင်တေနီယမ်သတ္ထုဖြင့်တည်ဆောက်ရန် ပထမဆုံးကြိုးစားခဲ့ပြီး တိုင်တေနီယမ်ဖြင့် ပထမဆုံးတည်ဆောက်သည့် Alfa အတန်းစားရေငုပ်သင်္ဘောအား တည်ဆောက်နိုင်ခဲ့သည်။ အဆိုပါ ရေငုပ်သင်္ဘောသည် NATO အဖွဲ့၏ ရေငုပ်သင်္ဘောများနှင့် အမေရိကန်၏ ရေငုပ်သင်္ဘောများထက် အသံပိုမိုတိတ်ဆိတ်ကာ ပိုမိုမြန်ဆန်ပြီး ရေအနက်ပိုငုပ်နိုင်စွမ်းရှိပြီး စွမ်းဆောင်ရည်ပိုင်းတွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။

သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စုသည် တိုင်တေနီယမ်ဖြင့်တည်ဆောက်အောင်မြင်ခဲ့သည့် Alfa အတန်းစား ရေငုပ်သင်္ဘောအား ဆက်လက်တည်ဆောက်မည့်အစား အဆိုပါရေငုပ်သင်္ဘောအား တုံ့ပြန်ချေမှုန်းနိုင်မည့် ပိုမိုမြန်ဆန်သည့် Mark 48 တော်ပီဒိုကဲ့သို့ တုံ့ပြန်နိုင်မည့် လက်နက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာ ရင်းနှီးမြုပ်နှံခဲ့သည်။

တိုင်တေနီယမ်ဖြင့် ရေငုပ်သင်္ဘောတည်ဆောက်ရေးတွင် အမေရိကန်ထက် ဆိုဗီယက်ပြည်ထောင်စု၏ အားသာချက်သည် အမေရိကန်တွင် များများမရနိုင်သည့် တိုင်တေနီယမ်သတ္ထုရိုင်းအား ဆိုဗီယက်တွင် ပေါပေါများများထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

အမေရိကန်သည် တိုင်တေနီယမ်ဖြင့် SR 71 Blackbird လေယာဉ်အား စမ်းသပ်တည်ဆောက်ရန် တိုင်တေနီယမ်သတ္ထုရိုင်းအား ဗဟိုထောက်လှမ်းရေးအဖွဲ့(CIA)အစီအစဉ်ဖြင့် အယောင်ပြကုမ္ပဏီများမှ တစ်ဆင့် ဆိုဗီယက်ထံ မှဝယ်ယူရရှိခဲ့သည်။ သို့သော် ဝယ်ယူရရှိခဲ့သော ပမာဏသည် ရေငုပ်သင်္ဘောကြီးတစ်စီး ကိုယ်ထည်တည်ဆောက်ရန်အတွက်ပင် လုံလောက်မှုမရှိပေ။

ဆိုဗီယက်သည်လည်း ဒုတိယမြောက်တိုင်တေနီယံဖြင့်တည်ဆောက်သည့် Papa အတန်းစား ရေငုပ်သင်္ဘော ရှေ့ပြေးပုံစံတစ်စီးတည်ဆောက်ရန် အတွက်ထောက်ပံ့ပေးရန် ရုန်းကန်ခဲ့ရပြီး နိုင်ငံ GDP ၏ ၁ ရာခိုင်နှုန်းအားရင်းနှီးမြှပ်နှံခဲ့သလို ဒီဇိုင်းပိုင်းများစွာပြောင်းလဲခဲ့ခြင်း၊ နှင့် တည်ဆောက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ဆိုဗီယက်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး Papa အတန်းစား ရေငုပ်သင်္ဘောတစ်စီးအား တည်ဆောက်နိုင်ခဲ့သည်။

အဆိုပါရေငုပ်သင်္ဘောသည် မှတ်တမ်းများအရ ကမ္ဘာ့အမြန်ဆုံးရေငုပ်သင်္ဘောအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး အမြန်နှုန်းသည် တစ်နာရီရေမိုင် ၄၅ မိုင်နှုန်းခန့် မောင်းနှင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။အမေရိကန်ထံသို့ တိုင်တေနီယမ်သတ္ထုများရောက်ရှိမသွားစေရန် ဆိုဗီယက်အနေဖြင့် ကြိုးစားခဲ့သော်လည်း အမေရိကန်သည် တိုင်တေနီယမ်အား လုံခြုံစိတ်ချစွာရယူခဲ့သည်။

သို့သော် အဆိုပါ တိုင်တေနီယမ်ဖြင့် Blackbird လေယာဉ်တည်ဆောက်ရာတွင် သုံးနေကျမဟုတ်သည့် မတူညီသည့် ပစ္စည်းများအသုံးပြုရန်လိုအပ်ပြီး ခက်ခဲ့သည့် စမ်းသပ်မှုများနှင့် အမှားများအား တွေ့ရှိခဲ့ရသည်။ တိုင်တေနီယံအသုံးပြုပြီး ရေငုပ်သင်္ဘောတစ်စီးအား တည်ဆောက်ရာတွင် ဒီဇိုင်းပိုင်း မပြည့်စုံမှုကြောင့် ပြင်းထန်သည့်ရေအောက်ဖိအားဒဏ်သည် ရေငုပ်သင်္ဘောအားကြီးမားသောဘေး အန္တရာယ်ဖြစ်စေမည်ဖြစ်ပြီး ကောင်းမွန်ပြည့်စုံသည့်အရည်အသွေးရရှိရန်သည်လည်း ကုန်ကျစရိတ်ပိုမိုများပြားမည်ဖြစ်သည်။

ထိုကြောင့်အမေရိကန်ရေတပ်သည် ရရှိရန်ရှားပါးခြင်း၊ တည်ဆောက်ရေးအတွက် ပစ္စည်းများအသစ်လိုအပ်ခြင်း၊ ကုန်ကျစရိတ်များပြားခြင်း အပြင် ဒီဇိုင်းပိုင်းတိကျပြည့်စုံမှုမရှိပါက အန္တရာယ်ကြီးကြီးမားမားရှိနိုင်ခြင်းတို့ကြောင့် တိုင်တေနီယမ်ဖြင့် ရေငုပ်သင်္ဘောတည်ဆောက်ရေး အစီအစဉ်ထက် တိုင်တေနီယမ်ဖြင့်ဆောက်ထားသည့် ရေငုပ်သင်္ဘောအားတန်ပြန့်တိုက်ခိုက်နိုင်မည့် လက်နက်တီထွင်ရေးအား အမျှော်အမြင်ကြီးစွာပြောင်းလဲခဲ့သည်။

ထိုကြောင့် ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်သည် တိုင်တေနီယမ်အသုံးပြုကာ ရေငုပ်သင်္ဘောတည်ဆောက်ရေးကြိုးပမ်းမှုအား ရပ်တန့်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ဆိုဗီယက်ပြည်ထောင်စုသည် တိုင်တေနီယမ်ဖြင့် တည်ဆောက်သည့် Alpha အတန်းစားနှင့် Papa အတန်းစား ရေငုပ်သင်္ဘောများ တည်ဆောက်အသုံးပြုခဲ့ဖူးသည့် ပထမဆုံးသောနိုင်ငံဖြစ်သည်။ စစ်အေးကာလတွင် ဆိုဗီယက်၏ အဆိုပါ အတန်းစားရေငုပ်သင်္ဘောများသည် အမေရိကန်အတွက် အိမ်မက်ဆိုးများဖြစ်ခဲ့ဖူးသည်။

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။