Knowledge and News

စိတ်ပျိုကိုယ်နု ကျန်းမာခြင်း သုခအဖုံဖုံ ပြည့်စုံစေဖို့

Health

အိုမင်းမစွမ်း

လူနေမှုဘဝများစွာတွင် စိတ်ဖိစီးမှုသည် နေ့စဉ်ကြုံတွေ့နေရသော လက္ခဏာတစ်ခုဖြစ်ပါသည်။ တစ်နည်းမဟုတ်တစ်နည်း စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာများ မလွဲမသွေ ကြုံတွေ့ရလျက်ရှိပါသည်။ စိတ်အို၊ ရုပ်အို
ဖြင့် ပျင်းရိစွာ ဘဝကိုဖြတ်သန်းနေထိုင်ရခြင်းက အသက်ရှင်သန်လျက် သေဆုံးနေသည့်ပမာတူလှပါသည်။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသဖြင့် ရုပ်ပိုင်းဆိုင်ရာမှာလည်းအိုမင်းမစွမ်းဖြစ်လာပါသည်။ ထိုမှတစ်ဆင့် ဆက်စပ်ရောဂါများစွာ တရစပ်ဝင်လာနိုင်ပုံကိုလည်း သတိချပ် သိအပ်နိုင်ပါသည်။

ထို့ကြောင့် အမှုမဲ့အမှတ်မဲ့ နေထိုင်စားသောက်မှုပုံစံများကို လေ့လာစောင့်ကြည့်ရန် လိုအပ်လှပါသည်။ကျန်းမာရေးအထောက်အကူပြု နေထိုင်စားသောက်မှုပုံစံဟုတ်-မဟုတ် မိမိသာလျှင် ဦးဦးဖျားဖျားသိနိုင်သူဖြစ်ပါသည်။ အမှုမဲ့အမှတ်မဲ့နေသည်ထက် အမှတ်စိပ်စိပ် နေသည်က အရာရာကို ကောင်းစွာထိုးထွင်းမြင်နိုင်ပါသည်။ သတိမမူ ဂူမမြင် ဆိုရိုးစကားရှိပါသည်။ သတိမူက ဂူမက မြေမှုန်ကလေးကအစ ထဲထဲဝင်ဝင်မြင်သိနိုင်ပါသည်။

ကျန်းမာစွာ ရှင်သန်နေထိုင်ရေးက အရေးကြီးလှပါသည်။ မကျန်းမာမှုကို ကျန်းမာစွာ နေထိုင်လှုပ်ရှားခွင့်ရနေစဉ် သိရှိနိုင်လိမ့်မည်မဟုတ်ပေ။ ကျန်းမာရေးသည် ထူးခြားသော လာဘ်ကြီးတစ်ပါးဖြစ်ပါသည်။ ကျန်းမာရေးကောင်းမွန်မှသာ လူမှုပတ်ဝန်းကျင်တွင် ပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်နိုင်မည်ဖြစ်ပါသည်။

စိတ်နှင့်ကိုယ် မျှတသောဝန်

လူတိုင်းနီးပါး မိသားစုစားဝတ်နေထိုင်ရေးအတွက် ပိုက်ဆံရှာဖွေရသည့်အလုပ်ကို ပြုလုပ်နေကြရပါသည်။အလုပ်ကြိုးစားမှုကတစ်ပိုင်း၊ ကျန်းမာရေးကတစ်ပိုင်း အပိုင်းနှစ်ပိုင်းခွဲခြားနိုင်လျှင် ပိုမိုအဆင်ပြေသည်ဟု မြင်မိပါသည်။ အလုပ်စားပွဲတွင် အထိုင်ကြာလာသည်နှင့် ခြေဆန့်လက်ဆန့် ပြုလုပ်ပေးရပါမည်။စိတ်နှင့်ကိုယ်မှာ လေးလံလာပါက လမ်းထလျှောက်ပေးရပါမည်။ သို့မှသာ စိတ်နှင့်ကိုယ်သည် မျှတသောဝန်ကို ထမ်းဆောင်နိုင်လိမ့်မည် ဖြစ်ပါသည်။

စိတ်ပျိုက ကိုယ်နုနိုင်ပါသည်။ စိတ်ထားတတ် မြတ်၏။စိတ်နှင့်သက်ဆိုင်သော ဆိုရိုးစကားများကို အလေးမြတ်ထားလျက် စိတ်ကျန်းမာရေးကို အလေးပေးလုပ်ဆောင်သင့်လှပါသည်။ စိတ်တည်ငြိမ်မှုသည် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုလျက်ရှိပါသည်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများက လူ၏ကျန်းမာရေးကို မလွဲမသွေ ထိခိုက်စေပါသည်။ စိတ်ခံစားမှုနှင့် အာရုံခံစားနိုင်သည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများက ဆက်စပ် လျက်ရှိသောကြောင့် ဖြစ်ပါသည်။ လူနေမှုပြဿနာများစွာကလည်း စိတ်အခြေအနေကို ပြောင်းလဲစေနိုင်ပါ သည်။ ထိုအခြေအနေများမှ လွတ်မြောက်နိုင်ရန်လူအချင်းချင်း နွေးထွေးစွာ ကူညီရိုင်းပင်းမှု၊ အပြန်အလှန် စာနာနားလည်ပေးနိုင်မှုက အရေးကြီးလာပါသည်။

ဆိုးကျိုးကိုဖြစ်စေသော ရန်စွယ်တစ်ခု

ယနေ့ လူ့အသိုင်းအဝိုင်းတွင် စိတ်ဖိစီးစေသည့် အကြောင်းအရာများစွာရှိနေပါသည်။ ငွေရေးကြေးရေး၊အလုပ်တာဝန်၊ မိသားစုအရေး၊ ပတ်ဝန်းကျင်အရေး၊ မပြီးဆုံးနိုင်သည့် အတိတ်က စိတ်ဒဏ်ရာများစွာက လူကို စိတ်ဖိစီးစေပါသည်။ စိတ်ဖိစီးလာသည်နှင့် နှလုံးခုန်မြန်လာခြင်း၊ အသက်ရှူမြန်လာခြင်း၊ သွေးဖိအားတိုးလာစေခြင်းတို့ကို ဖြစ်ပွားစေပါသည်။ အမှားအမှန်ခွဲခြားသိနိုင်ရန် ခက်ခဲလာသလို စိတ်အနှောင့်အယှက်များစွာ စုပုံလာပြီး ကိုယ်ရောစိတ်ပါ မကျန်းမမာဖြစ်လာနိုင်ပါသည်။ စိတ်ဖိစီးမှုသည် ဆိုးကျိုးကိုဖြစ်စေသော ရန်စွယ်တစ်ခုဟု သတ်မှတ်ရမည်ဖြစ်ပါသည်။

နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသည့် စိတ်ဖိစီးမှုများကို လျှော့ချသွားရန် လိုအပ်လှသည်။ လူတစ်ဦးစီ၏ကိုယ်ရည်ကိုယ်သွေး မတူညီကြသဖြင့် စိတ်ဖိစီးမှုလက္ခဏာမှာလည်း တူညီနိုင်မည်မဟုတ်ပေ။ အချို့ကခံနိုင်ရည်ရှိသည်။ ပင်ကိုစိတ်ဓာတ်က မာကျောသည်။အချို့က စိတ်ဓာတ်ပျော့ညံ့လွယ်သည်။ ထိခိုက်ခံစားလွယ်သည်။ စိတ်တွင်ဖြစ်ပေါ်နေသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အားနည်းသူများဖြစ်ကြသည်။ စိတ်ဖိစီးမှုများပြားလာလျှင် ကိုယ်ခန္ဓာတွင် လက္ခဏာများ ပြသတတ်ပါသည်။ ဆံပင်ကျွတ်ခြင်း၊ ကိုယ်အလေးချိန် ပုံမှန်မရှိခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ သည်းခံနိုင်စွမ်း နည်းပါးလာခြင်း၊ အိပ်မပျော်ဖြစ်ခြင်းနှင့် တစ်စုံတစ်ခုကိုအချိန်ပြည့်နီးပါး စိတ်ရောက်တွေးတောနေခြင်းတို့ဖြစ်ပါသည်။

စိတ်ထွက်ပေါက်ပေးသူများ

ယနေ့အချိန်တွင် စိတ်ဖိစီးမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမျိုးစုံ အသုံးပြုလျက်ရှိကြပေသည်။ လွဲမှားသောအပြုအမူများဖြင့် စိတ်ထွက်ပေါက်ပေးသူများလည်း ရှိနေပါသည်။ လူသားမျိုးနွယ်စုတစ်ခု
လုံး လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ထွက်ပေါက်ပေးကြသည်။ အချို့က အရက်သောက်ကြသည်။ အချို့က ဆေးလိပ်နှင့်ကွမ်းကို တရစပ်သုံးစွဲ ကြသည်။ ထိုကဲ့သို့ လွဲမှားစွာ ထင်မြင်ယူဆထားသော နည်းလမ်းများက လူကို ကောင်းကျိုးပေးသည်ထက် ဆိုးကျိုးကို ပိုမိုဖြစ်ပွားစေခဲ့ပါသည်။

စိတ်ဖိစီးမှုကို ကြီးစိုးစေ

လူတိုင်း စိုးရိမ်သောကနှင့် လည်ပင်းဖက်ကြီးပြင်းလာသူများ ဖြစ်ကြသည်။ တုန်လှုပ်စရာတွေ့လျှင် တုန်လှုပ်ကြပြီး စိတ်တည်ငြိမ်မှုမှာ ကန်ရေပြင် ဂယက်ထသည့်နှယ် လှုပ်ရှားလျက်ရှိပေသည်။ မမျှော်လင့်သောကိစ္စ၊ မျှော်လင့်ထားသောကိစ္စများအတွက် အထူးပင် တုန်လှုပ်ကြလေ့ရှိပါသည်။ စိုးရိမ်သောကဝင်လာလျှင် အရေးပေါ်ဖြေရှင်းနိုင်သည့် နည်းလမ်းအချို့ကို အသုံးပြုရမည်ဖြစ်သည်။ တွေးတောမှုကို ချက်ချင်းရပ်တန့်ပစ်ရမည်ဖြစ်သည်။ လက်ငင်းပြုလုပ်ရန် ခက်ခဲသော်လည်းအတွေးစိုးမိုးမှုကို ဖြတ်တောက်ရန်မှာ အရေးကြီးလှပါသည်။ အတွေးသည် စိတ်ဖိစီးမှုကို ကြီးထွားလာစေပါသည်။ စိတ်ဓာတ်ခွန်အားကိုလည်း လျော့ကျစေပါသည်။ မနက်ဖြန်အတွက် ကြိုတင်တွေးတောကြံဆခြင်းသည် ကောင်းမွန်သော်လည်း အတွေးလွန်ခြင်းသည် စိတ်ဖိစီးမှုကို ကြီးစိုးစေပြန်သည်။ အမှားများကို ကျူးလွန်စေနိုင်သည်။

ကိုယ်လက်လှုပ်ရှား အားကစား

လက်ရှိအချိန်ကာလသည် အကောင်းဆုံးကာလဖြစ်သည်ကို ယုံကြည်နိုင်ရမည်။ မိမိကြိုတင်ပူဆွေးထားသည့် ကိစ္စမှာ စိုးရိမ်စရာမဟုတ်ကြောင်းနှင့် မိမိဖြေရှင်းနိုင်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း လက်ခံနိုင်လာပါက စိတ်ဓာတ်ခွန်အား တိုးလာသည်ဟု ယုံကြည်ရမည်ဖြစ်သည်။ စိတ်ဓာတ်ခွန်အား ပိုမိုရရှိစေရန် လုံလောက်သောအနားယူအိပ်စက်မှု၊ ရေကောင်းရေသန့်၊ လေကောင်းလေသန့်နှင့် ဓာတုကင်းလွတ်သော အစားအသောက်များ စားသောက်ရန်နှင့် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုပြုလုပ်ရန် လိုအပ်လှပါသည်။

ထို့ပြင် လုပ်ငန်းခွင်တွင် ဦးစားပေးလုပ်မည့်အပိုင်း၊ နောက်ချန်လုပ်ရမည့်အပိုင်းများကို ခွဲခြားသတ်မှတ်ပြီး အလုပ်ကို ပြီးမြောက်အောင်မြင်စေရပါမည်။ တစ်နေ့တာ လုပ်ငန်းနယ်ပယ်အတွင်း စိတ်ပင်ပန်းမှုမရှိဘဲ ပြီးမြောက်သောလုပ်ငန်းတာဝန်သည် နေ့သစ်များစွာအတွက် လန်းဆန်းတက်ြ<ွကခြင်းကို ပေးစွမ်းနိုင်ပေသည်။မိသားစုနှင့် နွေးနွေးထွေးထွေးနေထိုင်နိုင်ခြင်းကလည်းစိတ်ပင်ပန်းမှုကို လျော့နည်းသက်သာစေပါသည်။

တည်ငြိမ်စေသောနည်းလမ်း

စိတ်ချမ်းသာမှုသည် ရွှေငွေနှင့်မလဲထပ်နိုင်သောတန်ဖိုးထုထည်ဖြစ်ပေသည်။ သူတစ်ပါးက မိမိကိုစိတ်ဆိုးစေသောအပြုအမူကို တုံ့ပြန်နိုင်သောနည်းလမ်းမှာ မိမိ၏စိတ်ကို တည်ငြိမ်စေသောနည်းလမ်းဖြစ်ပါသည်။ ဖြည်းညင်းစွာ စိတ်ကိုငြိမ်သက်စေလျက်စိတ်အေးချမ်းမှုကို အရယူရမည်ဖြစ်ပါသည်။ ဆိုးနေသောစိတ်ကို ယဉ်ပါးအောင်ပြုလုပ်ခြင်းသည် သိမ်မွေ့လှသော်လည်း ပြုကျင့်ရန်မှာ ခက်ခဲလှပါသည်။ အကြိမ်ကြိမ်
အဖန်ဖန် ပြုကျင့်ပါက ငြိမ်းချမ်းသော ဘဝကို ပိုင်ဆိုင်ရရှိနိုင်မည် ဖြစ်ပါသည်။ စိတ်အညစ်အကြေးကင်းစင်သောဘဝဖြင့် စိတ်ထားတတ် မြတ်သော လူပုဂ္ဂိုလ်ပေါင်းများစွာ ပေါ်ထွန်းလာရေး လိုလားတောင့်တနေမိပါသည်။

လူတိုင်းစေ့ စိတ်ဖိစီးမှုလျော့နည်းစေရေး၊ အသက်ရှည်ကျန်းမာရေးအတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရပြည့်စုံရန် အထူးလိုအပ်လှပါသည်။ ကံ၊ စိတ်၊ ဥတု၊အာဟာရ ပြည့်စုံရန်မှာမူ မိမိတို့ကိုယ်တိုင် ပြုကျင့်
နေထိုင်ရမည် ဖြစ်ပါသည်။ စိတ်ကျန်းမာပြီး ကိုယ်ကျန်းမာစေရန် လုံလောက်သော အိပ်စက်အနားယူမှု ရှိရပါမည်။ ကိုယ်ခန္ဓာကျန်းမာရေးအတွက် လိုအပ်သော အစာအာဟာရ မှီဝဲသုံးစွဲရပါမည်။ ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခု ပုံမှန်ပြုလုပ်သွားရပါမည်။ မူးယစ်စေသော အရက်သေစာ သောက်စားခြင်းမှ အထူးရှောင်ကြဉ်ကြရပါမည်။

စိတ်ဖိစီးမှုကို လက်မြှောက်အရှုံးမပေးသင့်ပါ။
လွယ်လွယ်ကူကူ အရှုံးမပေးသည့် စိတ်ဓာတ်သည် စိတ်ဖိစီးမှုပမာဏ အနည်းအများကို ကျော်လွှားနိုင်သည့် စိတ်အဆင့်အတန်းကို ဖြစ်စေပါသည်။ အကောင်းမြင်စိတ် မွေးမြူခြင်းဖြင့် စိတ်ပင်ပန်းမှုကို သက်သာစေပါသည်။ စိတ်ခွန်အားဖြည့် စာပေများများဖတ်ပေးသင့်ပါသည်။ စာအုပ်စာပေလူ့မိတ်ဆွေ ဆိုစကား အတိုင်း လက်တွေ့ကျကျ အကျိုးပြုလျက်ရှိပါသည်။ စာပေမှရရှိနိုင်သည့် စိတ်အာဟာရသည် ဗဟုသုတကိုတိုးပွားစေပြီး မိမိကိုယ်တိုင် ပြောင်းလဲရန် ကြိုးစားလိုစိတ်ကို ဖြစ်ပေါ်စေပါသည်။ ဦးနှောက်၏ တွေးခေါ်နိုင်စွမ်းကို တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာစေပါသည်။ အမှားအမှန်၊ အဆိုးအကောင်းကို ကောင်းမွန်စွာ ခွဲခြားသိမြင်နိုင်စေပါသည်။

လူတိုင်း စိတ်ဖိစီးမှုမှ ကင်းဝေးစေချင်မိပါသည်။ စိတ်လှုပ်ရှားခြင်း၊ စိတ်တို၊ ဒေါသထွက်ခြင်းကို အလွယ်တကူ မပြုမူဘဲ စိတ်ကို သက်သောင့်သက်သာဖြစ်စေသင့်ပါသည်။ စိတ်အေးလျှင် ကိုယ်အေးနိုင်ပါသည်။ ရှေ့ဆက်လျှောက်လှမ်းရမည့် နေ့သစ်တိုင်းအတွက် အင်အားဖြစ်စေပါသည်။ သို့မှသာ မြတ်တရား၏ ဆိုဆုံးမမှုကို လိုက်နာလျက် သမထ၊ ဝိပဿနာ၊ ဘာဝနာတရားများနှင့် အလှမ်းမဝေးစွာ ခရီးဆက်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ဘဝလမ်းခရီးတစ်လျှောက် စိတ်ဖိစီးမှုကင်းဝေးစေရေး မကောင်းမှုရှောင် ကောင်းမှုဆောင်လျက် စိတ်ကိုဖြူအောင်ထားရှိခြင်းသည် စိတ်ပျိုကိုယ်နုခြင်း၊ ကျန်းမာခြင်းသုခအဖုံဖုံ ပြည့်စုံစေပါကြောင်း
နှိုးဆော်တိုက်တွန်း ရေးသားအပ်ပါသည်။

ထက်ဝေအောင် (စစ်ကိုင်း)