Knowledge and News

ကောသလအိပ်မက် (၁၆)ချက်

Knowledge, Thinking

၁ ။ နွားနက်လေးခု ဝှေ့ဟူဟန်ပြင် မဝှေ့ကြဘဲရှောင်လွဲသည်မြင်၊  အရှေ့အနောက် တောင်မြောက်မိုးဆင်းချိန်းသံပေး မိုးဝေးလွင့်ပျောက်စင်။

၂ ။ မြေကမကြွ ငယ်လှသစ်ပင် ၊ ဖူးငုံရင့်ပြီး ပွင့်သီးတွေမြင် ၊ အရွယ်မလှ ပျိုစမဝင် လင်သာ အိမ်ထောင်ချင်။

၃ ။ ယနေ့ဖွားစ နွား နို့သာ မိခင်နွားကြီး စို့ပြီးနေရှာ သမီးနှင့်သား စီးပွားပိုင်ရာ မိနှင့်ဘ ကျွေးမှစားရမှာ။

၄ ။ နွားမကြီးမကြိုက် ဝန်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ ဝပ်လဲနေတယ် ၊ ကြီးသူဖယ်စး မြှောက်စားလူငယ် တိုင်းပြည်ရေးရှုပ်ထွေး ပွေတော့မယ်။

၅ ။ ခံတွင်းနှစ်ခွ မြင်းလှရာဇာ၊ ကျွေးကျွေးသမျှ မဝနိုင်ပါ၊ မှူးမတ်မင်းစိုး လာဘ်ထိုးသူ ရွာ၊ နှုတ်တက်စားတရားစီရင်မှာ။

၆ ။ ခွေးအိုထံဆက် ခွက်သိန်းတန်၊ ကျင်ငယ်အမြဲ ခွက်ထံစွန့်ပြန်၊ မျိုးမြတ်သမီး ပစ္စည်းမက်ဟန်၊ အမျိုးယုတ် လင်လုပ်ခေါင်းဆက်ဆံ။

၇ ။ ရှေ့ကကျစ်ချ လွန်စကြိုးကို၊ ခွေးမခိုးစား ကိုက်ဝါးကာမျို၊ လင်ကြီးပစ္စည်း သိမ်းဆည်းမသို၊ လင်မြှောက်အားမယားလောကွက်ပို။

၈ ။ အိုးငယ်ချည်းနှီး အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်၊ ဆင်းရဲသူများ ဝတ်စားမကျန် အခွန်ထွက် နှိပ်စက်ငွေတောင်းခံ။

၉ ။ ကြာမျိုးငါးဝ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်ကမ်းဘက်ကြည်ပြန်၊ မြို့တွင်းပွေရှုပ် ခွန်တုပ်ကောက်ခံ၊ မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်။

၁၀။ တစ်အိုးတည်းချက် အကျက်မညီ၊ ထမင်းမာဆက် ပျော့နတ်သုံးလီ၊ မင်းနှင့်လူများ တရားမမီ မိုးသုံးစား ကွက်ကျားရွာချမည်။

၁၁။ မွှေးနံ့ထုံကြူး၊ စန္ဒကူး သိန်းတန်၊ ပုန်းရည်နှင့်လဲ သုံးစွဲခါပြန်၊ အလဇ္ဇီများ တရားဖိုးတန် ငွေနှင့်လဲ အမြဲဟောမည်မှန်။

၁၂။ သံကြေးမပေါင်း ဘူးတောင်းဘူးအုံ၊ ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ၊ ပညာရှိများ စကားဥဿုံ ပြောသမျှ လောကမသုံးကုန်။

၁၃။ အိမ်လုံးတောင်လုံး ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွားထင်ရှားပေါ်လာ၊ ရဟန်းရှင်ဆိုး လူဆိုးများသာ၊ ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်မှာ။

၁၄။ အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို၊ ဖားငယ်မများကိုက်ဝါးကာမျို၊ ကညာယူထား သက်ကျားဘိုးအို၊ မယားဆဲအမြဲအော်ငေါက်ဆို။

၁၅။ အဆင်းမည်နက် ကျီးငှက်ထံမှာ ဟင်္သာများ ခစားနေပါ၊ ပညာသီလ ပြည့်ဝသူဟာ သူယုတ်အား ဝပ်တွားနေမှာ။

၁၆။ ဆိတ်ကိုမြင်ငြား ကြောက်အား ပြင်းထန် ခြင်္သေ့သစ်ကျား ခုန်လွှားပြေးပြန်၊ သူယုတ်မာများ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်း တောမြိုင်ယံ။

( ကောသလအိပ်မက် တစ်ဆယ့်ခြောက်ချက် ပြီး၏)