Knowledge and News

မန်းနေပြည်မှ ပိုလိုကစားနည်း

Knowledge

ပိုလိုကစားနည်းသည် ယနေ့ ကမ္ဘာတစ်ဝှမ်းတွင် ကစားကြသော ကစားနည်းတစ်ခု ဖြစ်သည်။ ယခုခေတ် ကစားပုံမှာ မဏိပူရပြည်မှ ဆင်းသက်လာပြီး ထိုဒေသတွင်မူ ရာစုနှစ်များစွာ ကစားနှင့်ခဲ့ကြပြီး ဖြစ်သည်။ ၁၈၆၂ ခုနစ်တွင် ဗြိတိသျှတို့က ထိုမဏိပူရ ရိုးရာကစားနည်းကို မှီငြမ်းကာ ပထမဆုံး ပိုလိုကလပ်ကို ဖွဲ့စည်းခဲ့သည်။

ထိုကစားနည်းမှာ အလွန်ရှေးကျပြီး အာရှအလယ်ပိုင်း ကုန်းပြင်မြင့်တွင် မြင်းစီးသည့်ဓလေ့ ပေါ်ပေါက်လာသည် (မြင်းစီးခြင်းသည် ဘီစီ ၄၅၀၀ ခန့်က စတင်ခဲ့သည်။) နှင့် တစ်ဆက်တည်း စတင်ခဲ့ဟန် ရှိသည်။ ပိုလိုကစားနည်းကို လွန်ခဲ့သော နှစ်နှစ်ထောင်ကျော်က ပါရှားပြည်၊ တန်မင်းဆက် လက်ထက် တရုတ်ပြည် (အေဒီ ၇ ရာစုမှ ၉ ရာစု အတွင်း အမျိုးသမီးများပါ အပါအဝင်)၊ မွန်ဂို (၁၃ ရာစု) တို့က ကျယ်ပြန့်စွာ ကစားခဲ့ကြသည်။

မြန်မာပြည်တွင် မည်သည့်အချိန်က စတင်ကစားခဲ့သည်ကိုမူ မသိရှိရပါ။ ဧရာဝတီမြစ်ဝှမ်း လွင်ပြင်ဒေသတွင် မြင်းစီးခြင်းသည် ပထမထောင်စုနှစ်ခန့်ကပင် စတင်ကာ အရေးပါလာခဲ့သည်။ (ယနေ့မြန်မာဘာသာနှင့် ဆင်တူသော ဘာသာစကား ပြောသူများ နေထိုင်သည့်) ယနေ့ခေတ် ယူနန်ပြည်နယ် တည်နေရာ မှ နန်ချောင်မင်းဆက် (၇ ရာစုမှ ၉ ရာစုအထိ) နှင့် တာ့လီပြည်ထောင် (၁၀ ရာစုမှ ၁၂ ရာစုထိ) တို့မှ မြင်းများသည် မျိုးကောင်းရိုးသန့်များဟု ကျော်ကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြင်းပွဲ ပြုလုပ်သည်ဟု ပထမဆုံး မှတ်တမ်းတွေ့ရသည်မှာ ပင်းယခေတ်၊ သီဟသူ (အေဒီ ၁၂၉၈ မှ ၁၃၂၄ ထိ) လက်ထက်က ဖြစ်သည်။ (ပြာသိုလတွင် ကျင်းပလေ့ ရှိသော) မြင်းပွဲအခမ်းအနားများသည် မန္တလေးကျဆုံးချိန်ထိ တော်ဝင်ပြက္ခဒိန်တွင် အရေးကြီးသော အခမ်းအနားတစ်ခု အဖြစ် ပါဝင်ခဲ့သည်။ ပိုလို သို့မဟုတ် မြန်မာဘာသာဖြင့် ဂူလီ ကစားနည်းကို အနည်းဆုံး ၁၅ ရာစုမှ စ၍ မြင်းပွဲအခမ်းအနားများတွင် ထည့်သွင်းကစားခဲ့ကြပြီး နန်းတော်ပြင်ပ မြို့ရွာများတွင်ပါ ရာစုနှစ်များစွာ ကစားခဲ့ကြဟန် ရှိသည်။ ၂၀ ရာစု ရောက်သောအခါ မြန်မာအခေါ်အဝေါ် ဂူလီ သည် ပျောက်ဆုံးသွားကာ ပိုလို ကစားနည်းသည်သာ ဗြိတိသျှစစ်တပ်မှ အရာရှိများ ကစားသည့် ကစားနည်း အဖြစ် ကျန်ရှိခဲ့သည်။

ပုံကို ၁၉ ရာစု မန္တလေး ပရပိုက်တစ်ခုမှ ရရှိပါသည်။

Credit: https://lostfootsteps.org