Knowledge and News

ကယန်းတိုင်းရင်းသားတို့အကြောင်း သိကောင်းစရာ

History, Knowledge

ဆင်းသက်လာပုံနှင့် နေထိုင်ရာဒေသ
ကယန်းတိုင်းရင်းသားတို့သည် မျိုးနွယ် ကြီး သုံးမျိုးဖြစ်သော နိဂရိုက်၊ ယူရိုပွိုက်၊ မွန်ဂိုလွိုက်ဟူသော လူမျိုးကြီးများအနက် မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာသည်။ မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာသော တိဘက်-မြန်မာ၊ ထိုင်း-တရုတ်၊ မွန်-ခမာ မျိုးနွယ်သုံးမျိုးအနက်မှ ထိုင်း-တရုတ် လူမျိုးနွယ် မှ ဆင်းသက်လာသည်။ ကယန်းတိုင်းရင်းသား တို့သည် မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ် အနောက်မြောက်ပိုင်းမှ လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်း မှ သံတောင်မြို့နယ်၊ ရှမ်းပြည်နယ် အနောက် တောင်ထောင့်မှ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ လယ်ဝေးနှင့်ပျဉ်းမနား မြို့နယ် အရှေ့ပိုင်းတောင်တန်းဒေသတို့တွင် နေထိုင်ကြသည်။


ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသလေးခုတွင် ကယန်း တိုင်းရင်းသားများအပြင် ကရင်၊ ရှမ်း၊ ပအိုဝ်း၊ ဗမာ အစရှိသော တိုင်းရင်းသားလူမျိုးများလည်း နေထိုင်ကြသည်။ တော တောင်ထူထပ်ပေါများ၍ ခရီးသွားလာရေး မလွယ်ကူသဖြင့် လူဦးရေနည်းပါးပြီး တစ်စတုရန်းမိုင်လျှင် လူဦးရေ ၆ဝ ကျော်သာ နေထိုင်ကြသည်။ မြန်မာနိုင်ငံတွင် ကယန်းလူမျိုး လူဦးရေ ၆သောင်းခန့်နေထိုင်ပြီး ထိုင်း ၊ ဗီယက်နမ် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ၆၀၀ ဝန်းကျင်စီ နေထိုင်ကြသည်။ ၎င်းတို့အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ့မရှိပေ။ ပဒေါင် ဟုခေါ်ဆိုခြင်း မှာ ကယန်းဘာသာစကား မဟုတ်ပဲ ၊ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ်ရှိရာရှမ်းဘာသာ စကားဖြင်း ယန်း= ကရင်မျိုးနွယ် ၊ ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းကို ကြေးခွေစွပ်ထား သော ကရင်လူမျိုး ၊ရှမ်းဘာသာစကားဖြစ်သော ယန်းပဒေါင်း မှတွင်လာခြင်း ကြောင့် ဖြစ်သည်။


စာပေနှင့်ဘာသာစကား
လွန်ခဲ့သော နှစ်ပေါင်း ၁၂ဝ ကျော်က နိုင်ငံခြားသား ခရစ်ယာန်ဘာသာ၊ သာသနာပြု ဘုန်းတော်ကြီးများသည် ကယန်းတို့ဒေသသို့ ရောက်ရှိလာပြီး ခရစ်ယာန်ဘာသာအယူဝါဒ များကို စတင်ဟောပြောသွန်သင်ခဲ့သည်။ ထိုခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးများ သည် ကယန်းတို့ဘာသာစကားကို လေ့လာ သင်ကြားပြီးနောက် ကယန်းလူမျိုး၏ စာပေကို တီထွင်ပေးခဲ့သည်။
ထိုခရစ်ယာန်ဘာသာ သာသနာပြုများ အနက် ၁၈၈၁ ခုနှစ်တွင် ဘုန်းတော်ကြီး ကောင်တီနှင့် ဘုန်းတော်ကြီး ကာရ်ဘွန်နိ သည် ဂေပါးလူမျိုး၏ ဘာသာစကားကို လေ့လာ သင်ယူပြီးနောက် လက်တင်အက္ခရာကို အခြေခံ ၍ စာပေတစ်ရပ်ကို တီထွင်ပေးခဲ့သည်။
ယင်းစာပေကို ပုံနှိပ်ထုတ်ဝေ၍ ဂေပါး လူမျိုးတို့အား သင်ကြားပေးခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် သံတောင်မြို့နယ်မြောက်ပိုင်း မောင်ဗလော့ရွာသို့ ကြွရောက်သီတင်းသုံးခဲ့ သော ဘုန်းတော်ကြီး ပေါလ်မန်းနာသည် မောင်ဗလော့ရွာသား အိုင်ဘန်းခန်ဆိုသူ လူငယ်ထံမှ ကယန်းကဲ့ဒေါ့စကားကို လေ့လာသင်ယူတတ်မြောက်ပြီးနောက် လက်တင်အက္ခရာဖြင့် ကယန်းစာပေကို တီထွင်ခဲ့သည်။ ကယန်းစာပေဖြင့် မေတ္တာ နှင့် သီချင်းစာအုပ်များကို ရေးသားထုတ်ဝေခဲ့ သည်။ ယင်းသာသနာပြုဘုန်းတော်ကြီးတီထွင် ပေးခဲ့သောစာပေကို ယနေ့ကယန်းကဲခူနှင့် ကယန်းကငန်တို့က အသုံးပြုလျက်ရှိသည်။
ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးများ သည် ကယန်းစာကို တီထွင်ခဲ့သည့်နည်းတူ ဗြဟ္မစိုရ်ဘာသာဝင် ကယန်းတို့သည် ကိုယ်ပိုင် ဟန်ဖြင့် စာပေတစ်မျိုးကို တီထွင်ခဲ့သည်။ ယင်းစာပေသည် ဗြဟ္မစိုရ်ဘာသာဝင် ကယန်းလူမျိုးအချို့ တတ်မြောက်ထားခဲ့ကြ သော်လည်း ကျယ်ပြန့်စွာ သင်ကြားခြင်းမရှိ သည့်အတွက် တတ်မြောက်သူ အလွန်နည်းပါး သည်။ ကယန်းတိုင်းရင်းသားတို့သည် မျိုးနွယ်စုများဖြစ်သော ကယန်းကငန်၊ ကယန်း ကဲဒေါ့၊ ကယန်းကဲခူ အစရှိသော ကယန်း လူမျိုးစုများသည် ပြောဆိုသောဘာသာ စကားတွင် အသံအနိမ့်အမြင့်၊ လေယူ လေသိမ်းခြားနားသည်မှတစ်ပါး အားလုံး တူညီကြသည်။

ကိုးကွယ်ယုံကြည်မှု
ကယန်းလူမျိုးတို့သည် ကမ်းခွမ်ခေါ် တံခွန်တိုင်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓ ဘာသာနှင့် ဗြဟ္မစိုရ်ဘာသာတို့ကို ကိုးကွယ် ယုံကြည်ကြသည်။ တောစောင့်နတ်၊ တောင်စောင့်နတ်အစရှိသော နတ်အမျိုးမျိုးရှိ သည်ဟု ယုံကြည်၍ ထိုနတ်များကိုပြစ်မှားပါက လူကို ဖျားနာအောင်၊ ဘေးအန္တရာယ်အသွယ် သွယ် ကျရောက်အောင်ပြုတတ်သည်ဟု ယုံကြည်ကြပါသည်။ နတ်အမျိုးမျိုးရှိသည်ဟု ယုံကြည်၍ ပူဇော်ပသကြသော်လည်း နတ်သမီးများကို ပူဇော်ပသခြင်းမရှိချေ။ အိမ်တွင် နတ်ရုပ်ကိုထုလုပ်၍ ကိုးကွယ်ခြင်း မရှိ။ ရွာအပြင်တွင် နတ်ကို ပူဇော်ပသရန် နေရာသတ်မှတ်ထားရှိကြသည်။

အမည်မှည့်ခြင်း
ကယန်းလူမျိုးတို့သည် မိမိသားသမီးများ ကို ချစ်ခင်ကြင်နာသူများဖြစ်ကြပြီး ကလေး၏ ကြီးပွားတိုးတက်ရေးကို အထူးလိုလားကြသည့် အလျောက် မီးဖွားချိန်မှစ၍ ကလေးအတွက် မင်္ဂလာယူလေ့ရှိသည်။ မီးဖွားပြီးလျှင် ကလေး ၏ အချင်းကို အချို့မှာ မြေမြှုပ်ကြပြီး အချို့ မှာ ဝါးဘူးထဲတွင် ထည့်ထား၍ သစ်ခေါင်းတွင် ချိတ်ထားသည်။
ကယန်းအမျိုးသမီးတို့သည် မီးဖွားပြီး ငါးရက်မှ ၁ဝရက် တစ်ပတ်ကြာမှ မီးထွက်လေ့ ရှိသည်။ မီးမထွက်မချင်း မီးနေအိမ်ကို အခြား ဧည့်သည်များ မလာရ။ ဧည့်သည်လာလျှင် ကလေးချက် တော်တော်နှင့် မကြွေဟု အယူရှိ ကြသည်။
ကလေးချက်ကြွေသောအခါ ရွာထဲမှ လူကြီးလူကောင်း သက်ကြီးရွယ်အိုအချို့ကို ခေါ်၍ ထမင်းဟင်းလျာတို့ဖြင့် ဧည့်ခံကျွေးမွေး ကြသည်။ ချက်ကြွေပြီး၍ တစ်လမျှကြာသော အခါ ကလေးအမည်ပေးပွဲကို ပြုလုပ်သည်။ ကလေးကို အဖေ၊ အမေ (သို့) အဘိုး၊ အဘွား တို့က ကလေးနှင့် သင့်လျော်သောအမည်ကို ရွေးချယ်ပေးကြသည်။ ကယန်းလူမျိုးတို့သည် နေ့နံအလိုက် အမည်မှည့်ခြင်းမရှိ။ အမည်ပေး သောအခါ အဘိုး၊ အဘွား အမည်ပါအောင် ထည့်၍ မှည့်ကြသည်။ သို့မဟုတ် အရောင် အဆင်းနှင့် သစ်ပင်ပန်းပင်များကိုမှီ၍ မှည့် တတ်သည်။ ကယန်းတို့သည် အမည်ပေးပုံတွင်-
(က) နမိတ္တက အမည်ပေးခြင်း
(ခ) ဂုဏ်လီအမည်ပေးခြင်း ဟူ၍ ရှိသည်။
အမည်ပေးရာ၌ ယောက်ျားဖြစ်လျှင် အဘိုး၊ ဦးလေးတို့ အမည်ယူလေ့ရှိပြီး မိန်းမ ဖြစ်လျှင် အဘွား၊ အဒေါ်အမည်ကို ယူကြ သည်။ အချို့သော ကယန်းလူမျိုးတွင် မွေးဖွား လာသော သားသမီးများကို ကြီးစဉ်ငယ် လိုက်သိရှိရန် အမည်၏ရှေ့တွင် အောက်ပါ အမည်များကို ထည့်၍ခေါ်လေ့ရှိသည်။ ကယန်းလူမျိုးတို့၏ အမည်ခေါ်ဆိုပုံမှာ အောက်ပါအတိုင်းဖြစ်သည်-
အမျိုးသားအမည်မှာ-
ပထမသား – အိုင်
ဒုတိယသား – ငင်း
တတိယသား – သန်း
စတုတ္ထသား – သိုင်း
ပ ဉ္စမသား – အငို့
ဆဋ္ဌမသား – အလော့
သတ္တမသား – အစို့
အဋ္ဌမသား – ပီး
နဝမသား – ပေါ့
အမျိုးသမီးအမည်များမှာ-
ပထမသမီး – အားမူ
ဒုတိယသမီး – အားအီ
တတိယသမီး – အားပိုင်
စတုတ္ထသမီး – အားလာ
ပ ဉ္စမသမီး – အားအူး
ဆဋ္ဌမသမီး – အားအို
သတ္တမသမီး – အားအစ်
အဋ္ဌမသမီး – အားလူ
နဝမသမီး – အားလာ

အနုပညာနှင့်တူရိယာများ
ကယန်းလူမျိုးတို့သည် မိမိတို့၏ အမျိုးသားဟန်၊ အမျိုးသမီးမူ၊ အမျိုးသားအသံ၊ ရိုးရာအကများရှိကြသည်။ ကယန်းလူမျိုးတို့၏ ရိုးရာတူရိယာပစ္စည်းများမှာ ဖားစည်၊ ဗုံ၊ မောင်း၊ လင်းကွင်း၊ ပလွေ၊ ဒေါင်းဒွေ၊ ကျွဲချို၊ ခေါင်းလောင်းတို့ဖြစ်ကြပြီး ရိုးရာအကများမှာ ကန်ခွမ်အက၊ အိမ်သစ်တက်အက၊ ဝါးညှပ် အက၊ ဒိုင်းအက၊ အသုဘအက၊ ယိမ်းအက အစရှိသည်တို့ ဖြစ်ကြသည်။ ကယန်းလူမျိုးတို့ သည် ရိုးရာတေးဂီတ အမျိုးမျိုးရှိသည်။ ယင်းတေးဂီတများမှာ ယို့သခေါ် အပျိုလူပျို လှည့်ခြင်း တေးသီချင်းများ၊ ငို့ဟန်ခေါ် အသုဘ ဆိုင်ရာ လွမ်းသီချင်းများ၊ ငိုမီးခေါ် အမ်မီး အသုဘတေးသီချင်းများနှင့် အခြားရိုးရာ တေးသီချင်းများလည်းရှိသည်။


ဝတ်စားဆင်ယင်ထုံးဖွဲ့မှု
ကယန်းတိုင်းရင်းသားတို့သည် မျိုးနွယ်စု ဖြစ်သော ကယန်းကငန်(ယင်းဘော်)၊ ကယန်း ကဲခူ(ပဒေါင်)၊ ကယန်းကဲဒေါ့(ဂေခူ)နှင့် ကယန်းလထ(ခေါင်းတို)တို့သည် ပြောဆိုသော ဘာသာစကား၊ ကျင့်သုံးလေ့ရှိသော ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့တွင် တူညီကြပြီး တစ်ဆက်တစ်စပ်တည်းသော နယ်မြေဒေသ တွင် အတူတကွနေထိုင်ကြသော်လည်း မျိုးနွယ်စုတစ်စုနှင့်တစ်စု ဝတ်စားဆင်ယင် ထုံးဖွဲ့မှုမှာ ကွဲပြားကြသည်။


ကြေးပတ်ခြင်းဓလေ့
ကြေးပတ်သော ကယန်းအမျိုးသမီးများကို လည်ရှည်လူမျိုး( Long Neck) ဟုလည်း ကောင်း၊ ဗျိုင်းအမျိုးသမီးဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ကြေးပတ်၍ လည်တံရှည် လာခြင်းသည် ကယန်းတိုင်းရင်းသားတို့ အကြားတွင် လည်တံရှည်လေ ပို၍တင့်တယ် သည်ဟု သဘောထားကြသည်။ မူလအစ ကြေးပတ်ခြင်းသည် မယ်တော်နဂါးမကဲ့သို့ လည်ရှည်မည်ဟူ၍လည်းကောင်း၊ မယ်တော် နဂါးမနှင့် အဆင်းသဏ္ဌာန်အားဖြင့် တူမည် ဟူ၍လည်းကောင်း ယုံကြည်မှုဖြင့် ကြေးပတ်ခဲ့ ကြသည်။
ကြေးပတ်သူ ကယန်းအမျိုးသမီး၏ဦးခေါင်းထိပ်တွင် ဆံထုံးထုံး၍ အချွန်ပြုလုပ် ထားသော ငွေဆံထုံးဖြင့် ထောင်၍စိုက်ထား သော နဂါးအမောက်ပုံသဏ္ဌာန်ကို ဆင်ယင် ထားသည်။ လည်ပင်းတွင် အရစ် ၁၆မှ ၂၅ အရစ်အထိ ပါရှိသောကြေးကွင်းများကို ရစ်ပတ်ထားပြီး လည်ပင်းအရင်းတွင် အရစ် ငါးရစ်ပါရှိသော ကြေးကွင်းကို ထပ်၍ပတ် ထားသည်။ ယင်းကြေးကွင်း ငါးရစ်ကို အချင်း နှစ်လက်မခွဲရှိသော ကြေးကွင်းငယ်တစ်ခုဖြင့် အထိမ်းအမှတ်အဖြစ် တပ်ဆင်ထားခြင်းဖြင့် နဂါးမ၏ လည်ပင်းအရင်းအမောက်သဏ္ဌာန်ပုံ ကို ဆင်ယင်ထားသည်။
ကယန်းအမျိုးသမီးများ ကြေးပတ်ခြင်း ကို အသက်လေးနှစ်ကျော်တွင် စတင်ပတ်ကြ သည်။ ကြေးကွင်းများကို လည်ပင်းနှင့် ခြေသလုံးအထက်ပိုင်းတွင် ပတ်ထားကြသည်။ အသက်ငါးနှစ်ကျော်လွန်လာလျှင် အရစ် တိုး၍ပတ်ပေးကြသည်။ အသက် ရှစ်နှစ် ကျော်လာလျှင် ပို၍လုံးပတ်ကြီးသော ကြေးကွင်းများကိုပတ်ပေးသည်။ ကြေးကွင်း ပတ်ခြင်းကို အသက် ၁၅နှစ် ကျော်တွင် ပြီးဆုံးသည်။
ကယန်းအမျိုးသမီးများသည် ကြေးကွင်း ပတ်ထားခြင်းကြောင့် လည်ရှည်ထွက်လာသည် ဟု ထင်မှတ်ကြသည်။ ကယန်းအမျိုးသမီး၏ လည်ပင်းတွင် ရစ်ပတ်ထားသော ကြေးကွင်း များ၏ အလေးချိန်မှာ ငါးပိဿာခန့်ရှိသည်။ ထိုကြေး၏အလေးကြောင့် ပခုံး၏ကြွက်သား တို့ကို အောက်သို့ဖိချထားသည့်အတွက် လည်ပင်းရှည်ထွက်လာခြင်း ဖြစ်သည်။
ကြေးကွင်းများ၏ အလေးချိန်ကြောင့် ပခုံးရိုး အောက်သို့ တဖြည်းဖြည်းကျဆင်းလာ၍ နံရိုး ပေါ်သို့ ဖိဆင်းသွားကာ ဦးခေါင်းနှင့်ပခုံး အကြားရှိ ကျောရိုးမကြီးဆန့်တက်လာသည်။ ကျောရိုးမရှည်ထွက်လာသည်နှင့်အမျှ လည်ပင်း တွင် ကြေးကွင်းများပါ နေရာယူလာသောအခါ တွင် ပို၍ရှည်ထွက်လာသည်ဟု ထင်မြင် စေသည်။ ကြေးပတ်ခြင်းကြောင့် လည်ပင်း ရှည်ထွက်လာခြင်းမဟုတ်ဘဲ ပခုံးရိုးအောက်သို့ နိမ့်ဆင်းခြင်းသာဖြစ်သည်။
ကယန်းအမျိုးသမီးတို့၏ကြေးပတ်ခြင်းကို အမျိုးသားတို့က ဆောင်ရွက်ပေးခြင်းမဟုတ်ဘဲ ကျွမ်းကျင်သော အမျိုးသမီးတို့အချင်းချင်း တပ်ပေးကြသည်။ အမျိုးသားတို့မှာ အမျိုးသမီးပတ်လိုသော ကြေးချောင်းလုံးပတ် အရွယ်အစားရရှိစေရန် ကြေးချောင်းများကို မီးအပူပေး၍ သစ်သားလုံးတွင် ရစ်ပတ်ထား သော အပေါက်မျိုးစုံပါရှိသော သံပြားဖြင့် နန်းဆွဲပေးသည်။ ။

(ကိုးကားချက်)
ဦးပီမောင်စိုး(လွိုင်ကော်)- ကယန်းတိုင်းရင်းသားသမိုင်း
မိုင်းနော်ရိန်း