Knowledge and News

ထူးဆန်းတဲ့ပုံသဏ္ဍာန်နဲ့ရှားပါးမျိုးစိတ်ဖြစ်လာတဲ့ ကိုကိုဒီမာအုန်းသီး

Knowledge

အိန္ဒိယ သမုဒ္ဒရာထဲတွင် တည်ရှိသော ဆေရှဲလ်စ်ကျွန်းစုများတွင်သာ ပေါက်ရောက်ပြီးရှားပါးသော အုန်းပင်မျိုးစိတ်ဖြစ်သည့် ကိုကိုဒီမာ (coco de mer) ဟုခေါ်သည့် အခွံမာသီးပါသော အပင်သည် ဒဏ္ဍာရီအမျိုးမျိုးနှင့်ယဉ်ကျေးမှု အမွေအနှစ်များရှိသည့် ထူးဆန်းသည့် အပင်တစ်မျိုးဖြစ်သည်။

၎င်းအပင်ကို Lodoicea ဟုခေါ်ပြီး မော်လ်ဒိုက်အုန်းသီး (Maldive Coconut) ဟုလည်း လူသိများသည်။၎င်း၏ သိပ္ပံနည်းကျ အမည်မှာ Lodoicea Maldivica ဖြစ်သည်။

ကိုကိုဒီမာသည် အာဖရိကတိုက် အရှေ့ဘက် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဆေရှဲလ်စ်ကျွန်းစုများဖြစ်သော ပရစ္စလင် နှင့် ကူရီယူးစ်ကျွန်းစုများတွင်သာ ပေါက်ရောက်သောရှေးအကျဆုံးအပင်ဖြစ်သည်။

ဆေရှဲလ်စ်ကျွန်းစုများကိုလူတို့ရှာဖွေတွေ့ရှိခြင်းနှင့် အခြေချခြင်းမပြုမီက အဆိုပါအပင်မျိုးစိတ်များ၏အခွံမာသီးများသည် သမုဒ္ဒရာရေစီး ကြောင်းများကြောင့် ဝေးလံသောပင်လယ် ကမ်းခြေများသို့​ရောက်ရှိသွားခဲ့သည်။

ကိုကိုဒီမာအပင်သည် ကမ္ဘာပေါ်တွင် ထူးခြားသောအရွယ်အစား၊ ပုံစံနှင့် အရည် အသွေးများကြောင့် အဆိုပါအပင်သည် ဒဏ္ဍာရီပုံပြင်များစွာကို ဖြစ်ပေါ်စေသည်။

 

ထူးခြား အံ့သြဖွယ်ကောင်းသော ပုံသဏ္ဌာန်

သို့သော် ၎င်း၏ကျော်ကြားမှုသည် မျိုးစေ့ နှင့် အသီးများ၏ အရွယ်အစားကြောင့် မဟုတ်ဘဲ အသီးသည် ထူးခြားအံ့သြဖွယ် ကောင်းသော ပုံသဏ္ဌာန်ကြောင့်ဖြစ်သည်။ အသီး၏တစ်ဖက်တွင် အမျိုးသမီးတစ်ဦး၏တင်ပါးပုံရှိကာ အခြားတစ်ဖက်တွင် အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်၊ ပေါင်ပိုင်းတို့နှင့် ဆင်တူနေသည်။

၎င်း၏ ရှေးက ရုက္ခဗေဒ အမည်မှာ Lodoicea callipyge ဖြစ်ပြီး ဂရိတွင်  Callipyge သည် “လှပသော တင်ပါး”ဟု အဓိပ္ပာယ်ရသည်။ကိုကိုဒီမာဟူ သောစကားလုံးသည် ပြင်သစ်စကားဖြစ်ပြီး “ပင်လယ်အုန်းသီး” ဟု အဓိပ္ပာယ်ရပြီး အချစ်အခွံမာသီး၊နှစ်ထပ်အုန်းသီး၊တင်ပါး အုန်းသီး၊ဆေရှဲလ်အခွံမာသီးဟုလည်း ခေါ် ကြသည်။

ကိုကိုဒီမာအပင်သည် ပင်စည်လုံးဝန်း ရှည်လျားပြီး မြေပြင်မှ အမြင့်ပေ ၁ဝဝ နီးပါး ထိရှိသည်။ ၎င်းအပင်သည် အမြင့်ပေ ၈ဝ မှ ပေ ၁၁ဝ ထိကြီးထွားနိုင်ပြီး အမြင့်ဆုံး စံချိန်မှာ ၁၈၆ ပေဖြစ်သည်။ အပင်၏ ထိပ် ပိုင်းတွင်အုန်းလက်၊ ထန်းလက်များကဲ့သို့ အရွက်အလက်များမှာ ပြွတ်သိပ်၍ ယပ် တောင်ပုံစံ ၁၆ ပေခန့်အထိ ဖြာထွက်နေသည်။

ထိုအသီး၏ အလေးချိန်သည် ၉၂ ပေါင်ခွဲခန့်ရှိပြီး ရင့်ကျက်သောမျိုးစေ့အဆန် ၏ အလေးချိန်သည် ၃၈ ပေါင်ခန့်ရှိသဖြင့် ကမ္ဘာပေါ်တွင် အလေးဆုံးဖြစ်သည်။

အဖိုပင်နှင့် အမပင်ဟူ၍ ရှိပြီး အဖိုပင်၏ ပန်းသည် ကြောင်မြီးပန်းနှင့်တူကာ သုံးပေ ကျော်ထိ ရှည်လျားပြီး ၁ဝ နှစ်တာကာလ အတွင်း ဝတ်မှုန်များကို ဆက်လက်ထုတ် လုပ်နိုင်သဖြင့် လူသိများသော သက်တမ်း အရှည်ဆုံးဝတ်မှုန်ကူးမှုဖြစ်သည်။

အသီး ရင့်မှည့်ရန် ၆ နှစ်မှ ၇ နှစ်ထိ လိုအပ်ပြီး အပင်ပေါက်ရန် နောက်ထပ် ၂ နှစ် လိုအပ်သည်။ ကိုကိုဒီမာအသီးသည် အုန်းသီးနှင့် မတူဘဲ သမုဒ္ဒရာရေပေါ်တွင် မျောပါသွား သော်လည်း သဘာဝအလျောက် ပျံ့နှံ့သွား ခြင်းမရှိချေ။

အသီးသည် ပင်လယ်ထဲသို့ ကျသွားသောအခါ ၎င်း၏ အလေးချိန် သိပ်သည်းဆများသောကြောင့် ရေပေါ်သို့ မတက်နိုင်ဘဲ ရေအောက်ခြေသို့နစ်မြုပ်သွားလေ့ရှိသည်။ထို့နောက် အသီးများသည် ပင်လယ်ကြမ်းပြင်ပေါ်တွင် ကြာရှည်စွာ တည်ရှိပြီးနောက်အစေ့ခွံသည် ပြုတ်ထွက်သွားပြီး အသီး၏အတွင်းပိုင်းသည် ပျက်စီးသွားသည်။

အသီးအတွင်းမှ ဖြစ်ပေါ်လာသော ဓာတ်ငွေ့များကြောင့်အသီး၏ အခွံသည် ရေမျက်နှာပြင်ပေါ်သို့ တက်လာသည်။ထိုအချိန်တွင် အသီးသည် ပင်လယ်ရေစီးကြောင်းအတိုင်း ဝေးလံ သောကမ်းခြေသို့ မျောပါရောက်ရှိသွား သော်လည်း အသီးထဲတွင် အနှစ်မရှိ တော့သဖြင့် အပင်သစ်မပေါက်နိုင်တော့ပေ။

ကိုကိုဒီမာ (coco de mer) နှင့် ယုံကြည်မှု

မလေးသင်္ဘောသားများသည် ကိုကိုဒီမာအသီးသည် ပင်လယ်ကြမ်းပြင်မှ အထက်သို့ ပေါ်လာသည်ကို တွေ့ရှိခဲ့ကြသဖြင့် ထိုအခွံမာသီးများသည် အိန္ဒိယသမုဒ္ဒရာ အောက်ခြေရှိ ရေအောက်သစ်ပင်များမှပေါက်ဖွားလာခြင်းဖြစ်မည်ဟု တွေးခဲ့ကြသည်။

မလေးလူမျိုးတို့က ထိုအပင်သည် ကြီးမားသော ငှက် (သို့မဟုတ်) ငှက်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် “ဂါယူဒါ” သတ္တဝါ၏အိမ်ဖြစ်မည်ဟု ယုံကြည်ကြသည်။အာဖရိကယဇ်ပုရောဟိတ်များက “ဂါယူဒါ” သည် ဆင်နှင့် ကျားတို့ကို အမဲလိုက်နိုင်သည်ဟု ယုံကြည်ကြသည်။

တစ်ခါတစ်ရံ ကိုကိုဒီမာအပင်များသည် သမုဒ္ဒရာမျက်နှာပြင် အထက်သို့ တက်လာသောအခါသစ်ပင်များကြောင့် ဖြစ်ပေါ်လာသော လှိုင်းများသည် အနီးအနားရှိ သင်္ဘောများကို ခရီး ဆက်လက်သွားနိုင်ခြင်းမရှိတော့ဘဲ အကူအညီမဲ့နေသည့် သင်္ဘောသားများကို “ဂါယူဒါ” တို့က စားသုံးကြသည်ဟု ယုံကြည်ကြသည်။

သမိုင်းကြောင်းအရ ကိုကိုဒီမာအသီးများကို အာရေဗျနှင့် ဥရောပတို့တွင် ကံဇာတာကောင်းစေသည့် ပစ္စည်းအဖြစ် ရောင်းချခဲ့ကြသည်။

မော်လ်ဒိုက်တွင် သမုဒ္ဒရာအတွင်း၌ သို့မဟုတ် ကမ်းခြေများ၌ တွေ့ရသော ကိုကိုဒီမာအခွံမာသီးကို ဘုရင်ထံသို့ ပေးအပ်ဆက်သရန်လိုအပ်သည်။ ထိုသို့ မဟုတ်ဘဲ အခွံမာသီးများကို သိမ်းဆည်းထားခြင်း သို့မဟုတ်ရောင်းချခြင်းတို့ ပြုလုပ်ပါက သေဒဏ်အထိချမှတ်နိုင်သည်။ သို့သော် ရောမဧကရာဇ်ဘုရင် ရိုဒေါ့ဖ်-၂ သည် ရွှေဒင်္ဂါး ၄ဝဝဝ ပေးပြီး ကိုကိုဒီမာအသီးကို ဝယ်ယူနိုင်ခဲ့သည်။

ပေါ်တူဂီသမိုင်းပညာရှင်ဖြစ်သော ဂျို ဝါးဒီဘားရို့စ်က ကိုကိုဒီမာသည် အံ့ဖွယ်ကုသနိုင်သော စွမ်းအားများရှိပြီး အဖိုးတန် ကျောက်အမြုတေထက် သာလွန်သည်ဟု ယုံကြည်သည်။

ဂျာမန်ရုက္ခဗေဒပညာရှင် ဒေါက်တာ ဘတ်သရိုကားလ်ဆီးမန်းက ကိုကိုဒီမာအသီးသည် အဆိပ်အားလုံးကို ချေဖျက်ပေးနိုင်သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

၁၆ ရာစုတွင် ဥရောပမှ မှူးမတ်များသည် ၎င်းတို့စုဆောင်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာများကို ကိုကိုဒီမာအသီး၏ အခွံများဖြင့် ပွတ်တိုက်ပြီး အလှဆင်ကြသည်။ ၎င်းအသီးကို အိန္ဒိယနှင့်တရုတ်နိုင်ငံတို့တွင် တိုင်းရင်း ဆေးဝါးများဖော်စပ်ရာ၌ အသုံးပြုလေ့ရှိသည်။ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ်တွင် ဟင်းချိုများကို အရသာတိုး မြှင့်ရာတွင် အသုံးပြုကြောင်း တွေ့ရှိရသည်။

ကိုကိုဒီမာနှင့်ပတ်သက်သော ဒဏ္ဍာရီအသစ်များ

ကိုကိုဒီမာနှင့်ပတ်သက်သော ဒဏ္ဍာရီ အသစ်များသည် ၁၇၄၃ ခုနှစ်နောက်ပိုင်းင် ၎င်းသစ်ပင်များကို ရှာဖွေတွေ့ရှိပြီးနောက် ပေါ်ပေါက်လာခဲ့သည်။ ကိုကိုဒီမာ အမပင်မှသာ အသီးများသီးလေ့ရှိပြီး အဖိုပင်များသည် အသီးမသီးဘဲရှည်လျားသော အဖူးတံများသာရှိသည်။

အချို့လူများက အဆိုပါသစ်ပင်များသည် မုန်တိုင်းထန် သောညများတွင် အလွန်ချစ်ခင်တွယ်တာ တတ်ကြောင်း ယုံကြည်ကြသည်။ ဒဏ္ဍာရီအရ အဖိုပင်များသည် အမပင်များရှိရာသို့ ချဉ်းကပ်ကြပြီး ချစ်ခြင်းမေတ္တာပြုလုပ်လေ့ရှိသည်။

၎င်းသစ်ပင်များသည် အလွန်ရှက်တတ်သောကြောင့် သစ်ပင်ချင်းချစ်နေကြသည်ကို မြင်သွားသူရှိပါက ထိုသူသည် သေသွားနိုင်သည် (သို့မဟုတ်) မျက်စိကန်း သွားမည်ဟု ဒဏ္ဍာရီတွင် ဖော်ပြထားသည်။

ယခုအချိန်ထိ ကိုကိုဒီမာပင်များ၏ ဝတ်မှုန်ကူးမျိုးပွားမှုကို အပြည့်အဝ နားမလည်သေးခြင်းသည် ဒဏ္ဍာရီနောက် ကွယ်ရှိ အချက်များအနက်မှ တစ်ခုဖြစ်သည်။

ယနေ့အချိန်တွင် ကိုကိုဒီမာ အပင်များ ပေါက်ရောက်မှုရှားပါးလာသဖြင့် ၎င်းကို ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ထားသောမျိုးစိတ်အဖြစ် သတ်မှတ်ထားရှိပါတယ်။