Knowledge and News

ဆုပန်ကလျာ

History

 

ဆုပန်ကလျာ (ထိုင်းဘာသာ – สุพรรณกัลยา; မြန်မာဘာသာ – ဗြဣန္ဒဒေဝီ ; အင်္ဂလိပ် – Suphankanlaya) သည် ၁၆ ရာစု ယိုးဒယားမင်းသမီးတစ်ပါးဖြစ်ပြီး ဘုရင်နောင်မင်းတရားကြီး၏ မိဖုရားတစ်ပါးလည်း ဖြစ်လေသည်။ ယင်း၏ဘဝအကြောင်းကို မှတ်တမ်းတင်ထားသည့် သမိုင်းမှတ်တမ်းမှာ အနည်းငယ်သာရှိသော်လည်း ယင်းနှင့်ပက်သက်သည့် ဒဏ္ဍာရီအမြောက်အမြားသည် ထိုင်းတစ်နိုင်ငံလုံးတွင် ပျံ့နှံ့လျက်ရှိလေသည်။ သူမအား ထိုင်းနိုင်ငံ၏ သူရဲကောင်းတစ်ဦးအဖြစ်လည်းကောင်း နတ်သမီး တစ်ပါးအဖြစ်လည်းကောင်း ထိုင်းတို့ ရိုသေမြတ်နိုးကြလေသည်။

နောင်တွင် အယုဒ္ဓယပြည်၌ မင်းဖြစ်လာသည့် ပိဿလောက်စား မဟာသမ္မာရာဇမင်း နှင့် မယ်တော် ဝိသုကေသထရီ တို့၏ သမီးတော်တစ်ပါးဖြစ်ပြီး မွေးချင်းမောင်နှစ်မများမှာ အယုဒ္ဓယတွင် မင်းဖြစ်လာမည့် မောင်တော် မင်းသားဗြနရာဇ် နှင့် ဧကထိုစရို တို့ဖြစ်ကြသည်။ သူမ၏ မိခင်ဘက်မှ အမျိုးစပ်လျင် ချက္ကရဖတ်မင်းနှင့် မိဖုရား ဆူရီယိုထိုင်းတို့၏ မြေးတော်တစ်ဦးဖြစ်သည်။

ယိုးဒယားမင်းသမီး ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီး ကိုယ်တော်တိုင် ထီးဖြူပေး၍ အယုဒ္ဓယဘုရင်အဖြစ် ခန့်အပ်ပေးခဲ့သော ဗြမဟာဓမ္မရာဇာမင်းနှင့် မိဖုရား ဗြဝိသုဒ္ဓိကေသထရီတို့၏ သမီးတော်ဖြစ်ပါသည်။ ရွှေအဆင်းကဲ့သို့ အသားအရေချောမွေ့သူ (ဗြသုဝဏ္ဏဒေဝီ) အဖြစ် ယိုးဒယားရာဇဝင်များက မှတ်တမ်းတင်ခဲ့ကြပြီး မြန်မာရာဇဝင်များကလည်း ထိုအချက်ကို အစွဲပြုကာ ဗြသဝန် ဟု သုံးနှုံးမှတ်တမ်း တင်ခဲ့ကြပါသည်။

၁၅၆၉ ခုနှစ်တွင် ဘုရင့်နောင်ကိုယ်တော်တိုင် အယုဒ္ဓယသို့ ချီတက်သိမ်းယူကာ မိမိသစ္စာခံ ဗြမဟာဓမ္မရာဇာကို နန်းတင် ပေးတော်မူခဲ့ပါသည်။ ဗြမဟာဓမ္မရာဇာ ကလည်း မိမိ၏ ဆယ့်ခုနစ်နှစ်အရွယ် သမီးတော် ဆုပန်ကလျာကို ဘုရင့်နောင်ထံ ဆက်သခဲ့ပါသည်။ ဆုပန်ကလျာသည် ဘုရင့်နောင် မင်းကြီးနှင့် သမီးတော်တစ်ပါး ရရှိခဲ့ပါသည်။ မင်းအထွေး ဟု မြန်မာမှတ်တမ်းများက တညီတညွတ်တည်း ပြဆိုကြပါသည်

ယိုးဒယားတို့ကမူ ဆုပန်ကလျာသည် ကိုယ်ဝန်အရင့်အမာဖြင့် ရှိနေစဉ် နန္ဒဘုရင် ( ဘုရင့်နောင်၏သားတော်) က ဓါးဖြင့် ခုတ်သတ်ခဲ့သည်ဟု ဆိုထားကြပါသည်။ မည်သည့်ဘက်က မှန်သည်မှားသည်ဟု မဆိုသာလှသော်လည်း ဆုပန်ကလျာ၏ ဇာတ်သိမ်းမှာမူ ယနေ့တိုင် ပျောက်ကွယ် နေပါသေးသည်။ယိုးဒယားလူမျိုးများ (အထူးသဖြင့် အမျိုးသမီးစီးပွားရေးသမားများ) သည် ယနေ့တိုင် ဆုပန်ကလျာကို ရုပ်တုများ ရုပ်ပုံများဖြင့် ကိုးကွယ်နေကြသည်ကိုလည်း လေ့လာတွေ့ရှိ့ကြရပါသည်။

ဖီချစ်ပြည်နယ်မှ ဘုန်းကြီးတစ်ပါးကမူ ဆုပန်ကလျာဝိညာဉ်သည် မြန်မာပြည်မှ မထွက်ခွာနိုင်သေးသဖြင့် မိမိကိုယ်တိုင် ယတြာမန္တရားများဖြင့် ဆုပန်ကလျာကို ချုပ်နှောင်ထားသော မြန်မာတို့၏ မှော်အတတ်ကို ဖယ်ရှားပေးနိုင်ခဲ့ကြောင်းကို ပြောကြားခဲ့ရာ (၁၉၉၇) ခုနှစ် အာရှစီးပွားပျက်ကပ်တွင် ဆုပန်ကလျာကို ကိုးကွယ်ကြသူများ များပြားလာခဲ့ပါသည်။ခေတ်ပျက်တွင် ထိုဆုပန်ကလျာဇာတ်လမ်းကို မှီး၍ ချမ်းသာသွားကြ သူများပင်ရှိခဲ့ကြပါသည်။

ကျွန်တော့်အမြင်ကို ပြောရလျှင်မူ ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီး နတ်ရွာစံပြီးနောက် နန်းတက်သော နန္ဒဘုရင်၏ အမျက်ဒေါသကို တိမ်းရှောင်ရန် အင်းစိန်အရပ်သို့ နောက်လိုက်များဖြင့် ထွက်ခွာခဲ့ဟန်တူပါသည်။ အကြောင်းမှာ မင်္ဂလာဒုံမြို့နယ်တွင်းရှိ ကျိုက်ကလို့ စေတီတွင် ဆုပန်ကလျာကို နတ်ကွန်းကဲ့သို့ နေရာပေးကာ ကိုးကွယ် ထားကြသောကြောင့် ဖြစ်ပါသည်။