Knowledge and News

ဗုဒ္ဓဘာသာ ငါးမျိုး

Knowledge

ယနေ့ခေတ်မှာဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ ဘုရားစကားနဲ့ ဆန့်ကျင်ဘက်တွေချည်းလုပ်နေကြတာများလာပါပြီ။ ဒီလို အခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက “နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုးကွဲပြားလိမ့်မယ်” ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့ ….

(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ

(၁) ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါမျိုးကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ အဲဒါ ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ(လာဘ်လာဘ လိုလို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာ)လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝစီးပွားရေးလေး တက်မလားဆိုပြီးတော့မှဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။ ဘုရားကိုးကွယ်မှလာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဉာဏ်ဝီရိယ သတ္တိကြောင့်ပါ။အရောင်းအဝယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ် ။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေနတ်တွေ ကိုးကွယ်တာတွေ စတဲ့ လာဘ်လာဘလိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃) ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)ဘယဗုဒ္ဓဘာသာဆိုတာဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။

(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာသဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကိုယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွ ားကြတဲ့ အရိယာသူတော်စင်ကြီး တွေဟာနိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။”အသေလွတ်ရာ ပြတတ်လို့မြတ်စွာဘုရားအား ကိုးကွယ်ပါ၏” ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။တရားတော်ကိုဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့ တဲ့ တရားတော်ကိုကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။တရားတော်ကို မှန်သောယုံကြည်မှု။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့ ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်၊ ဝိနည်းအဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကိုသံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဗုဒ္ဓရဲ့ ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာတရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။ မှားတာကိုမှားတယ်လိို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိကဗုဒ္ဓဘာသာပါ။

(၅) ပညာဓိက ဗုဒ္ဓဘာသာပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်းဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကိုကိုယ်တိုင်သစ္စာတရားတော်ကိုသေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာကပညာ။ ထို့ကြောင့်သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှကူမြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင်ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဉာဏ်နဲ့ ဖြတ်ရပါမယ်။ ဉာဏ်နဲ့ ဖြတ်လိုက်လို့ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်းပါပါတယ်။ ဒါသည်သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။

Credit: အရှင်တေဇနန္ဒာ
# shwelinmaung