Knowledge and News

ပုလဲထွက်တဲ့ ကမာကောင်လေးတွေက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုသလဲ

Health, Knowledge

ကမာဟု ဆိုလိုက်လျှင် ပုလဲထွက်သော အကောင်တစ်မျိုးအဖြစ်သာ ယေဘုယျအသိများကြသည်။ ကမာနှင့် ပတ်သက်၍ ကမာ၏ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဌာန်နှင့် လိင်သဘာဝပြောင်းလဲမှု၊ ပေါက်ဖွား ကြီးပြင်းမှု၊ နေထိုင်စားသောက်မှုနှင့် အန္တရာယ်ကျရောက်မှု၊ စီးပွားရေးအရ အရေးပါမှုနှင့် ကျန်းမာရေး သက်ရောက်မှုများကို ထဲထဲဝင်ဝင် သိရှိသူ နည်းပါးလှသည်။

ထို့ကြောင့် ဤဆောင်းပါးတွင် လေ့လာတွေ့ရှိရသမျှ ကမာအကြောင်း သိကောင်းစရာများကို တင်ပြလိုက်ရပါသည်။

ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဌာန်နှင့် လိင်သဘာဝပြောင်းလဲမှု

ကမာသည် အခွံနှစ်ခြမ်းရှိသော ရေနေ ခရုတစ်မျိုးဖြစ်သည်။ ယင်း၏ အခွံနှစ်ခြမ်းတွင် ရုန်းနိုင် ကျုံ့နိုင်သော အကြောတစ်ခုပါဝင်ပြီး ပတ္တာသဖွယ် တွယ်ကပ်ထား၏။

သာမန်အားဖြင့် အပေါ်ဘက် အခွံသည် ပြား၍ အောက်ဘက်အခွံသည် ခွက်၏။အောက်ဘက်ရှိ ခွက်သော အခွံထဲ၌ ကမာ၏ ကိုယ်ခန္ဓာ တည်ရှိသည်။

ကမာကို လိင်သဘာဝအားဖြင့် နှစ်မျိုးခွဲခြားထားသည်။ ပထမမျိုးမှာ အဖိုနှင့်အမတစ်လှည့်စီဖြစ်သွားသော အမျိုး ဖြစ်သည်။ ယင်းကမာမျိုးများသည် ဥရောပ၊ ပစိဖိတ်၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့၌ ပေါက်ဖွားသော ကမာမျိုးများ ဖြစ်၏။

ယင်းကမာများသည် အဖိုဓာတ်အဖြစ် ပထမဖြစ်တည်ပြီးမှ တစ်နှစ်ပြီးတစ်နှစ် အဖို အမ တစ်လှည့်စီ ဖြစ်သွားတတ်ကြသည်။ အချို့မှာမူ တစ်နှစ်အတွင်း သုံးကြိမ်မျှ လိင်ပြောင်းလဲလေ့ရှိသည်။

ဒုတိယမျိုးမှာ စတင်ပေါက်ဖွားချိန်က အဖိုဓာတ်ဖြစ်ပြီး ပေါက်ဖွားချိန် လွန်မြောက်သောအခါတွင် အဖိုဘဝမှ လိင်ပြောင်းကာ အမဘဝသို့ ကူးပြောင်းသွားတတ်သည့် အမျိုးဖြစ်သည်။ ထိုအမျိုးများတွင် အမေရိကန်၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့၌ ပေါက်ဖွားသော ကမာကောင်များ ပါဝင်ကြသည်။

ပေါက်ဖွားကြီးပြင်းမှု

ကမာများအား ပေါက်ဖွားကြီးပြင်းမှုကိုလိုက်၍လည်း နှစ်မျိုး ခွဲခြားထားသည်။ ပထမတစ်မျိုးသည် ဥနှင့်တကွ ပေါက်ခါစ သားငယ်များကို မိခင်ကမာ၏ အခွံအတွင်းတွင် အတန်ကြာအောင် ထိန်းထားပြီးမှ ရေ၌ လွှတ်၍ ကြီးပြင်းစေသည်။ ဒုတိယတစ်မျိုးမှာမူ ပေါက်ဖွားစဉ် ဥများကို ရေ၌ တိုက်ရိုက် ဥချလေ့ရှိ၏။

ဥမှပေါက်ခါစ ကမာသားပေါက်ငယ်များတွင် အခွံမာ မပါကြပေ။ ဥမှပေါက်ပြီးနောက် ကမာသား ပေါက်ငယ်တို့သည် နာရီအနည်းငယ်အတွင်း ရေထဲ၌ လှုပ်ရှားကူးခပ်ပြီးသော် ထိုနေ့မှာပင် ကိုယ်ပေါ်၌ နှစ်ခြမ်းစပ် အခွံမာ ဖြစ်ပေါ်လာသည်။

ထိုအချိန်များတွင် ဒီရေတက်လာပါက ကမာပေါက်စတို့သည် အဝေးသို့လွင့်စဉ်ပါသွားတတ်၏။ အများအားဖြင့် ပင်လယ်ရေအောက်ရှိ အခြားသတ္တဝါများ အစားခံရ၍သော် လည်းကောင်း၊ ညွန်တွင်နစ်၍သော်လည်းကောင်း သေဆုံးသွားတတ်ကြသည်။

အသက်မသေဘဲ ကျန်ခဲ့သော ကမာပေါက်စအချို့သည် ရက်သတ္တပတ်အနည်းငယ်ကြာသောအခါ ရေအောက်ရှိ ကျောက်ဆောင်၊ကျောက်တုံးများကြားတွင် အမြဲတွယ်ကပ်နေကြတော့၏။ ထိုသို့တွယ်ကပ်ပြီး မကြာမီမှာပင် ရေထဲ၌ ကူးခပ်သွားလာနိုင်သည့်အင်္ဂါ အစိတ်အပိုင်းများနှင့် ခြေထောက်များလည်း ပျောက်ကွယ်သွားလေသည်။

ကမာကောင်သည် တစ်ခါပေါက်ဖွားလျှင် အကောင်ရေ သိန်း၊ သန်းချီ ပေါက်ဖွားနိုင်သည်။ အရွယ်ကြီးမားသော မျိုးဖြစ်လျှင် ပိုမိုများပြားစွာ ပေါက်ဖွားနိုင်၍ ကမာသားပေါက်များသည် ပူနွေးသောဒေသများ၌ ကြီးထွားမှုနှုန်း မြန်ဆန်သည်။

ကမာ၏ ကြီးထွားမှုသည် အဓိကအားဖြင့် ယင်းတို့နေထိုင်ရာ ရေ၏ အပူချိန်၊ အစာ အနည်းအများနှင့် ရာသီဥတုတို့အပေါ်တွင် မူတည်သည်။ ကမာကောင်၏ အရွယ်မှာ အမျိုးကိုလိုက်၍ ၂ နှစ်၊ ၃ နှစ်အတွင်း ၁ လက်မခွဲမှ ၅ လက်မအရွယ်ခန့်အထိ ရှိကြသည်။

ဖမ်းဆီးစားသောက်ခြင်း မပြုဘဲထားပါက ထိုထက်ပိုမိုကြီးထွားနိုင်၏။ အမေရိကန်ကမာမျိုးများ ထဲတွင် ၁၄ လက်မအထိ ကြီးထွားသော ကမာမျိုးများ ရှိဖူး၏။ ကမာတို့၏ သက်တမ်းကို ယနေ့အထိ တိတိကျကျ ပြောဆိုနိုင်ခြင်းလည်း မရှိသေးချေ။

နေထိုင် စားသောက်မှုနှင့် အန္တရာယ်ကျရောက်မှု

ကမာကောင်များသည် ရေအောက်သတ္တဝါများဖြစ်သည့်အတွက် ယင်းတို့၏ အစားအစာကိုလည်း ရေအောက်တွင်သာ ရှာဖွေစားသောက်လေ့ရှိ၏။ ရေအောက်ရှိ မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်သောအပင်နှင့် ရေပိုးရေမွှားများကို ခုံမင်စွာ စားသောက်ကြ၏။

ပတ်ဝန်းကျင်ရေ နွေးလျက်ရှိချိန်များတွင် အစာကို သာမန်ထက်ပို၍ စားနိုင်ကြသည်။ ဆောင်းတွင်း၌ ရေ၏အပူချိန်လျော့နည်းသွားသည့်အတွက် အချို့ကမာကောင်များ အစာအစားရပ်သွား၍ မလှုပ်မယှက်ငြိမ်နေတတ်ကြသည်။ ကမာကောင်များ၏ အစာများတွင် အာဟာရဖြစ်စေတတ်သော သံဓာတ်နှင့် ကြေးနီဓာတ် မြောက်မြားစွာ ပါဝင်ကြသည်။

ကမာကောင်များသည် အသက်ရှင်နေသမျှကာလပတ်လုံး ရန်သူပေါင်းများစွာနှင့် အမြဲကြုံတွေ့နေကြရသည်။ အခွံမာ ဖုံးပြီးနောက် ကြီးပြင်းသည့်အရွယ်တွင်လည်း ရန်သူများ ဝိုင်းရံနေတတ်၏။ ကြီးပြင်းသည့်အရွယ်တွင် အချို့ငါးမျိုးများက အခွံကိုကိုက်ဖောက်၍ အသားကို စားသောက်တတ်ကြသည်။

စီးပွားရေးအရ အရေးပါမှု

ယနေ့ကမ္ဘာအရပ်ရပ်၌ ငွေအား၊ လူအားများစွာသုံး၍ ကမာလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ဆောင်လျက် ရှိနေကြသည်။ သာမန်အားဖြင့် ပုလဲထုတ်လုပ်သည်ဟုသာ အသိများကြသော်လည်း လူတို့စားသုံးရန်ဟင်းလျာ အတွက်ပြုလုပ်ခြင်းက ပိုမိုတွင်ကျယ်လျက်ရှိသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၃၀ ကျော်တွင် ကမာလုပ်ငန်းကို လုပ်ကိုင်နေကြသည်။ ကမာအထွက်အများဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်၏။ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်တွင် ကမာပေါင်ချိန် ၁၂ ကုဋေထွက်ရှိရာ အမေရိကန်ပြည်ထောင်စုတစ်နိုင်ငံတည်းမှ ကမာပေါင်ချိန် ၁၀ ကုဋေထွက်ရှိ၏။

ကမာလုပ်ငန်းကို တွင်ကျယ်စွာ ပြုလုပ်နေသည့် နိုင်ငံများတွင် ကမာကောင်များကို စနစ်တကျ မွေးမြူကြ၏၊ ကမာကောင်မွေးမြူရာတွင် အဆင့်လေးဆင့်ရှိ၏။ ယင်းတို့မှာ –

(၁) ကမာများပေါက်ဖွားနေထိုင်ရန် အောက်ခံမြေကို မာကျောအောင်ပြုလုပ်ပြီး အမှိုက်ဖြင့် ရန်သူကင်းရှင်းအောင် ပြုပြင်စီမံပေးရခြင်း၊

(၂) ကမာကောင်များ စွဲကပ်ရန် သန့်ရှင်းသော ကမာခွံများ၊ ကျောက်တုံးများ၊ သစ်ခက်များ ချပေးရခြင်း၊

(၃) ကြီးပြင်းလွယ်အောင် ပြုပြင်ထားသော နေရာသစ်သို့ ပြောင်းရွှေ့ပေးရခြင်း၊

(၄) ဖွံ့ဖြိုး၍ ရောင်းပန်းလှအောင် ပြုစုပေးရခြင်းတို့ ဖြစ်ကြသည်။

ပုလဲထွက်ရှိသည့် ကမာများထဲတွင် ရေငန် ကမာများသာမက ရေချိုကမာမျိုးများလည်း ပါဝင်၏။ ပုလဲငုပ်သည့် လုပ်ငန်းကို အချို့နိုင်ငံများ၌ တွင်ကျယ်စွာ ပြုလုပ်ကြ၏။

မြန်မာနိုင်ငံ၌ မြိတ်ကျွန်းစုတွင် ပုလဲငုပ်သည့် လုပ်ငန်းကို အတော်အတန် ပြုလုပ်ကြသည်။ ထားဝယ်နယ်ဘက်တွင်လည်း ဒုတိယကမ္ဘာစစ်မတိုင်မီ အနည်းအကျဉ်းပြုလုပ်ခဲ့ကြ၏။ မြိတ်၊ ထားဝယ်နယ်ဘက်တွင် ပုလဲငုပ် ခြင်းကို မုတ်ငုပ်သည်ဟူ၍လည်း ခေါ်ဆိုတတ်ကြ၏၊

ကျန်းမာရေးသက်ရောက်မှု

ကမာကောင်များတွင် လူကိုအာဟာရဖြစ်စေသော ဓာတ်အမျိုးအစားများစွာပါဝင်၏။ အိုင်အိုဒင်း၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်၊ ဖော့စဖရတ်နှင့် ကယ်လ်စီယမ်ဓာတ်များသာမက အရေးကြီးသော ဗီတာမင်ဓာတ်များလည်းပါဝင်သည်။

ထို့ကြောင့် သွေးအားနည်းသောသူများကို ကမာကောင်များ ကျွေးမွေးလေ့ရှိ၏။ တစ်ခုသတိပြုရန်မှာ ကမာများသည် ရေအောက်၌နေစဉ် ဗက်တီးရီးယားများကပ်ပါလာတတ်၏။ ယင်းကမာမျိုးကို စားသုံးမိပါက ရောဂါရတတ်၏။

သို့ဖြစ်၍ ကမာကို ရောင်းကုန်ဟင်းအဖြစ် တွင်ကျယ်စွာ ဖြန့်ဖြူးရောင်းချသောနိုင်ငံများတွင် ကမာကောင်များ ကျင်လည်ကျက်စားရာ ရေမှအစပြု၍ ကမာကောင်များကို အခွံမှခွာယူသည်အထိ ကျန်းမာရေးဌာနများမှ အမြဲတစေ ကြပ်မတ်စစ်ဆေးလျက်ရှိသည်ကို တွေ့ရှိရ၏။

Credit:သီဟညိုမောင်