Knowledge and News

နာနိုသိပ္ပံပညာရှင် ပရော်ဖက်ဆာ ဒေါက်တာစောဝေလှ

Sciences & technology


(၁)
“တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ဘဝမှာ နိုင်ငံတကာက သိတဲ့ ဂစ်တာသမားတစ်ယောက်ဖြစ်ရမယ်”
၁၉၈၂ ခုနှစ် စိန်သြဂတ်စတင်းကျောင်းသား ၊ လီယိုဟေမာန် တီးဝိုင်းရဲ့ (၁၆)နှစ်သား ဘေ့စ်ဂစ်တာသမားလေး စောဝေလှ ရဲ့ တစ်ချိန်က ရည်မှန်းချက် ။
စောဝေလှ အဖေက မဆလအစိုးရလက်ထက် စက်မှု(၂) ဝန်ကြီးဌာန မှာ ဒုဝန်ကြီးတာဝန်ယူခဲ့ဖူးသည် ။
မိခင်ဖြစ်သူ ကျောင်းဆရာမ ။
စစ်တွေဇာတိ မိဘနှစ်ပါးကနေ မွေးလာတဲ့ ရန်ကုန်သား ရခိုင်လူမျိုးလေး စောဝေလှ ရဲ့ ဂစ်တာသမားဘဝက အောင်မြင်ခဲ့သည် ။
အချိန်တိုအတွင်း မာလာဆောင်ရှေ့အုတ်ခုံမှသည် မြန်မာ့အသံတွင် သီချင်းသုံးပုဒ်လွှင့်ခွင့်ရခဲ့သည် ။
သင်္ကြန်စင်မြင့်များထက်တွင် လီယို နှင့်အတူ ဘေ့စ်သမားဘဝကို အောင်မြင်စွာကျော်ဖြတ်နေခဲ့ပြီ ။
ဂစ်တာသည်သာ ဘဝ ၊ ဂစ်တာသည် သာ ရည်မှန်းချက် ။
စာသင်နှစ်များမှာလည်း အတန်းမှန်မှန်မတက် ၊ ဂစ်တာကို စာအုပ်တွေထက် ပိုဖက်တွယ်မိခဲ့သည့် စောဝေလှ ။
သို့သော်လည်း ဘုရားပေးသည့် ဉာဏ်ပညာကား စောဝေလှဘက်မှာ ရှိသည် ။
ဂစ်တာတီးရင်းတစ်နှစ်တစ်တန်းမှန်မှန်တက်ကာ တက္ကသိုလ်နေ့စွဲများကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့၏။
၁၉၈၅ ရူပဗေဖြင့် ဘွဲ့ရခဲ့ပြီ ။
ဘွဲ့ရလျင် အလုပ်လုပ်ရတော့မည် ။ စောဝေလှက ဂစ်တာပဲ တီးချင်သည် ။ ဒီတော့ ဘာလုပ်ရမလဲ ။
ရူပဗေဒ ဘာသာရပ်ဖြင့် မာစတာဆက်တတ်သည် ။ ကျောင်းသားဘဝ မှာပဲ ဂစ်တာ က လွတ်လွတ်လပ်လပ်တီးခွင့်ရှိမည် မဟုတ်လား ။
မာစတာတက်ရင်း ဂစ်တာတီးသည် ။ လီယိုဝိုင်းတော်သားများဖြင့် ပွဲတော်ပေါင်းများစွာကို ဖြတ်သန်းခဲ့သည်။
အင်းလျားလိတ်မှ မင်္ဂလာဆောင်ပွဲတွေမှာလည်း တစ်ပတ်ကို သုံးရက်လောက် လီယိုက တီးရသည် ။
စတိတ်ရှိုးတွေ ၊ မွေးနေ့ပွဲတွေမှာ ဆူဆူညံညံသိပ်မရှိသော လီယို ကို ငှားရမ်းကြသည် ။
ဂစ်တာတီးသည့် ငွေဖြင့် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ခဲ့သည် ။
၁၉၈၆ မှာ စက်မှုကျောင်းကဘွဲ့ရသူငယ်ချင်းတွေ ၊ ရာဇူးက သူငယ်ချင်းများအဆွယ်ကောင်းသဖြင့် တပ်မတော်ဗိုလ်လောင်းသင်တန်းကျောင်း OTS ဝင်ခွင့်ကို သွားဖြေလိုက်သည် ။
တက္ကသိုလ်မှ ဆရာများကလည်း သူ့ကို ကျောင်းတွင် သရုပ်ပြဆရာပြန်လုပ်ရန် တိုက်တွန်းကြသည် ။
ဒါလည်း သွားလျှောက်လိုက်သည် ။
လျှောက်ထားသည့် အလုပ်နှစ်ခုလုံးက မီးစိမ်းပြလာပြီ ။
တက္ကသိုလ်ကျောင်းဆရာလုပ်မလား ။ စစ်ဗိုလ်လုပ်မလား ။
စာသင်ခန်းနှင့် စစ်မြေပြင် ၊ တိုက်ပုံအင်္ကျီနှင့် ယူနီဖောင်း ၊ မြေဖြူခဲနှင့် သေနတ် ၊ လက်ချာစင်မြင့်နှင့် ပခုံးပေါ်က အပွင့်..။
တလက်လက်တောက်ပနေသည့် အနာဂတ်များအား ချွန်မြရင်း လမ်းဆုံမှာ ရောက်နေသည့် လူငယ်စောဝေလှ ။
ဘာကိုရွေးမလဲ ။
အသက်မွေးဝမ်းကြောင်းတစ်ခုကို လုပ်ကိုင်ရင်း ဘဝရဲ့ တပ်မက်အရူးသွပ်ဆုံး ဂစ်တာကို ကိုလဲ ကိုင်ခွင့်ရမည့် အလုပ်မျိုးက ဘာဖြစ်မလဲ ။
စစ်တပ်မှာတော့ ဂစ်တာ ကို ကိုင်ခွင့်ရမည်မဟုတ် ။
တက္ကသိုလ်ဆရာဘဝ နဲ့ ဂစ်တာတီးလို့ က အိုကေမည် ။
ဒီတော့…
“ကျွန်တော်တို့ တပ်ထဲ မဝင်ချင်တော့ပါဘူး ။ အဲဒါလေး လာပြောတာပါ”
“ဘာ..မင်းတို့ကို ဗိုလ်သင်တန်းတက်ဖို့ ရွေးပြီးသွားပြီ ။ အခုတမျိုးတော်ကြာတစ်မျိုးနဲ့ အလုပ်လာရှုပ်တယ် ။ စစ်တပ်ကွ..စစ်တပ်…မင်းတို့ ပထွေးအိမ်မဟုတ်ဘူး..”
မှော်ဘီရှိ ဗိုလ်ရွေးအဖွဲ့မှ အရာရှိများ၏ ဆဲသံကို စောဝေလှနှင့် သူငယ်ချင်းဖြစ်သူတို့ ဇက်ကလေးပုကာ နားသောတဆင်ရင်း ကုတ်ကုတ်လေးထွက်လာခဲ့ရသည် ။
မတတ်နိုင် ။ ဂစ်တာ နှင့် စစ်သား ဘယ်လိုမှ မအပ်စပ် ။
သူတို့က သေနတ်တိုက်ခြင်တာမဟုတ်..ဘေ့စ်ဂစ်တာလေးကို ကြိုးညှိ့ပြီး တီးလုံးတွေပဲ တိုက်ချင်တာ။
မတတ်နိုင် ။

(၂)
၁၉၈၇ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအခြေအနေက ခပ်ယဲ့ယဲ့ ။
စောဝေလှက ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာနမှ သရုပ်ပြဆရာလေး..။
တီးဝိုင်းက သူငယ်ချင်းတွေက နိုင်ငံခြားထွက်သွားကြသဖြင့် လီယိုလည်း ပျက်သွားပြီ ။
(၈၈)အရေးအခင်းကြီးဖြစ်ပြီ ။
တပည့်ကျောင်းသားတွေကြား ၊ သူငယ်ချင်းဆရာတွေကြား လှုပ်လှုပ်ရှားရှားလေးဖြစ်ကုန်သည် ။
စောဝေလှက လစ်ဘရယ်သမား ။ ဒီတော့ သိပ်တော့ ပြင်းပြင်းထန်ထန်ကြီး ဝင်မပါဖြစ်လိုက် ။
ဒီလိုနှင့် တံတားဖြူသည် နီသွားခဲ့ပြီ ။
ဂျဒ်ဆင်သည်လည်း လရိပ်ပြာပြာအောက်မှာ ငုတ်တုတ်မေ့နေခဲ့ပြီ ။
သစ်ပုပ်ပင်ကြီးလည်း အရိပ်ခိုသူတွေမဲ့ခဲ့ပြီ ။
ကျောင်းကြီးက တစ်မျှော်တစ်ခေါ်ပိတ်သွားခဲ့လေပြီ ။
စာသင်ဆဲ MSC ကျောင်းသားတစ်ဖြစ်လဲ ကျောင်းဆရာလေး စောဝေလှ ကျောင်းပိတ်ပြီဆိုတော့ အလုပ်မရှိဖြစ်သွားသည် ။
ဂစ်တာတီးတုန်းက စုထားတဲ့ပိုက်ဆံ ၊ ကျောင်းဆရာဘဝက စုထားတဲ့လစာ ၊ မိဘတွေဆီက နည်းနည်းပါးပါးနှင့် စောဝေလှ စီးပွားရေးလောကထဲ ဝင်သည် ။
စီးပွားရေးလောကဆိုလို့ ကြီးကြီးကျယ်ကျယ်တော့မဟုတ် ။
အဲ့ဒီတုန်းက ခေတ်ရေစီးက ဗီဒီယိုခေတ်ဦးမဟုတ်လား ။
ဒီတော့ စောဝေလှ ဗွီဒီယိုအခွေအငှားဆိုင်လေးတစ်ခု တံတားဖြူမှာ ဖွင့်သည်။
ဗွီဒီယို အောက်စက် (၅)လုံးနှင့် အခွေတွေ ကော်ပီကူးရပြီ ။
ဂစ်တာတီးချင်တဲ့ ကျောင်းဆရာ အခွေဆိုင်ထိုင်ပြီး စာရင်းတွေမှတ်ရပြီ ။
တစ်နှစ်ကြာတော့ လုပ်ငန်းက ထင်သလောက်မအောင်မြင်လာခဲ့ ။
စောဝေလှ ငွေနောက်လိုက်ဖို့ လောကကြီးထဲ ဝင်ခဲ့သည် ။
ရှမ်းပြည်နယ် ဝန်းသိုဘက်ကို ထွက်ပြီး သစ်အရောင်းအဝယ်လုပ်ငန်းဘက်ခြေဦးလှည့်ခဲ့သည် ။
ဂစ်တာတီး ၊ စာသင် ၊ အခွေငှား မြို့ပေါ်က အနုသမားဘဝ က အခု တစ်တောဝင် တစ်တောထွက် သစ်ဝယ်ထွက်ခဲ့ရပြီ ။
တကယ့်ဘဝ ၊ တကယ့်တိုက်ပွဲ ၊ တကယ့်စီးပွားရေးဂွင်ထဲမှာ စောဝေလှ ကျင်လည်ခဲ့သည် ။
အကျိုးအမြတ်ရသမျှ ရဲကိုပေးရသည် ။ သစ်တောကိုပေးရသည် ။ မဝတကို ပေးရသည် ။ ပေးရသည် ။ပေးရသည် ။
တကယ့် လာဘ်ပေးလာဘ်ယူဇုန်ကြီးထဲမှာ စောဝေလှ က သူတို့ကို လုပ်ကျွေးသလိုဖြစ်နေ၏ ။
ဒီတော့ ရန်ကုန်ကို နောက်ကြောင်းပြန်လှည့်လိုက်သည် ။
သူငယ်ချင်းတော်တော်များများကလည်း နိုင်ငံခြားရောက်ကုန်ပြီ ။
ကျောင်းတွေကလည်း ဖွင့်ဖို့ကမသေချာ ။
ဒီတော့ စောဝေလှ နိုင်ငံခြားကို ခြေဆန့်ဖို့ ပြင်သည် ။
ပတ်စ်ပို့ ၊ ဗီဇာရပြီးနောက် (၆၄)ဒေါ်လာကို အိတ်ကပ်ထဲထည့်ကာ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည် ။
ဒေါင်ကျကျ ပြားကျကျ ဘဝကို အဓိပါယ်ရှိရှိတော့ ထူထောင်ရတော့မည် ။
ဘန်ကောက်လေဆိပ်တွင် လီယိုတီးဝိုင်းတုန်းက သူငယ်ချင်း ကိုအောင်မင်းတို့က လာကြိုသည် ။
ကိုအောင်မင်းတို့ဆီမှာ သူတည်းရမည် ။
သို့သော် ရောက်ရောက်ခြင်း ကိုအောင်မင်းတို့ နေသည့်နေရာကို သူမသွားရသေး ။
ကိုအောင်မင်း တို့က ဘန်ကောက်ရှိ ဘားများတွင် ဂစ်တာလိုက်တီးနေသည်။
အခုလဲ ဘားမှာ ဂစ်တာသွားတီးရမည် ။
ဒီတော့ စောဝေလှ ဘားကို လိုက်ခဲ့ ။ ပွဲပြီးမှ အိမ်အတူပြန်ကြမည် ။
ဘန်ကောက်ရောက်ရောက်ခြင်း သေတ္တာကို ဆွဲကာ ကိုအောင်မင်းတို့ဂစ်တာတီးမည့် ဘားကို လိုက်သွားလိုက်သည် ။
ဟိုရောက်တော့ ရုပ်ရှင်မင်းသားကိုမြင့်တို့လည်း တီးဝိုင်းအဖွဲ့မှာ ပါနေသည် ။
သေတ္တာလေးကိုချကာ သူတို့တီးတာထိုင်ကြည့်ရင်း ကိုအောင်မင်းတို့က ဝင်တီးဖို့ ဖိတ်ခေါ်သည် ။
မြန်မာပြည်သား ဘေ့စ်ဂစ်တာလစ် စောဝေလှ ၏ ဂီတ ကို ဘန်ကောက်သို့ ပထမဆုံးခြေချသည့်နေ့မှာပင် ထိုင်းတွေကို ပြသခွင့်ရခဲ့သည် ။

(၃)
စောဝေလှတစ်ယောက် ဘန်ကောက်ရောက်ရောက်ခြင်းကိုအောင်မင်းတို့နှင့်အတူ ဂစ်တာတီးသည့် အလုပ်ကို ရပြီ ။
ကိုအောင်မင်းတို့နှင့်အတူနေသည်။
ကိုအောင်မင်းတို့နေတာက ဘန်ကောက် အေးဘတ်တက္ကသိုလ်ဝန်းထဲတွင် ။
ဒီတော့ တက္ကသိုလ်ထဲတွင် မြန်မာပြည်မှထွက်ခွာလာကြသည့် တက္ကသိုလ်ဆရာအသိုင်းအဝိုင်းကလည်း ရှိနေသည် ။
ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့တွင်ပင် စောဝေလှ မာစတာတန်းတက်ခဲ့စဉ်က ဆရာရင်း ဒေါက်တာခိုင်ညွန့်နှင့် တက္ကသိုလ်တွင်းလမ်းတစ်ခုတွင် ဆုံမိကြသည် ။
ဘန်ကောက်တွင် အင်ဂျင်နီယာကောလိပ်ကို စဖွင့်စအချိန်ဖြစ်သဖြင့် ဆရာအင်အားက လိုနေသည် ။
ထိုင်းနိုင်ငံရှိ တက္ကသိုလ်တော်တော်များများက မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံမှ အလုပ်ထွက်လာကြသည့် ပညာရှင်မြန်မာဆရာတို့၏ အင်အားဖြင့် သူတို့နိုင်ငံ၏ ပညာရေးကို တည်ဆောက်နေချိန် ။
ရန်ကုန် RIT မှ ဒေါက်တာဝင်းတင် ၊ ဒေါက်တာခိုင်ညွန့်တို့က စောဝေ ကို ဘန်ကောက်မှာ တက္ကသိုလ်ဆရာလုပ်ဖို့ ကမ်းလှမ်းသည် ။
အိုခေ…စောဝေ ခေါင်းညိတ်လိုက်ပြီ ။
ဘန်ကောက်သို့ရောက်ပြီး နှစ်ရက်အတွင်းတွင် ဂစ်တာတီးသည့်အလုပ်ရော ၊ တက္ကသိုလ်ဆရာအလုပ်ကိုပါ စောဝေလှ တစ်ပြိုင်တည်းရရှိလိုက်သည် ။
ကံကြမ္မာကား ကိုယ့်ဘက်မှာ စောဝေလှဘက်မှာ အသာစီး ။
ရုပ်ရှင်မင်းသား ကိုမြင့်တို့နှင့်အတူ ဘန်ကောက်တွင် တစ်နှစ်ဂစ်တာတီးသည် ။
နေ့ပိုင်းတွင် စာသင် ညပိုင်းတွင် ဘားမှာ ဂစ်တာလိုက်တီးသည် ။
ဘန်ကောက်ရှိ စီယံပတ်ခ် ဆိုသည့်နေရာတွင် စနေတနင်္ဂနွေ အားလပ်ရက်များတွင် ဂစ်တာတီးသည် ။
ဘန်ကောက်နေ့စွဲများသည် စောဝေလှအတွက် အပျော်ရွှင်ဆုံးဖြတ်သန်းမှုများဖြစ်ခဲ့ရ၏ ။
ကိုယ်တီးချင်သည့် ဂစ်တာလည်း တီးရသည် ။ စာသင်သည့်အလုပ်ကိုလည်း မစွန့်လွှတ်ရ ။
ဒီလိုနှင့် တစ်နှစ်ကျော်ကာလကို အသာလေးဖြတ်သန်းသွားနိုင်ခဲ့၏ ။
တစ်ရက်တော့ အီတလီနိုင်ငံတွင် ရူပဗေဒဘွဲ့လွန်သင်တန်းတစ်ခုအတွက် စကောလားရှစ်လျှောက်လွှာတစ်စောင် ကို စောဝေလှ သွားတွေ့သည် ။
လှမ်းလျှောက်ကြည့်သည် ။ စကောလားရှစ်ရသည် ။အဆင်ပြေသည် ။
ဒီတော့ ထိုင်းတက္ကသိုလ်ကလည်း အီတလီသွားရန် ခွင့်ပြုလိုက်သည်။ လစာရနေမည် ။ ပညာသင်ပြီးပြန်လာလျှင် ဒီတက္ကသိုလ်တွင်ပင် ရာထူးတိုး လစာတိုးဖြင့် ဆရာပြန်ဝင်လုပ် ။
ထိုင်းတွေက အကွက်မြင်သည် ။ ပညာတတ်၏ တန်ဖိုးကို သိသည် ။ ဆွဲဆောင်သည် ။
ထိုကာလတွင် မြန်မာပြည်တွင်တော့ ကျောင်းများက တံခါးပိတ်ထားဆဲ ။
ဘန်ကောက်မှသည် အီတလီ သို့ မြန်မာပြည်သားဘေ့စ်ဂစ်တာသမား ရူပဗေဒဆရာပေါက်စ စောဝေလှ ခရီးဆက်ပြီ ။


(၄)
ထိုစဉ်က ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သော အရင်းရှင်အမေရိကန်နှင့် ကွန်မြူနစ်ဆိုဗီယက်တို့၏ စစ်အေးတိုက်ပွဲနောက်ဆုံးနှစ်များဖြစ်သည် ။
အနုမြူသီအိုရီနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုကား ပြင်းထန်နေချိန် ။
ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော ယူနက်စကို ၏ အောက်တွင် ICDP ခေါ် နိုင်ငံတကာရူပဗေဒလေ့လာရေးဌာနရှိသည် ။
ICDP တွင် အမေရိကန်အုပ်စုမှ အနုမြူသိပ္ဖံပညာရှင်များနှင့် ရုရှအုပ်စုဘက်မှ အနုမြူသိပ္ဖံပညာရှင်များ တစ်နှစ်လျှင် (၅၀၀၀)ခန့်တက်ရောက်ကာ ဆွေးနွေးပွဲများပြုလုပ်သည့်အစီအစဉ်ကျင်းပကြသည် ။
ယင်းအစီအစဉ်မှတဆင့် မျိုးဆက်သစ်သိပ္ဖံပညာရှင်များမွေးထုတ်ရန် ပရိုဂရမ်တစ်ခုရေးဆွဲကြသည် ။
တစ်ကမ္ဘာလုံးမှ မျိုးဆက်သစ်သိပ္ဖံပညာရှင် (၁၀) ဦးကို ရွေးချယ်ကာ ပညာသင်ဆုပေးရန် စီစဉ်ခဲ့ကြသည် ။
တစ်ကမ္ဘာလုံးမှ လူခြောက်ရာ ဝင်လျှောက်ကြသည် ။
စောဝေလှက အရွေးခံရသည့် (၁၀)ယောက်ထဲ ပါသွားသည် ။ အီတလီတွင်အင်တာဗျူးဖြေရမည် ။
စောဝေလှ ဗန်ကောက်မှတဆင့် ရောမမြို့သို့ ရောက်သည် ။
ထိုမှတဆင့် အီတလီနှင့် ဆလိုဗေးနီးယား နယ်စပ်ရှိ တူးရစ်ဆိုသည့် ပင်လယ်ကမ်းခြေမြို့လေးသို့ ခရီးဆက်ရသည် ။
ဥရောပသားဆရာတွေက ရှင်းရှင်းပဲပြောသည် ။
စာသင်မည် ။ စာမေးပွဲစစ်မည် ။ အမှတ်မကောင်းလျင် လာရာလမ်းကို ပြန်ပို့မည် ။
သုံးလပြည့်တော့ စောဝေလှ ရန်ကုန်တက္ကသိုလ်မှာ သိထား တတ်ထားသမျှ ပညာရပ်က ကုန်ပြီ ။
ကျန်တာတွေ ဘာမှ မသိတော့ ။
အနောက်သားတွေကြားမှာ ကိုယ်က တစ်ဦးတည်းသော မြန်မာ ။
နောက်ဆုတ်လို့ကမဖြစ် ။ ရှေ့တိုးဖို့ပဲ ရှိတော့သည် ။
ဒီတော့ ဘုရင့်နောင်ဖောင်ဖျက် စောဝေလှ ရှေ့သို့သာ ကုန်းရုန်းတက်ရချေပြီ ။
ပထမသုံးလပတ်စာမေးပွဲ စစ်သည် ။
ဆယ်ယောက်မှာ နှစ်ယောက်ကျသည် ။
ကျသည့် ထဲ မြန်မာပြည်သား စောဝေလှ မပါ ။ အဆင့် B နှင့် အောင်သည် ။
စာမေးပွဲကျသည့် ရိုမေးနီးယားနှင့် ကျူးဘားသားနှစ်ယောက် အိမ်ပြန်သွားရပြီ ။
B ရှေ့မှာ A ရှိသေးသည် ။
ဒုတိယ စာသင်နှစ်ကျ ဘာသာရပ်အားလုံးတွင် စောဝေလှ ရသည်က B ရှေ့က A ။
တတိယစာသင်နှစ်မှာ ဒီဂရီရတော့…စာသင်သားအားလုံးထဲမှာ စောဝေလှ သည် ပထမ ။
မြန်မာပြည်က လူညိုကောင်လေးသည့် ပထမ ။
ဒီတော့ အီတလီတက္ကသိုလ်က စောဝေလှကို PhD ဆက်တက်ဖို့ ကမ်းလှမ်းလာရပြီ ။
အင်္ဂလန်ရှိ လစ်ဗာပူးလ်တက္ကသိုလ်ကလည်း မြန်မာပြည်သားစောဝေလှ ကို စကောလာပေးပြီး ကမ်းလှမ်းလာခဲ့ပြီ ။
အမြဲတမ်းလမ်းဆုံမှာ ရွေးရခက်သည့် စောဝေလှ ။
ဂစ်တာကိုချစ်သည့်စောဝေလှ သည် တစ်ချိန်က စစ်ဗိုလ်ဘဝနှင့် ကျောင်းဆရာဘဝတွင် ဂစ်တာနှင့် နီးစပ်သည့် ကျောင်းဆရာဘဝကို ရွေးခဲ့သလို..။
ယခုတစ်ချိန်တွင်လည်း သူ၏ ဥရောပနေ့ရက်များ အစပြုခဲ့ရာ တူးရင့်မြို့မှ တက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့ပြန်သည် ။
အီတလီနှင့် စလိုဗေးနီးယားနယ်စပ်မြို့လေး။
၁၉၉၃ တွင် PhD ကျောင်းသားဘဝစပြီ ။
ဒီတော့ အီတလီနှင့် စလိုဗေးနီးယားနှစ်နိုင်ငံခြား သုတေသနခရီးတွေ အကြိမ်ကြိမ်သွားခဲ့ရသည် ။
ပထမဆုံး အီတလီမှ ဆလိုဗေးနီးယားဘက်ခြမ်းသို့ သွားရသည့်ခရီးစဉ်တွင် အဖြစ်အပျက်တစ်ခုကြုံခဲ့ရပြန်သည် ။
နယ်စပ်မြို့နှစ်မြို့ဖြစ်သဖြင့် ရထားဖြင့်သွားသည့်ခရီးတွင် ရထားတစ်စင်းလုံးတွင် အာရှသားကား စောဝေလှတစ်ယောက်တည်း ။
နယ်စပ်အရောက်တွင် အီတလီရဲမှ ပတ်စ်ပို့လာရောက်စစ်ရင်း စောဝေလှ ပတ်စ်ပို့ကို ယူသွားသည် ။
ပတ်စ်ပို့ပြန်လာမပေးသဖြင့် နာရီဝက်ခန့် ရထားတစ်စင်းလုံးစောင့်နေကြရသည် ။
ခဏနေတော့ အီတာလျံ ရဲ ပြန်ရောက်လာသည် ။
“ဟဲလို မစ္စတာ..ဒီ ပတ်စ်ပို့ က ကမ္ဘာပေါ်မှာ မရှိတဲ့နိုင်ငံ ဖြစ်နေပါတယ်”
စောဝေလှ ခေါင်းစားရပြီ ။
“ရှိပါတယ်..ကျွန်တော်မြေပုံမှာ လိုက်ပြပါ့မယ်”
အစောင့်ရဲ နှင့် စောဝေလှ ရဲစခန်းထဲ ဝင်ပြီး ကမ္ဘာ့မြေပုံရှေ့ မတ်တပ်ရပ်ကြသည် ။ကပ္ဖလီပင်လယ် ၊ ဘင်္ဂလားပင်လယ် ၊ ချိုင်းနား ၊ အိန္ဒိယကြား ဟော့ဒီမှာ.ခြေတစ်ပေါင်ကျိုး နိုင်ငံလေး.။
မြေပုံပေါ်မှာက အီတလီလိုရေးထားသည် ။
မြန်မာ မဟုတ် အီတလီအခေါ် ဘေရ်မန်းနီးယား..တဲ့..။
အီတလီရဲက ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြပြီး ခွင့်ပြုလိုက်သည် ။
စလိုဗေးနီးယားအခြမ်း..ရောက်ပြန်ပြီ ။
ထုံးစံအတိုင်း စလိုဗေးနီးယားရဲက မေးသည် ။
စောဝေလှက ဖြေသည် ။
“မြန်မာ”
“၀ိုး မလေးရှား”
“နိုး..မြန်..မာ”
“မရာကာစတာ”
“နိုး..နိုး..ဘားမား”
“အိုး..ဘဟားမား”
စာသင်နှစ်တစ်နှစ်ပတ်လုံး စလိုဗေးနီးယားရဲများအကြား မြန်မာသည် မလေးရှား ၊ မာရာကာစတာ ၊ ဘဟားမား အမျိုးမျိုးဖြစ်ခဲ့ရလေသည် ။
စောဝေလှ PhD ဘွဲ့ရပြီ ။ဒေါက်တာ စောဝေလှ ဖြစ်ပြီ ။ ပရော်ဖက်ဆာစောဝေလှဖြစ်ပြီ ။ သိပ္ဖံပညာရှင် စောဝေလှဖြစ်ပြီ ။
အီတလီတက္ကသိုလ်တွင်ပင် တာဝန်ထမ်းဆောင်နေစဉ် ဂျာမနီရှိ ဘာလင်တက္ကသိုလ်မှ ဧည့်ပါမောက္ခအဖြစ် သင်ပြပေးရန် ကမ်းလှမ်းပြန်သည် ။
ဘာလင်တက္ကသိုလ်တွင် လေးနှစ်တာ စာသင်ကြားရင်း နာနိုရူပဗေဒ ဆက်လက်လေ့လာသည် ။
ထိုသို့လေ့လာရင်း Chemical Reaction ကို မော်လီကျူးတစ်လုံးထဲဖြင့် ထုတ်လုပ်နိုင်သည့်နည်းကို စောဝေလှ အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည် ။
ကမ္ဘာပေါ်တွင် မည်သည့်သိပ္ဖံပညာရှင်မှ မအောင်မြင်သေးသည်ကို မြန်မာလူမျိုး ပရော်ဖက်ဆာ က ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည် ။
၂၀၀၀ ပြည့်နှစ်ကမ္ဘာ့ထိပ်တန်းသိပ္ဖံပညာရှင် (၁၀၀) စာရင်းတွင် စောဝေလှ ပါဝင်ခဲ့ပြီ ။
ဂစ်တာသမားစောဝေလှ မှ ကမ္ဘာကျော်သိပ္ဖံပညာရှင် စောဝေလှ ဖြစ်ခဲ့ပြီ ။

(၅)
အမေရိကားသည့် ပထမ ဆိုသည့် လူများအတွက် အခွင့်အရေးအများဆုံးပေးကာ စုစည်းသည့်နိုင်ငံဖြစ်သည် ။
၂၀၀၁ အမေရိကန်အစိုးရနှင့် တက္ကသိုလ်များက ဒေါက်တာ စောဝေလှ ကို ကမ်းလှမ်းလေပြီ ။
Ohio တက္ကသိုလ်တွင် ပါမောက္ခတာဝန်ယူရန် ဒေါက်တာစောဝေလှ လက်ခံလိုက်သည် ။
နှစ်နှစ်အတွင်း တက္ကသိုလ်၏ ရာသက်ပန်ပေါမောက္ခဖြစ်လာသည် ။
အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးအဆင့်ပေါမောက္ခ ဒေါက်တာစောဝေလှဖြစ်လာသည် ။
၂၀၁၁ ခုနှစ်အထိ (၁၄)နှစ်အတွင်း PhD ကျောင်းသား (၉)ယောက်ကို ပရော်ဖက်ဆာဒေါက်တာစောဝေလှ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည် ။
မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဆယ်နှစ်အတွင်း PhD ဘွဲ့ရပေါင်း ဒါဇင်များနှင့်ချီကာ ထွက်နေသော်လည်း အမေရိကန်၏ စံနှုန်းအရ PhD ဘွဲ့ (၉)ယောက်ဆိုသည်မှာ များပြားသည့် ဦးရေဖြစ်သည် ။
အမေရိကန်နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနစီမံကိန်းများတွင်လည်း ဒေါက်တာစောဝေလှ ပါဝင်ထမ်းဆောင်နေသည်။
ကမ္ဘာ့အနှံတက္ကသိုလ်များ၏ ဖိတ်ကြားချက်အရ ဒေါက်တာစောဝေလှ ကမ္ဘာပတ်ကာ ဟောပြောပွဲတွေ လုပ်ပေးရသည် ။
တစ်လလျင် ဟောပြောပွဲ နှစ်ခေါက်ထွက်ရသည် ။ နိုင်ငံပေါင်း(၂၀)ကျော် လှည့်လည်ခဲ့ရသည် ။
နိုင်ငံတကာကွန်ဖရင့်တွေ တက်ရသည် ။
သက်ဆိုင်ရာတက္ကသိုလ်များက ငွေကြေးအကုန်အကျခံကာ ဒေါက်တာစောဝေလှကို လက်ချာပေးရန် ဖိတ်ကြားကြရသည် ။
သွားသည့်နိုင်ငံတိုင်းတွင် ဒေါက်တာစောဝေလှ အမေးခံရသည် ။
“ဒေါက်တာက အမေရိကန်နိုင်ငံသားတော့ ဟုတ်ပါပြီ..ဒါပေမယ့် အာရှမျိုးနွယ်မဟုတ်လား” ဆိုသည့် မေးခွန်း ။
“ဖိလစ်ပိုင်လား ၊ အင်ဒိုနီးရှားလား ၊ ထိုင်းလား”
ထိုသို့မေးသည့်အခါတိုင်း သူ စိတ်မကောင်းဖြစ်ရသည် ။
မေးသည့်သူများသည် မြန်မာကို သိကြ၏ ။
သို့သော် ထက်မြက်ထူးချွန်သော ပညာရေးနှင့်တွဲစပ်လာလျက် မြန်မာကို စာရင်းထဲမထည့် ။
ထိုအခါကျ ဒေါက်တာစောဝေလှ ရင်ကို ကော့ပြီး ပြောပြရသည် ။
“No No. I am Burmese”
မြန်မာထဲမှာ ဒီလိုသိပ္ဖံပညာရှင်မျိုး ရှိလား အံသြတကြီး ထပ်မေးကြသည် ။
ရှိလို့ မင်းမြင်နေရတာပေါ့ ဒေါက်တာက အဲ့ဒီလိုပဲ ဖြေတတ်သည် ။
မြန်မာပြည်မှ ထွက်ခွာလာခဲ့သော ဘေ့စ်ဂစ်တာသမား ရူပဗေဒ ကျောင်းဆရာလေးဘဝမှ ကမ္ဘာကျော်သိပ္ဖံပညာရှင် ပရော်ဖက်ဆာတစ်ယောက်ဘဝအကြား ဘန်ကောက်တွင် သုံးနှစ် ၊ ဥရောပတွင် (၁၁)နှစ် အမေရိကားတွင် (၁၄)နှစ် ။
ဓာတ်ခွဲခန်းတွေ ဖော်မြူလာတွေကြားမှာ ဘေ့စ်ဂစ်တာသမားသည် အမိမြေ ဖြစ်သည့် မြန်မာနိုင်ငံကိုတော့ မမေ့နိုင်ခဲ့တာ သေချာသည် ။
မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ ပညာရေးစနစ်တွေကို သိစေချင်သည့် ဆန္ဒ ဒေါက်တာစောဝေလှမှာ ရှိနေပြန်သည် ။
တိုးတက်သောပညာရေးစနစ်များအကြောင်း ဒေါက်တာစောဝေလှက သူ့အတွေ့အကြုံနှင့်ယှဉ်ကာ မျှဝေ လိုသည် ။
ထို့ကြောင့်…………….

neonews.press

(၆)
ပညာရေးစနစ်တစ်ခုကို အပြစ်ထိုင်ပြောနေလို့တော့ ဘာအဖြေမှ ထွက်မှာ မဟုတ်ဘူး ။
ဒီတော့ သူများနိုင်ငံက ပညာရေးစနစ်တွေရဲ့ ကောင်းကွက် ဆိုးကွက်တွေ အတုယူသင့်တာလေးတွေကို ကျွန်တော်ရှင်းပြချင်တယ် ။
အမေရိကန်ရဲ့ တက္ကသိုလ်ပညာရေးစနစ်က စပြီး ရှင်းပြမယ် ။
အမေရိကန်ရဲ့ တက္ကသိုလ်အားလုံးက အဆင့်ဆင့်သောပရော်ဖက်ဆာတွေအားလုံးဟာ အင်ဒီပန်းဒန့် လွတ်လပ်သူတွေပဲ ။
ဘယ်သူ့လက်အောက်မှာမှ ဘယ်သူမရှိဘူး ။
ပရော်ဖက်ဆာခန့်တော့မယ်ဆိုရင်လည်း တကမ္ဘာလုံးကို လျှောက်လွှာခေါ်ပြီး အတော်ဆုံးလူတွေကို ရွေးခန့်တယ် ။
ကြိုက်တဲ့နေရာကလာ အတော်ဆုံးလူဖြစ်ရင်ပြီးရော ။
ပရော်ဖက်ဆာခန့်ပြီဆိုတာနဲ့ တက္ကသိုလ်အာဏာပိုင်အဖွဲ့က ခေါ်တွေ့တယ် ။
ပရော်ဖက်ဆာမှန်ရင် ကို်ယ်ပိုင် ဓာတ်ခွဲခန်းရှိရမယ် ။ အဲ့ဒီအတွက် လိုအပ်တဲ့ငွေကိုပြော ။ ဒေါ်လာနှစ်သန်းလိုလား ။ နှစ်နှစ်အတွင်းမှာ အဲ့ငွေကို ကုန်အောင်သုံး ။ ပြီးသွားရင် ငွေတစ်ပြားမှ မပေးတော့ဘူး ။
ပြီးတော့ ထူးခြားတာက PhD ကျောင်းသားတွေကို သက်ဆိုင်ရာပရော်ဖက်ဆာက လစာပေးရတယ် ။
ကျွန်တော်တို့ အိုဟိုင်းယို တက္ကသိုလ်မှာဆို PhD ကျောင်းသားတစ်ယောက်ကို တစ်နှစ် ဒေါ်လာ နှစ်သောင်းပေးရတယ် ။
ပရော်ဖက်ဆာက ဘာကြောင့် PhD ကျောင်းသားတွေကို လစာပေးရသလဲ ။ ကျွန်တော်ရှင်းပြမယ် ။
ပရော်ဖက်ဆာတစ်ယောက်မှာ တာဝန်သုံးခုရှိတယ် ။
တစ်ခုက တက္ကသိုလ်မှာ စာသင်ရတယ် ။ တစ်ပတ်ကို လေးနာရီထက်ပိုမများပဲသင်ရတယ် ။
ရိုးရိုးတန်းနဲ့ ဂုဏ်ထူးတန်းကျောင်းသားတွေကို သင်ရတာ ။
ဒုတိယတာဝန်က PhD ကျောင်းသားတွေနဲ့ သုတေသနလုပ်ရတယ် ။
တတိယတာဝန်က အမေရိကန်အစိုးရက တောင်းတဲ့အကြံဉာဏ်တွေပေးရတယ် ။
အဲဒီသုံးခု ကို အဓိက လုပ်ရတယ် ။
စာသင်တာအတွက်က လစာရတယ် ။
သုတေသနပိုင်းကျတော့ ငွေကြေးကို ကိုယ့်ဘာသာရှာရတယ် ။
ဘယ်လိုရှာရသလဲဆိုတော့ နာနို နည်းပညာဆို သူနဲ့ပတ်သက်တဲ့ ကုမ္မဏီတွေရှိတယ် ။
သူတို့ကို ကျွန်တော်တို့ သုတေသနလုပ်မယ့်ပရော့ဂျက်နဲ့ပတ်သက်ပြီး ပြောပြရတယ် ။
သူတို့က ငွေကြေးချပေးမယ် ။ သုတေသနအောင်မြင်သွားတဲ့နည်းပညာကို သူတိုု့နဲ့ အကျိုးတူသုံးစွဲမယ် ။
အမေရိကန်မှာ မြန်မာနဲ့မတူတာတစ်ခုက ဆေးတက္ကသိုလ်ကိစ္စပဲ ။
အမေရိကန်မှာက ဆေးတက္ကသိုလ်ကို တိုက်ရိုက်တက်ခွင့်မရှိဘူး ။
ပထမသိပ္ဖံ ဒီဂရီဘွဲ့တစ်ခုခုရပြီးမှ ဆေးကျောင်းကို လျှောက်ခွင့်ရှိတယ် ။
အခြေခံပညာတန်းပြီးရုံနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်မရှိဘူး ။
ဒီဂရီနှစ်ခုရမှ ဆရာဝန်ဖြစ်တဲ့အတွက် ဒေါက်တာ လို့ သတ်မှတ်တာ ။ပရော်ဖက်ဆာတွေနဲ့ အဆင့်တူသတ်မှတ်လိုက်ပြီး ဒေါက်တာလို့ခေါ်ကြတာ ဖြစ်တယ် ။
ကျွန်တော်တို့ကိုလစာပေးတာကလည်း အစိုးရမဟုတ်ဘူး ။ First Year ကျောင်းသားတွေ ။
ပထမနှစ် ကျောင်းသားတွေက ကျွန်တော့်ရဲ့ ဘောစ်တွေ ။ အလုပ်ရှင်တွေ ။
ကျွန်တော့်အတန်းကိုလာတက်တဲ့ ပထမနှစ်ကျောင်းသားတွေက ကျွန်တော့်စာသင်ပုံပေါ် မူတည်ပြီး ကွန်မန့်တွေပေးကြရတယ် ။
သူတို့ကွန်မန့်တွေပေါ် မူတည်ပြီး တက္ကသိုလ်က ကျွန်တော်တို့ရဲ့ လစာအတိုးအလျော့တွေ ၊ ရာထူးအတိုးအလျော့တွေကို ဆုံးဖြတ်တယ် ။
သူတို့ကလည်း တကယ့်ကို မှန်မှန်ကန်ကန် အကဲဖြတ်ကြတာ ။
မကြိုက်ရင် မကြိုက်ဘူး ကြိုက်ရင်ကြိုက်တယ် ပဲ ။
ပထမနှစ်ဝက်မှာ ကျောင်းသားတွေက ပရော်ဖက်ဆာကို ကွန်မန့်ရေးတဲ့အချိန် ကျွန်တော်တို့က အထဲမဝင်ရဘူး ။
သူတို့က ရေးပြီးသားတွေကို မဲပုံးထဲ ထည့်ခဲ့တာ ။
အဲဒါကို တက္ကသိုလ်ဘုတ်အဖွဲ့က ကြည့်ပြီး ပရော်ဖက်ဆာကို မိတ္ထူပေးတယ် ။
ကျွန်တော်တို့ အဲ့ဒီမှာ ကိုယ့်အားနည်းချက်ကို ဖတ်ပြီး လိုအပ်တာရှိ ပြုပြင်ရတယ် ။
အထက်က ဆရာက ကိုယ်မသိတဲ့ အားနည်းချက်ကို တပည့်တွေက ထောက်ပြတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ပြန်ပြုပြင်နိုင်လာတယ် ။
သူတို့နိုင်ငံရဲ့ စနစ်မှာက အထက်ကလူရဲ့ ရပ်တည်ချက်ကို အောက်ကလူများစု က အကဲဖြတ် ဆုံးဖြတ်ပေးတာပဲ ။
ကျွန်တော်တို့ကို ကျောင်းသားတွေက စောင့်ကြည့်အကဲဖြတ်သလို ကျွန်တော်တို့ကလည်း သမ္မတတို့ ဒုသမ္မတတို့ အစိုးရအဖွဲ့တို့ကို စောင့်ကြည့်အကဲဖြတ်ရတယ် ။
ကျွန်တော်တို့ဆီက တက္ကသိုလ်ဆိုတာ ဆေးကောလိပ်ပါတယ် ။ နည်းပညာကောလိပ်ပါတယ် ။ အခြားအသက်မွေးကောလိပ်တွေပါတယ် ။ ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေရှိတယ် ။ ကိုယ်ပိုင်လေယာဉ်ကွင်းတွေ . ကိုယ်ပိုင်ဂျက်လေယာဉ်တွေရှိတယ် ။
ပရော်ဖက်ဆာ အယောက် (၇၆၀)ကျော်ရှိတယ် ။
တစ်နှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာတစ်ယောက်ကို ဆုပေးလေ့ရှိတယ် ။

neonews
neonews


(၂၀၀၆)ခုနှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာဆု ကျွန်တော်ရခဲ့တယ် ။
အဲ့ဒီဆု ဘာလို့ရသလဲ ။
ကျောင်းသားတွေပေးတဲ့ကွန်မန့်တွေဖတ်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ပြုပြင်ခဲ့လို့ ရတာ ။
ဒါကတော့ အမေရိကားပညာရေးစနစ်ရဲ့ ဆရာတွေနဲ့ ပတ်သက်တဲ့ကိစ္စပါပဲ ။
(၇)
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ဝေဖန်ရရင်တော့ ပြောင်းတာမြန်ပါတယ် ။
အထဲကလူထက်စာရင် အပြင်က လာတဲ့လူအနေနဲ့ ပိုမြင်သာတယ် ။ မနှစ်က ကျွန်တော်ပြန်လာတာ တစ်လကြာတယ် ။
မြန်မာပြည်ကတော်တော်ကောင်းလာတယ်ပေါ့ ။ ဟော့ အခု ဒီနှစ်ပြန်လာတော့ ပိုကောင်းလာတယ်လို့ မြင်တယ် ။
မနှစ်က ပြန်လာတုန်းကဆို ကျွန်တော်သူငယ်ချင်းတွေနဲ့ မိုးချုပ်သွားတော့ တက္ကစီငှားပြန်တယ် ။
ဋ္ဌပြည်လမ်းပေါ်ရောက်တော့ တက္ကစီသမားက ဆက်မသွားရဲတော့ဘူး ။ ရှေ့မှာက ပြိုင်ကားတွေ ကိုးစီးလောက်ရှိတယ် ။
သူတို့က ညဘက် ကားပြိုင်ကြမှာ ။
ကျန်တဲ့ကားတွေလည်း အကုန်ကြောက်ပြီး ရပ်နေကြရတယ် ။
လူတွေသွားတဲ့လမ်းမှာ ကားလာပြိုင်တာ အံသြဖို့ကောင်းတယ် ။ အမေရိကန်လိုနေရာမျိုးမှာ ကာပြိုင်ပွဲတွေရှိတယ် ။
ဒါပေမယ့် လူတွေသွားတဲ့လမ်းမှာ ဘယ်သူမှ မပြိုင်ကြဘူး ။
ဒီတစ်ခေါက်ပြန်လာတော့ အဲ့ဒါတွေ မတွေ့ရတော့ဘူး ။ အဲဒါ မျှတလာတဲ့သဘောပဲ ။
တစ်နှစ်ထက်တစ်နှစ် ပိုပြီး လူတွေ စည်းကမ်းရှိလာသလို တိုးတက်လာတာတွေ့ရတယ် ။
အခု မြန်မာဆို နိုင်ငံတကာက အရမ်းစိတ်ဝင်စားကြတယ် ။
ကျွန်တော် မြန်မာပတ်စ်ပို့ကိုင်ပြီး မျက်နှာငယ်ခဲ့ရတဲ့အချိန်တွေရှိတယ် ။
အခု ကျွန်တော်အမေရိကန်နိုင်ငံသားခံယူလိုက်တော့မှ မြန်မာက ဂုဏ်ယူစရာဖြစ်လာတယ် ။
အခု ကျွန်တော့်ကို သူငယ်ချင်းသိပ္ဖံပညာရှင်တွေက လာပြောကြတယ် ။ မင်းဇာတိ မြန်မာနိုင်ငံမှာ ကွန်ဖရင့် လုပ်ပေးပါ ။
ငါတို့အတော်ဆုံးသိပ္ဖံပညာရှင်တွေ လက်ချာလာဟောပြောကြမယ်ပေါ့ ။
သူတို့က အရမ်းလာချင်နေကြတယ် ။
ကျွန်တော်ကလည်း ခဏစောင့်ခိုင်းထားရတယ် ။
ကို်ယ့်စီက ပညာရေးက နည်းနည်းလေး လိုက်မမှီသေးတာတွေ့ရတယ် ။
တစ်နေ့တော့ ဖြစ်ကို ဖြစ်လာရမှာပါ ။

neonews


(၈)
ကျွန်တော် သိပ္ဖံပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပတ်ဝန်းကျင် ၊ ဗီဇ ၊ ၀ါသနာ ဘာကြောင့်လဲဆိုတာ သုံးသပ်ရရင် ကျွန်တော်က ဗီဇ ကြောင့်လို့ပဲ ယူဆတယ် ။
ပတ်ဝန်းကျင်ကြောင့်သာဆိုရင် ကျွန်တော် အဲ့ဒီတုန်းက စစ်ဗိုလ်ဖြစ်နေပြီ ။အဲဒီတုန်းက ပတ်ဝန်းကျင်မှာ ဗိုလ်ဖြစ်တာ ပိုဂုဏ်ယူဖို့ကောင်းတယ်လေ ။
နောက် ကံ ဆိုတာ အလုပ်နောက်ကို လိုက်တာပဲ ။
အားလုံးတော့ ကိုယ်လုပ်တိုင်းမအောင်မြင်နိုင်ဘူး ။
ဥပမာ မန္တလေးသွားချင်တယ် မန္တလေးသွားတဲ့လမ်းပေါ်လမ်းရောက်နေတယ် သွားလည်းသွားနေတယ်ဆိုရင် ရောက်ဖို့ ရာခိုင်နှုန်းများတယ် ။
သွားချင်တဲ့စိတ်သာရှိပြီး မန္တလေးလမ်းပေါ်မဟုတ်ပြန်ရင်လည်း ရောက်ဖို့မလွယ်သလို လမ်းပေါ်ရောက်လျက်နဲ့ ဆက်မသွားရင်လည်း မန္တလေးက ဝေးနေမှာပဲ ။
ကိုယ် ဒါကို လုပ်ချင်တယ် ဒီလမ်းပေါ်လမ်းရောက်နေတယ်ဆို အောင်မြင်ခြင်းအတွက် စိတ်ပဲလိုပါတယ် ။
အားလုံးကို ကျွန်တော် ကိုယ့်အစွမ်းအစနဲ့ လုပ်ခဲ့တာချည်းပဲ ။
(၆၄)ဒေါ်လာကနေ စခဲ့တဲ့ဘဝ ကိုယ့်ဘာသာ ကြိုးစားခဲ့တဲ့အတွက် ကို်ယ့်ကိုကိုယ် ဂုဏ်ယူတယ် ။
လူငယ်တစ်ယောက်ဟာ ဖယောင်းလိုပဲ ။
ကိုယ်လိုချင်တဲ့နေရာကို ပတ်ဝန်းကျင်နဲ့ ဗီဇက ပြောင်းလဲဖြစ်တယ် ။
သူ့ သူငယ်ချင်းတွေအားလုံးက ခိုးဆိုးနေသူချည်းပဲဆိုရင် သူပင်ကိုယ်စရိုက်ဘယ်လောက်ကောင်းကောင်း သူခိုးဖြစ်လာဖို့များတယ် ။
အဲ့ဒီအရွယ်မှာ ဗီဇ ဟာ မပီပြင်သေးဘူး ။ ဒီတော့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကို ခံရနိုင်ဖို့ကပဲများနေတယ် ။
အစပိုင်းမှာ ပတ်ဝန်းကျင်က အရေးကြီးပေမယ့် နောက်ပိုင်းကျ ဗီဇက ပိုအရေးကြီးလာတယ် ။
ကျွန်တော်ပတ်ဝန်းကျင်ဆို လက်ရှိရောက်နေတဲ့ ဘဝနဲ့ ဘာမှ မဆိုင်ဘူး ။
ကျွန်တော်ပတ်ဝန်းကျင်က ဂီတအနုပညာပတ်ဝန်းကျင် ရှိတယ် ။
အဲဒါကို အတိုင်းအတာတစ်ခုထိအောင်မြင်အောင်လုပ်ခဲ့တယ် ။ လမ်းလွဲမသွားဘူး ။
အဲဒီကတဆင့် ဘဝမှာ တစ်ယောက်တည်းရုန်းကန်ခဲ့ရတယ် ။ အတက်တွေ ။ အကျတွေ ။
အခုအချိန်မှာ တစ်ကနေပြန်စရမယ်ဆိုရင်လည်း ကျွန်တော့်ဘဝကိုဒီအတိုင်းပဲကျေနပ်တယ် ။
မကောင်းခဲ့တာလည်းကျေနပ်တယ် ။ ကောင်းခဲ့တာလည်းကျေနပ်တယ် ။
အဆိုးကို မသိရင် အကောင်းဟာ ဘယ်လောက်အရသာရှိတယ်ဆိုတာ မသိနိုင်ဘူး ။
ဘဝ ဟာ ဒုက္ခရှိတယ် ။ ဒုက္ခကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရမယ် ။ တစ်ချိန်ကျ ကျော်လွှားနိုင်သွားတာပဲ ။
အောင်မြင်တဲ့အခါလည်း မောက်မာထောင်လွှားစရာမလိုဘူး ။
သူများက ကိုယ့်အပေါ်မကောင်းတာ သူ့ပြသနာ ။ ကိုယ့်ပြသနာမဟုတ်ဘူး ။
သူတို့ မကောင်းတာကို ကိုယ်က စိတ်ဆိုးမိပြီဆိုတာနဲ့ ကိုယ့်ပြသနာဖြစ်သွားပြီ ။
ဗီဇ ဆိုတာ ကိုယ်က တော်တာမဟုတ်ဘူး ။ ကိုယ် ဘာကို တော်လဲ ဆိုတာကို ရှာဖွေတွေ့ရှိသွားတာ ။
အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် မလိမ်နဲ့ ။ ကိုယ့်ကိုကိုယ်လိမ်ရင် သူများကိုလိမ်ဖို့ ပိုလွယ်သွားပြီ ။
ကိုယ့်ကိုကိုယ် သိရင် အောင်မြင်ဖို့ နီးစပ်သွားပြီ ။
ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို ကိုယ်သေချာသိပြီး လေ့လာအားစိုက်မှုနဲ့ ကြိုးစားမှုပေါင်းစပ်ရင် တစ်ချိန်မှာ ကိုယ်လိုချင်တဲ့အောင်မြင်မှုကို ရကို ရမယ် ။

(၉)
ဒေါက်တာစောဝေလှ
အောင်မြင်သော မြန်မာတိုင်းရင်းသား သိပ္ဖံပညာရှင် ။
ကျွန်တော်တို့သည် စနစ်ဆိုးခေတ်ဆိုးများကြားတွင် မြန်မာပြည်ဖွား အာဂလူသားများကို သူများထံသို့ ပေးလိုက်ကြရသည် ။
တန်ဖိုးထားသူနှင့် တန်ဖိုးမထားသူကြား လူသား၏ အရည်အသွေး အဆင့်အတန်းသည် များစွာ ကွာခြားသွားခဲ့ပြီ ။
ရန်ကုန်တက္ကသိုလ်မှ ဘေ့စ်ဂစ်တာသမား ကျောင်းဆရာလေးသည် ကမ္ဘာကျော်သိပ္ဖံပညာရှင်ကြီး ဖြစ်လာခဲ့သည် ။
အမေရိကန်နိုင်ငံ၏ ဓာတ်ခွဲခန်းတစ်ခုထဲတွင် မြန်မာပြည်က ဘေ့စ်ဂစ်တာသံသည် သံစဉ်အသစ်များဖြင့် သိပ္ဖံကကြိုးကို တီးခတ်နေဆဲ…….။
Saw Wai Hla, Ph.D.
Professor,Physics and Astronomy Department
Nanoscale and Quantum Phenomena Institute
Ohio University , USA
Credit: ခက်ဇော်