Knowledge and News

ကမ္ဘာပေါ်တွင် လှပသော်လည်းအန္တရာယ်ရှိသောနေရာများ

Knowledge, Travel

ကမ္ဘာပေါ်တွင် ရင်သပ်ရှုမောဖွယ်အလှများနှင့် လည်ပတ်ရန် ဆွဲဆောင်နေသော နေရာများစွာရှိသည်။

၎င်းနေရာများ၏ ရင်သပ်ရှုမောဖွယ်ရာအလှများကြား နစ်မျောသွားနိုင်သော်လည်း ၎င်းနေရာများကို သွားရောက်လည်ပတ်ပါက အသက်အန္တရာယ်ဘေးကင်း၊ မကင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ထို့ကြောင့် စာဖတ်သူတို့ကို အလှဆုံး နေရာများဖြစ်သော်လည်း ထင်မထားသည့် ဘေးအန္တရာယ်များရှိသော ကမ္ဘာ့အလှဆုံးနေရာများအကြောင်းကို ရေးသားတင်ပြသွားပါမည်။

(၁) ကာရေဘီယံနှင့် လက်တင်အမေရိက

ကာရေဘီယံနှင့် လက်တင်အမေရိကဒေသရှိ ကမ်းခြေများသို့ အလည် အပတ် သွားခြင်းက အသက်အန္တရာယ်ဖြစ်စေနိုင်သည်ဟုဆိုလျှင် များစွာအံ့သြဖွယ်ရာဖြစ်နေပေလိမ့်မည်။

အဘယ်ကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည်ဆိုတာကို စာရင်းဇယားများအရဆိုရလျှင် ကာရေဘီယံကမ်းခြေတွင် ကားမတော်တဆမှု၊ နှလုံးဖောက်ခြင်း၊ ရေနစ်ခြင်းကြောင့် လူသေဆုံးနိုင်ခြေသည် ကမ္ဘာပေါ်ရှိ အခြားနေရာများထက် ဖြစ်နိုင်ခြေများသည့်အတွက်ဖြစ်သည်။

၂၀၀၂ ခုနှစ်ကတည်းက ကော့စတာရီကာရှိ ကမ်းခြေများတွင် အနည်းဆုံး လူ ၁ဝ၁ ဦးထက် မနည်း ရေနစ်သေဆုံးခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

လက်တင်အမေရိကနိုင်ငံဖြစ်သော မက္ကဆီကိုတွင် တစ်နှစ်လျှင် ရေနစ်သေဆုံးသူသည် ၃၅၅ ဦးရှိပြီး ဘဟားမားစ်နိုင်ငံရှိ ကမ်းခြေများတွင် ရေနစ်ခြင်းကြောင့် သေဆုံးသူ ၈၃ ဦးထိရှိကြောင်း သိရသည်။

စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံးမှာ ကော့စတာရီကာနိုင်ငံရှိ ကမ်းခြေများတွင် အန္တရာယ်အရှိဆုံး ပင်လယ်သတ္တဝါတချို့၏ နေထိုင်ရာ နေရာဖြစ်ပြီး ထိုသို့သော အန္တရာယ်များသော ကမ်းခြေများတွင် အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်သောဥပဒေများ ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် ဖြစ်သည်။

(၂) ငရဲတံခါး

ငရဲပြည်၏ ပုံပန်းသဏ္ဌန်နှင့်တူသည်ဟုယူဆပြီး အမည်မှည့်တွင်ထားသော “Gates of Hell”ဟု ခေါ်သော တာ့ခ်မန်နစ္စတန်နိုင်ငံရှိ ဒါဗဇာဓာတ်ငွေ့မီးတောင်အကြောင်းကို ဗဟုသုတရဖွယ် ဆက်လက်ဖော်ပြသွားပါမည်။

အဆိုပါနေရာကို ၁၉၇၁ ခုနှစ်တွင် ဆိုဗီယက် အင်ဂျင်နီယာများက တွေ့ရှိခဲ့ကြပြီး အစက ကြီးမားလှသည့် ရေနံသိုက်ကြီး တစ်ခုဟု မှတ်ထင်ခဲ့ကြသည်။ ထို့ကြောင့် အင်ဂျင်နီယာများက အနီးအနားတွင် ရေနံတွင်းတူးစင်တစ်ခုနှင့် စခန်းတစ်ခုတည်ထောင်ပြီး ထိုနေရာတွင်တည်ရှိနေသည့် ရေနံပမာဏကို စစ်ဆေးအကဲဖြတ်ရန် စတင်တူးဖော်ခဲ့ကြသည်။

သို့သော် ရေနံအစား ဓာတ်ငွေ့ကိုသာ တွေ့ရှိခဲ့ရသည်။ ထို့နောက် ၎င်းတို့၏ ရေနံတွင်းတူးစင်နှင့် ၎င်းစခန်းအောက်ရှိ မြေများသည် ပြိုကျခဲ့သည်။

အင်ဂျင်နီယာများသည် အနီးအနားမြို့များသို့ တွင်းထဲမှ အဆိပ်အတောက်ဓာတ်ငွေ့များ လွတ်ထွက်သွားနိုင်မည့် အန္တရာယ်ကိုစိုးရိမ်သဖြင့် ဓာတ်ငွေ့များကို မီးရှို့ပစ်ခဲ့ခြင်းက အကောင်း ဆုံးဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြပြီး မီးရှို့ခဲ့ရာ ၎င်းဓာတ်ငွေ့များလောင်ကျွမ်းမှုသည် ရက်သတ္တပတ်အနည်းငယ်ထိသာ ကြာလိမ့်မည်ဟု ခန့်မှန်းခဲ့သော်လည်း နောက်ဆယ်စုနှစ် လေးစုကျော်သည်ထိ တောက်လောင်နေဆဲဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

၎င်းနေရာသည် စွန့်စားမှုကို ကြိုက်သောခရီးသွားများ သွားရောက်လေ့လာသင့်သောနေရာတစ်ခု ဖြစ်သော်လည်း တွင်းထဲတွင်ပေါက်ကွဲမှုဖြစ်ပါက မီးတောက်သည် အချင်း ပေ ၂၃၀ (၇၀ မီတာ)ထိ တက်လာတတ်သည်ကို သတိပြုရမည်။

ထို့ကြောင့် ဒေသခံများက ၎င်းနေရာကို “ငရဲတံခါး”ဟု ခေါ်ကြခြင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး ခရီးသွားနေရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသော နေရာတစ်ခုလည်းဖြစ်ပေသည်။

(၃) တောကြီးမျက်မည်းလို ဖြစ်နေသော မက်ဒီဒီအမျိုးသားဥယျာဉ်

မက်ဒီဒီ အမျိုးသားဥယျာဉ်သည် စတုရန်းကီလိုမီတာ ၁၉ဝဝဝ ခန့်ကျယ်ဝန်းသည်။ သားရဲတိရစ္ဆာန်များ၊ အပင်များနှင့် ပြည့်နှက်နေသည်။

လူသားတို့သည် ၎င်း တောကြီး မျက်မည်းအတွင်းရှိသော သားရဲ တိရစ္ဆာန်များကသာလျှင် လူကိုအန္တရာယ်ပြုနိုင်သည်ဟုထင်လျှင် များစွာမှားပေလိမ့်မည်ဖြစ်သည်။

၎င်းဥယျာဉ်အတွင်းတွင် အဆိပ်အပြင်းဆုံး သတ္တဝါများနေထိုင်ကြသည်။ ထို့ပြင် အပင်တစ်ပင်နှင့် အနည်းငယ်မျှ ထိမိ၊ ရှမိလျှင်တောင်မှ မူးဝေအော့အန်ခြင်းများဖြစ်စေနိုင်သည့် အဆိပ်ရှိသော အပင်များလည်းရှိသည်။

ထိုသို့အန္တရာယ်များသော အပင်အမျိုး အစားများနှင့် သတ္တဝါများရှိခြင်းကြောင့် အစိုးရက ၎င်းနေရာကို သွားရောက်လည်ပတ်ခြင်းကို ပိတ်ပင်ထားသည့်အပြင် ကုလသမဂ္ဂကလည်း ထိုနေရာ၌နေထိုင်သည့်အန္တရာယ်ရှိသော တိရစ္ဆာန်များ၊ ထူးခြားဆန်းပြားသော အပင်များနှင့် ငှက်များရှိခြင်းကြောင့် ၎င်းအမျိုးသားဥယျာဉ်ကို ကာကွယ်ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

(၄) အိုက်စလန်ကျွန်းနိုင်ငံ

အိုက်စလန်ကျွန်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတိုင်းတွင် မပါဝင်သော၊ ငြိမ်းချမ်းရေးကို မြတ်နိုးသောနိုင်ငံဖြစ်သည်။

သို့သော်လည်း အိုက်စလန်နိုင်ငံတွင် အမြဲတစေ လှုပ်ရှားနေတတ်သောမီးတောင်များရှိပြီး ပထဝီအနေအထားအရလည်း အမြဲပြောင်းလဲနေတတ်သောနိုင်ငံ ဖြစ်သည်။

နိုင်ငံ၏အတွင်းပိုင်းမှာ သဲကွင်းများ၊ တောင်တန်းများနှင့် ရေခဲမြစ်များရှိသည်။ ထို့ပြင် အေးခဲနေသော ရေခဲပြင်အောက်တွင် မီသိန်းဓာတ်ငွေ့ အစုအဝေးကြီးရှိသည်။ ထို့ကြောင့် ၎င်းကျွန်းနိုင်ငံကို အလည်သွားမည်ဟုစိတ်ကူးလျှင် မီးတောင်များမပေါက်ကွဲစေရန်အတွက် ဆုတောင်းရမှာပင်ဖြစ်သည်။

(၅) မရဏလမ်း_ ဘိုလီးဗီးယား

ဘိုလီးဗီးယားနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည် တစ်ဦးအနေဖြင့် သွားရောက်လည်ပတ်ရန် အကောင်းဆုံးနေရာ မဟုတ်ပေ။

ဘိုလီးဗီးယား အမေဇုန်သည် ကြောက်မက်ဖွယ်ကောင်းနေချိန်တွင် သေမင်းတမန်လမ်းကဲ့သို့ ပိုကြောက်စရာကောင်းသည့်လမ်းများလည်း ရှိသေးသည်။

စွန့်စားခန်းများကို စိတ်ဝင်စားသူများအနေဖြင့် သွားရောက်လည်းပတ်သင့် သော်လည်း အသက်အန္တရာယ်ကင်းရှင်းရေးကိုတော့ အထူးဂရုစိုက်ရမည်ဖြစ်သည်။

၎င်းလမ်းများသည် မြောက်ပိုင်းဒေသများနှင့် ဘိုလီးဗီးယားမြို့ကို ဆက်သွယ်ထားသည့် ကြမ်းတမ်းခက်ခဲသော လမ်းများဖြစ်ပြီး တောင်များဘေးတွင် ကပ်ဖောက်ထားခြင်းဖြစ်သည်။

အဆိုပါလမ်းများကို တောင်၏အမြင့် ပေ ၁၅၀၀၀ တွင် ဖောက်လုပ်ထားခြင်းဖြစ်သည့်အတွက် လေတိုက်နှုန်းလည်း ပြင်းသည်။

ယာဉ်နှစ်စီး လမ်းမပေါ်ယှဉ်ဖြတ် သွား၍ မရလောက်အောင် ကျဉ်းမြောင်းလွန်းသည်။ ၎င်းလမ်းကျဉ်းတွင် ရှောင်စရာလမ်းမရှိသည့်အပြင် နောက်ကြောင်းပြန်လှည့်စရာလမ်းလည်း မရှိပေ။

လမ်းများ၏ဘေးတွင်ရှိသော ချောက်ကမ်းပါးများသည် ပေ ၁၁ဝဝဝ ကျော်ခန့်ထိ နက်သည့်အတွက် နှစ်စဉ် သေဆုံးသူဦးရေ ၃၅၀ ကျော်ရှိကြောင်း သိရသည်။

စက်ဘီးစီးသူများသည် ၎င်းလမ်းတွင် စက်ဘီးစီးရခြင်းကို နှစ်သက်သော်လည်း နှစ်စဉ်စက်ဘီးစီးသူဦးရေ ၂၀ ထက်မနည်း သေဆုံးကြောင်း မှတ်တမ်းများအရ သိရသည်။

ကမ္ဘာပေါ်တွင် အံ့မခန်းလှပသော လည်ပတ်စရာနေရာများစွာရှိပါသည်။ ထိုသို့ လည်ပတ်စရာနေရာများစွာရှိသော်လည်း ယခုဖော်ပြထားသောနေရာများသည် ခရီးသွားလည်ပတ်ခြင်းကို ဟန့်တားရန် မဟုတ်ဘဲ ဗဟုသုတအဖြစ်သာ ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

Source-Yadanarpon Daily News