Knowledge and News

ရှမ်းခေါက်ဆွဲချက်နည်း

Food

ရှမ်းခေါက်ဆွဲဆိုရင် အရည်ရော၊ အသုပ်ရော တော်တော်များများနှစ်သက်ကြသလို စားရချိန်မှာ လည်းအရသာရှိ၊ ဗိုက်လည်းပြည့်သွားစေပါတယ်။ ရှမ်းခေါက်ဆွဲကို ကိုယ်တိုင်ချက်စားချင်သူတွေအတွက် အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံး ရှမ်းခေါက်ဆွဲလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ရေစိမ်ရှမ်းခေါက်ဆွဲဖတ် ၃၀ ကျပ်သား
  • ကြက်သားအသား ၂၀ ကျပ်သား (ရေဆေးပြီး အတုံးသေးသေးလေးများလှီးထားပါ)
  • ကြက်အရိုး ၁၀ ကျပ်သား (ရေဆေးပြီး ဆား၊ ချင်း၊ ကြက်သွန်ဖြူနဲ့နယ်ကာ ရေထည့်ပြီးပြုတ်ထားပါ၊ အရိုးနူးပြီးဟင်းရည်ပွက်ပွက်ဆူလာချိန်မှာ ခနောကြက်သားမှုန့်ထည့်ပါ)
  • ဆား ထမင်းစားဇွန်း ၁ ဇွန်း (အသားချက်ရန်နဲ့ ပြုတ်ရန် တစ်ဝက်စီသုံးပါမယ်)
  • ချင်း ၁ စင်တီမီတာ (ထုချေထားပါ)
  • ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ၆ မြွှာ (ထောင်းထားပါ) (ကြက်သားချက်ရန်၊ ကြက်သားပြုတ်ရန်တစ်ဝက်စီသုံးပါ)
  • ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း (၁ဇွန်းကို ဟင်းချိုအတွက်သုံးပါ)
  • ခရမ်းချဥ်သီး ၅ လုံး (ရေဆေးပြီးပါးပါးလှီးထားပါ)
  • ဆီ ထမင်းစားဇွန်း ၆ ဇွန်း (ကြက်သားချက်ရာတွင် သုံးရန်)
  • ဆီ ထမင်းစားဇွန်း ၃ ဇွန်း (မဆလာနဲ့ငရုတ်သီးဆီကြော်အတွက်)
  • ရေ ၁၅၀၀ မီလီလီတာ (ကြက်ရိုးပြုတ်ရန်)
  • ရေ ၂၀၀ မီလီလီတာ (ကြက်သားချက်ရန်)
  • ရေ ၁၅၀၀ မီလီလီတာ (ခေါက်ဆွဲဖတ်ပြုတ်ရန်)
  • တရုတ်မဆလာ ထမင်းစားဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်(အချို) ထမင်းစားဇွန်း ၆ ဇွန်း
  • ပဲငံပြာရည်(အကြည်) ထမင်းစားဇွန်း ၆ ဇွန်း

ထည့်စားရန်

  • နံနံပင် ၄ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးလှော်ဆီကြော် ၂ ဇွန်း (လုပ်နည်းကို ဖော်ပြထားပါတယ်)
  • မြေပဲလှော်ထောင်း ထမင်းစားဇွန်း ၃ ဇွန်း
  • နှမ်းလှော်ထောင်း ထမင်းစားဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်း အနည်းငယ်
  • မုန်ညင်းချဥ် မိမိစားလိုသလောက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဆုံးကြက်သားချက်ပါမယ်။ ဒယ်အိုးထဲကို ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခနောကြက်သားမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်း၊ ဆီ၊ ဆားတို့ကိုရောထည့်ကာ အဖုံးအုပ်ထားပါ။

  2. ခရမ်းချဉ်သီးကြေပြီး ဆီသံထွက်လာတဲ့အခါ ကြက်သားတုံးလေးတွေထည့်ကာမွှေပါ။

  3. ၃ မိနစ်ခန့်ကြာတဲ့အခါ ခနောကြက်သားမှုန့်ထည့် ရေထည့်ပြီး အဖုံးအုပ်ထားပါ။ ရေခန်းပြီး ဆီပြန်လာပြီဆိုရင် ကြက်သားချက်ရပါပြီ။

  4. တရုတ်မဆလာနဲ့ ငရုတ်သီးဆီကြော်အတွက် ဆီ ၃ ဇွန်းကို ပူလာသည်အထိတည်ပါ။

  5. ငရုတ်သီးနဲ့ မဆလာတွေကို ကြွေ (သို့) စတီးပန်းကန်တစ်ခုစီမှာထည့်ထားပါ။ ဆီကြွက်ကြွက်ဆူလာချိန်မှာ ငရုတ်သီးနဲ့ တရုတ်မဆလာပေါ်လောင်းချကာ ဇွန်းနဲ့ မြန်မြန်လေးနှံ့အောင်မွှေပေးလိုက်ပါ။

  6. ရေနွေးဆူဆူထဲကို မိမိစားလိုသလောက် ရှမ်းခေါက်ဆွဲထည့်ပြီး ပြုတ်ကာဆယ်ထားပါ။

  7. ရှမ်းခေါက်ဆွဲသုပ်လုပ်ဖို့အတွက် ပန်းကန်ထဲကို ရှမ်းခေါက်ဆွဲ၊ ကြက်သားချက်၊ ပဲငံပြာရည်များ၊ နှမ်းလှော်၊ မြေပဲလှော်၊ တရုတ်မဆလာ၊ ငရုတ်သီးဆီချက်၊ နံနံပင်၊ ကြက်သွန်မြိတ်တို့ထည့်ကာနယ်ပါ။

  8. အရည်ကြိုက်သူတွေအနေနဲ့ တရုတ်မဆလာအစား ငရုတ်ကောင်းထည့်ပြီး ကြက်ပြုတ်ရည်လောင်းထည့်ကာစားနိုင်ပါတယ်နော်။

  9. ခုဆိုရင်တော့ လူကြိုက်များတဲ့ရှမ်းခေါက်ဆွဲကို အရည်တစ်မျိုး၊ အသုပ်တစ်မျိုး တဝစားသုံးနိုင်ပြီဖြစ်ပါတယ်နော်။ မုန်ညင်းချဉ်လေးနဲ့တွဲဖက်ပြီး အရသာရှိရှိသုံးဆောင်လိုက်ပါ။

    Credit: https://www.howtocook.com.mm