Knowledge and News

နျူလက်နက်တွေအတွက်ကင်းစောင့်ကာကွယ်ပေးနေတဲ့ လင်းပိုင်များ

Knowledge

ရေသတ္တဝါတွေကို လေ့ကျင့်ပျိုးထောင်ပေးပြီး စစ်ရေးအတွက် အသုံးပြုနေတယ်ဆိုရင် သင်အံ့သြသွားမှာပါ။

ဒီလိုပြုလုပ်နေတာအခုဆိုရင် အမေရိကန်တစ်နိုင်ငံထဲတင် မဟုတ်တော့ပါဘူး။ ရုရှားနဲ့ မြောက်ကိုရီးယားတို့လဲ ပါဝင်ပါတယ်။ အဲ့ဒီ သတ္တဝါကတော့ လင်းပိုင်ငါးတွေဖြစ်ပါတယ်။

ရုရှားဆိုရင် ဝေလငါးအဖြူ (Beluga) လေးတွေကိုပါလေ့ကျင့်ပေးခဲ့ဖူးပါတယ်။

ဒီသတ္တဝါတွေကို အဓိကလေ့ကျင့်ပေးတာက မရိန်းတပ်ဖွဲ့တွေဖြစ်ပါတယ်။ လေ့ကျင့်ပြီးသား လင်းပိုင်တွေဟာ မိုင်းတွေ၊ ခဲယမ်းတွေရဲ့ တည်နေရာကိုရှာဖွေပေးနိုင်ပါတယ်။ ဆီယက်တဲနဲ့ မိုင် (၂၀) လောက်ဝေးတဲ့ ကမ်းခြေနေရာမှာ Kitsap ဆိုတဲ့ စခန်းတစ်ခုရှိပါတယ်။ ဒီစခန်းဟာ လင်းပိုင်တွေကို လေ့ကျင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ စခန်းကို (၂၀၁၀) ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ယူအက်စ်ရဲ့ (၂၅) ရာခိုင်နှုန်းသော နျူလက်နက်တွေဟာ ဒီနေရာတဝိုက်မှာရှိနေတဲ့အတွက် ရန်သူရဲ့ ရေအောက်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။

တကယ်တော့ လင်းပိုင်တွေကိုအသုံးပြုခဲ့တာ ရာစုနှစ်တဝက်လောက်ရှိနေပါပြီ။ သူတို့ရဲ့စူးရှတဲ့အမြင်အာရုံနဲ့ ဆိုနာစနစ်( Sonar System) က လက်နက်တွေရဲ့ တည်နေရာကိုအလွယ်တကူ ရှာဖွေနိုင်ပါတယ်။ နုံးထဲမှာမြှုပ်နေတဲ့ မိုင်းကိုတောင်ရှာဖွေနိုင်ပါတယ်။ ငါးတွေကမိုင်းကိုတွေ့တဲ့အခါ လေ့ကျင့်ပေးသူထံ ပြန်လာပါတယ်။ လေ့ကျင့်ပေးသူက အချက်ပြ Code ကို တည်နေရာထည့်ပြီး မိုင်းရှင်းသင်္ဘောကိုပို့ပါတယ်။ မိုင်းရှင်းအဖွဲ့က မိုင်းကိုရေငုပ်ပြီး ရှင်းလင်းလိုက်ပါတယ်။

တချို့လင်းပိုင်တွေဆို ရန်သူရေငုပ်သမားတွေကို ရေနက်ထဲ ဆွဲချပစ်တတ်ပါတယ်။ အသက်ရှုပိုက်ကို ကိုက်ဖြတ်တာမျိုးပါ။ ဗီယက်နမ်စစ်ပွဲ အတွင်းကဆိုရင် လင်းပိုင်တွေကို လူသတ်လက်နက်အဖြစ်သုံးခဲ့တဲ့ အထောက်အထားတွေရှိခဲ့ပါတယ်။ လင်းပိုင်ရဲ့ ကိုယ်ပေါ်မှာ အဆိပ်သုတ်ထားတဲ့ ဓားတွေတပ်ပြီး ရန်သူရေငုပ်သမားတွေအနားကို ကပ်သွားခိုင်းပါတယ်။

ငါးတွေက ရေငုပ်ကရိယာတွေကို ကိုက်ဖြတ်ပစ်ပါတယ်။ ဒါမှမဟုတ် ရေငုပ်သမားကို ရေအောက်ကို ကိုက်ဆွဲခေါ်သွားပါတယ်။ (၂၀၀၃) ခုနှစ် အီရတ်စစ်ပွဲမှာလည်း လင်းပိုင်တွေကိုအသုံးပြုခဲ့ပါတယ်။ ပင်လယ်ကွေ့မှာ သူတို့က မိုင်းရှင်းတာနဲ့ ရေအောက်ထောင်ချောက်တွေရှာဖွေဖို့ အသုံးဝင်ခဲ့ပါတယ်။

ယူအက်စ်ရဲ့နည်းလမ်းကို ရုရှားတို့ကလဲ အတုယူခဲ့ပါသေးတယ်။ (၁၉၆၅) မှာ ဆီဗက်စတိုပေါ့မှာ လင်းပိုင်လေ့ကျင့်ရေးစခန်းတစ်ခု ဖွင့်ခဲ့ပါတယ်။ တိုက်ခိုက်ရေးလင်းပိုင်တွေအဖြစ်လေ့ကျင့်ပေးကြပါတယ်။ လင်းပိုင်းတွေမှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေတပ်ဆင်ပြီး ရန်သူ့သင်္ဘောတွေအနားရောက်ရင်ပေါက်ကွဲစေပါတယ်။ ဒါကတော့ အရမ်းရက်စက်လွန်းပါတယ်။

လင်းပိုင်တွေအစွမ်းက ဒီထက်မကပါဘူး။ သူတို့ဟာ နစ်မြှုပ်နေတဲ့ သင်္ဘောပျက်တွေ၊ တော်ပီဒိုအဟောင်းတွေကိုလဲ ရှာဖွေနိုင်ပါတယ်။ ဆိုဗီယက်ယူနီယမ်ပြိုကွဲပြီးနောက် လင်းပိုင်လေ့ကျင့်ရေးအစီအစဥ်တွေ ရပ်တန့်သွားပါတယ်။ လေ့ကျင့်ထားတဲ့လင်းပိုင်တွေကို အီရန်ကိုရောင်းချလိုက်ပါတယ်။

(၂၀၁၂) ခုနှစ်မှာတော့ ယူကရိန်းရေတပ်က လင်းပိုင်လေ့ကျင့်ရေးကိုပြန်လည်စတင်ခဲ့ပါတယ်။ ရုရှားတို့ ခရိုင်းမီးယားကို (၂၀၁၄) ခုနှစ်မှာ သိမ်းပိုက်ခဲ့လို့ လင်းပိုင်စခန်းဟာ ရုရှားလက်အောက်ရောက်သွားပြန်ပါတယ်။ (၂) နှစ်အကြာမှာ ရုရှားတွေဟာ Bottlenose လင်းပိုင် ငါးကောင်ကို ဒေါ်လာ ၃၃,၇၅၀ နဲ့ ဝယ်ယူဖြည့်တင်းခဲ့ပါသေးတယ်။ သူတို့က လင်းပိုင်အပြင် ဝေလငါးအဖြူ (Beluga) တွေကိုပါ လေ့ကျင့်ပေးပါတယ်။  (၂၀၁၉) ခုနှစ် နော်ဝေကမ်းခြေမှာဖမ်းမိတဲ့ ဝေလငါးမှာ ခါးပတ်ကြိုးပါလာတာ တွေ့ခဲ့ရပါတယ်။ ကြိုးပေါ်ကစာအရ ရုရှားတို့လေ့ကျင့်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

(၂၀၂၂)ခုနှစ်၊ ဖေဖော်ဝါရီမှာ ရုရှားတွေဟာ လင်းပိုင်တပ်ဖွဲ့တွေကို ဆီဗက်စတိုပေါ့ ကမ်းခြေမှာ နေရာချထားပါတယ်။ ဒါက ယူကရိန်းကို ကျူးကျော်မှုနဲ့လဲ တိုက်ဆိုင်နေပါတယ်။ မြောက်ကိုရီးယားမှာလဲ လင်းပိုင်လေ့ကျင့်ရေးစခန်းရှိပါတယ်။ ဒါကို (၂၀၁၅) ခုနှစ်လောက်မှ သိရပါတယ်။ နမ်ပိုဆိပ်ကမ်းဟာ လင်းပိုင်အများအပြား ကျက်စားရာနေရာဖြစ်ပါတယ်။ ဒီကောင်လေးတွေဟာ ကင်ဂျုံအန်ရဲ့ ခေတ်မှီရေတပ်အတွက် တစိတ်တပိုင်းဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ဒါကတော့ လူသားတွေဟာ ရေနေသတ္တဝါကိုတောင် မချန်ဘဲ စစ်ရေးမှာ အသုံးပြုနေကြတာကို လက်လှန်းမှီသလောက်တင်ပြခဲ့တာဖြစ်ပါတယ်။