Knowledge and News

မှန်ထဲကခွေး

Knowledge

တခါတုန်းက ခွေးတကောင်ဟာ မှန်တွေနဲ့ချည်း ဆောက်လုပ်ထားတဲ့ ပြခန်းတခုဆီကို ပြေးဝင်သွား ပါတယ်။ ပြခန်းရဲ့ နံရံတွေကော၊ ကြမ်း ခင်းတွေကော၊ မျက်နှာကြက်တွေကော အားလုံးကို မှန်တွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။အဲဒါကြောင့် ခွေးဟာ မှန်ထဲက သူ့ရဲ့ပုံရိပ် ရောင်ပြန်တွေကို ကြည့်မိပါတယ်။ ခွေးက သူ့ရဲ့ ဘေးပတ်လည်ကို ကြည့်ပြီး အံ့အားသင့်နေ လေရဲ့။ခွေးက သူ့ရဲ့သွားတွေကို ဖြဲလိုက်၊ သူ့ပုံရိပ်တွေကို ဟောင်လိုက် စသည်ဖြင့် နည်းလမ်းမျိုးစုံနဲ့ လုပ်နေပါတယ်။အပြင်ခွေးက ဟောင်လေ မှန်ထဲက ခွေးက ပြန်ဟောင်လေ၊ အပြင်က ခွေးက ဒေါသထွက်လေ ပိုထိုးဟောင်လေ မှန်ထဲကခွေးက ထပ်ပြီးဟောင်လေနဲ့ ခွေးမှာ ဒေါသတွေ ထွက်နေတာပေါ့။ဒေါသထွက်ပြီး ထိုးဟောင်ရုံ သာမက မှန်ကို တဘက်ကနေ ခေါင်းနဲ့ ပစ်တိုက်လိုက် တခြားဘက်ကိုလည်း ပစ်တိုက်လိုက်နဲ့ လုပ်ပါတော့တယ်။

နောက်တနေ့ မနက်မှာတော့ ပြခန်း လုံခြုံရေးက အသက်မဲ့နေတဲ့ ခွေးကို ပြခန်း အလယ်မှာ မြင်လိုက်ရ ပါတယ်။ ဘယ်သူကမှ ခွေးကို သတ် ပစ်လိုက်တာ မဟုတ်ပါဘူး။ ခွေးရဲ့ ပုံရိပ်တွေကသာ ခွေးကို သတ်ပစ်လိုက် တာပါ။ကျွန်တော်တို့ရဲ့ ဘဝတွေမှာလည်း အဲလိုပါပဲ။ လောကကြီးက ကောင်းခြင်း ဆိုးခြင်းတွေကို ယူလာပေးတာ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေ၊ ခံစားချက်တွေ၊ ဆန္ဒတွေနဲ့ လုပ်ဆောင်ချက် တွေပေါ် မူတည်ပြီး အကျိုးအကြောင်းတွေ ဖြစ်ပျက်လာ ရတာပါ။လောကကြီးက မှန်ချပ်ကြီးနဲ့ တူပါတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး စိတ်ကောင်းထားဖို့၊ အကောင်းဆုံး ဖြစ်အောင် ပြုမူ ဆက်ဆံကြဖို့၊ အခြားသူများ အပေါ် စိတ်ကောင်းထားဖို့..စတဲ့ အကောင်းဆုံး ပုံစံမျိုးနဲ့ ရှင်သန်ကြဖို့လိုပါတယ်။ အဲဒါမှ ကိုယ့်ပုံရိပ်ကလည်း ကောင်းမှာ ဖြစ်ပါတယ်ပါတယ်..။

Credit: Original Uploader