Knowledge and News

တိမ်မြုပ်နေသော ပွဲကျောင်း သိုင်းပညာ

Knowledge

မြန်မာတို့၏ ပွဲကျောင်းသည် အေဒီ ၅ ရာစုလောက်မှ၍ ပေါ်ပေါက်လာသည် ဟုယူဆရပါသည်။ ထိုအချိန်က တောထဲတွင် တရားထိုင်သည့်အခါ အညောင်းအညာ ပြေစေရန်အတွက် လည်းကောင်း၊ ခိုးသားဓမြတို့၏ ရန်ကို ရှောင်နိုင်ရန် အတွက်လည်းကောင်း သိုင်းပညာရပ်များကို တီထွင်ခဲ့ကြသည်။ ထိုသိုင်းပညာရပ်များဖြင့် ထင်ရှားလာသောအခါ နေပြည်တော်တွင် သိုင်းသင်ပေးသည့် သင်တန်းများကို ဖွင့်လှစ်ခဲ့ကြသည်။ ထိုသင်တန်း ကျောင်းများတွင် လူစည်းကာလာသောအခါ ဂါမဝါသီပွဲကျောင်းဟု ခေါ်တွင်လာကြသည်။

ထိုအချိန်တွင် တောထဲတွင်ရှိသော ရသေ့များ၏ပညာရပ်တွေသည်လည်း အရညဝါသီ ပွဲကျောင်းအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။ ဂါမဝါသီပွဲကျောင်းမှ ရသေ့၊ တပသီများသည် လူတွေကြားထဲတွင် နေထိုင်ယင်း လူတွေကိုဘာသာရေးမှိုင်းများ တိုက်ကာ စည်းစိမ် ခံခဲ့ကြသည်။ ထို့အတွက်ကြောင့် အနော်ရထာမင်းလက်ထက်တွင် ဂါမဝါသီ ပွဲကျောင်းများကို နှိမ်နင်းခဲ့သည်။ ပုဂံခေတ်တခေတ်လုံးတွင် ပွဲကျောင်းများ မှေးမှိန်ခဲ့သည်။

ပုဂံကို မွန်ဂိုများဝင်ရောက်တိုက်ခိုက်လာသည့်အချိန်မှစ၍ အရညဝါသီ ပွဲကျောင်းမှ လူငယ်လူရွယ်များက တိုင်းပြည်အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မှ စ၍ ပွဲကျောင်းများပြန်လည် နေရာရလာသည်။ ပုဂံခေတ် ဂါမဝါသီပွဲကျောင်း များနှင့် မတူတော့သည်မှာ ပင်းယခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိ ပွဲကျောင်းမှ ကျောင်းအုပ်ချုပ်သူ နာယကများမှာ ရဟန်းသံဃာများဖြစ်လာသည်။

ထင်ရှားသည့်ပွဲကျောင်းဆရာတော်မှာ အင်းဝခေတ် ပထမမင်းခေါင် (မင်းဆွေ)၏ ဆရာ အောင်စည်းခုံသံဃရာဇာဆရာတော်ဖြစ်သည်။ အင်းဝခေတ်တွင် ပွဲကျောင်းပညာရပ် အထွန်းကားဆုံးဖြစ်သည်။ သင်တန်းနည်းပြ များမှာ လူပုဂ္ဂိုလ်၊ ဖိုးသူတော်တို့ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်အပြီး ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့က မြန်မာ့သိုင်းကို နှိမ်နင်းခဲ့သဖြင့် ပွဲကျောင်းပညာရပ်များ တိမ်မြုပ်ပျောက် ကွယ်ခဲ့ရသည်။

အဓိပ္ပါယ်
ပွဲ ဟူသည်ကာ စည်ကားသော၊ ကျောင်းဟူသည်ကာ အတတ်ပညာများသင်ပေးရာနေရာ ဖြစ်သည်။ ပွဲကျောင်း ဟူသည်ကာ အတတ်ပညာများကို သင်ကြားပေးသည့် စည်ကား သော်နေရာဟု အဓိပ္ပါယ်ရသည်။ ဂါမဝါသီ ကာ ရပ်ရွာဟုအဓိပ္ပါယ်ရသည်။ အရညဝါသီ ဟူသည်ကာ တောအရပ်ဟု အဓိပ္ပါယ်ရသည်။

ဂါမဝါသီပွဲကျောင်း
ဂါမဝါသီပွဲကျောင်းနှင့် အရညဝါသီပွဲကျောင်းသည် အဓိပ္ပါယ်ကွဲသလို ပညာရပ်များလဲ ကွဲပါသည်။ ဂါမဝါသီပွဲကျောင်းသည် လူတို့၏ ရပ်ရွာကိုအခြေခံ၍ အင်း၊ ယတြာ၊ အဆောင်၊ စုန်းပရောဂ၊ ကဲ့သို့ ပညာရပ်များ၊ကိုအဓိကထားခဲ့ကြသည်။ ဆေးပညာတွင်လည်း ကာမဆန္ဒအားဆေး၊ ရုပ်ပျိုကိုယ်နုဆေး အစရှိသည့် ဆေးပညာရပ်များကို သင်းကြားရသည်။ သိုင်းပညာတွင် လည် ရုပ်ပိုင်း ဆိုင်ရာလေ့ကျင့်မှုဖြင့်အနိုင်ယူနိုင်အောင် သင်ကြား၊ လေ့ကျင့်ရသည်။ (ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဆိုသည်မှာ ခန္ဒာကိုယ်အား အထိုးခံနိုင်အောင်၊ သန်မာအောင် ခန္ဒာကို ကြီးမာအောင်၊ ကြံခိုင်အောင် ကျင့်စဉ်များကိုကျင့်ခြင်းဖြစ်သည်။)

အရညဝါသီပွဲကျောင်း
အရညဝါသီပွဲကျောင်းသည် တောကိုအခြေခံသဖြင့် နက္ခဗေဒင်ပညာ၊ နက္ခတ်အမြင်၊ တောထဲတွင်ရှိသည့် သစ်မြစ်၊ သစ်ဥတို့ဖြင့် ရောဂါများကိုကုသသည့် ဆေးပညာများ တော၏ ပရိယာယ်၊ တော၏မာယာတို့ အကြောင်း၊ သစ်ပင်တို့အကြောင်း၊ သစ်ပင်တက်နည်း၊ သစ်ပင်တွင်လင့်စင်ထိုးနည်း၊ ထောင်ချောက်ဆင်နည်း တို့ကိုအဓိကထားသင်ကြားသည်။ သိုင်းပညာရပ်တွင်လည်း ရုပ်ပိုင်းဆိုင်ရာထက် ရန်သူ၏ အားသာချက်၊ အားနည်းချက် အလေ့အကျင့်တို့ကို သိအောင်သင်ကြားပေးသည်။ ထို့အပြင် ရန်သူအား ဉာဏ်ကိုသုံး၍ တိုက်ခိုက်တတ်အောင်သင်ကြားရသည်။

အဘယ်ကြောင့် ထိုသို့ သင်ရခြင်းဟူမူ လူသည်ဘယ်လောက်မာမာ ဆင်လောက်မမာနိုင်ပါ။ ထိုသို့ ဆင် ကဲ့သို့သော် ရန်သူကို ခွန်အားနှင့်အနိုင်ယူ၍မရပါ ဉာဏ်နှင့်သာ အနိုင်ယူ တိုက်ခိုက်နိုင်သည်။ ပင်းယခေတ်မှစ၍ ပွဲကျောင်းများသည် အရညဝါသီ ပညာရပ်များကိုသာသင်ကြားပေးခဲ့သည်။ ဂါမဝါသီပွဲကျောင်းပညာရပ် များကို သင်ကြားခြင်းမပြုတော့ပါ။ ယနေ့တွင် ဂါမဝါသီပွဲကျောင်းမှပညာရပ်များ လုံး၀ ပျောက်ကွယ်သွားပြီဖြစ်သည်။

အဆင့်သတ်မှတ်ပုံ
ပွဲကျောင်းသိုင်းပညာတွင် ခါးပတ်ဖြင့်သတ်မှတ်ခြင်းမရှိပါ၊ အဆင့် ၅ ဆင့်ဖြင့် ခွဲခြားထားသည်။ ပွဲကျောင်းသားတစ်ဦးသည် အခြေခံပထမအဆင့်အနေဖြင့် ဝိုင်းဝင်၊ ဝိုင်းထွက်ဖြေရသည်။ ၃ ယောက်ဝိုင်းအောင်မှ ၅ ယောက်ဝိုင်းဖြေရသည်။ ထိုအဆင့်အောင်ပါက အခြေခံအဆင့်အောင်မြင်ပြီဟု သတ်မှတ် သည်။ ခန်းဝင်၊ ခန်းထွက် (လူ ၁၂ ယောက်) အောင်ပါက ဒုတိယအဆင့်ကျောင်းသားဟု သတ်မှတ်သည်။

ရွာဝင်၊ ရွာထွက် (လူအယောက် ၅၀ ) အောင်ပါက တတိယအဆင့် ကျောင်းသားဟု သတ်မှတ် ခံရသည်။ မြို့ဝင်၊ မြို့ထွက် (လူအယောက် ၁၀၀) ကိုအောင်မြင်ပါက စတုတ္ထအဆင့် အဖြစ်သတ်မှတ်သည်။ တောဝင်၊ တောထွက် (တောတစ်ခုထဲတွင် အချိန် ၃ လ မှ ၆ လ) နေထိုင်၍ အန္တရာယ်များအားလုံးကို ကျော်လွှာနိုင်ပါက ပဉ္စမအဆင့်သတ်မှတ်သည်။ ထိုအဆင့်ကို ရသေ့၊ ရဟန်းများသာ အောင်မြင်ကြသည်။ လူပဂ္ဂိုလ်ထဲမှအောင်မြင်သူအလွန်နည်းပါသည်။

Credit# thutazone