Knowledge and News

ကန်စွန်းဥစိုက်ပျိုးနည်း

Agriculture

ကန်စွန်းဥ

အင်္ဂလိပ်အမည် – Sweet Potato

ရုက္ခဗေဒအမည် – Ipomoea batats

မျိုးရင်း – Convolvulaceae

မူရင်းဒေသ – တောင်အမေရိကတိုက်

 

ကန်စွန်းဥစိုက်ပျိုးခြင်း

ကန်စွန်းဥသည် သဲနုန်းမြေ၊ နုန်းမြေနှင့် မြေပွများတွင်ကောင်းစွာဖြစ်ထွန်းပြီး မြေကျစ်မြေစေးများတွင် မဖြစ်ထွန်း၊ ကန်စွန်းဥသည် ပူနွေးပြီး မိုး‌အသင့်အတင့်ရွာသွန်းမှုကို ကြိုက်နှစ်သက်သည်။ ကန်စွန်းဥပင်ကို မိုးဦးကျတွင် စိုက်ပျိုးကြသည်။ မြေကို ထယ်ရေး၊ ထွန်ရေးဝင်ပြီးနောက် တစ်ဘောင်နှင့်တစ်ဘောင် နှစ်ပေစီခြားကာ အမြင့်ခြောက်လက္မမှ ကိုးလက္မရှိသော ဘောင်များဖော်ရသည်။ ထိုဘောင်များပေါ်တွင် ကန်စွန်းနွယ်များကို ကိုးလက္မအရှည်ထားပြီးဖြတ်၍ မျိုးကိုင်း တစ်ကိုင်းနှင့်တစ်ကိုင်း တစ်ပေစီခွာ၍ ခပ်စောင်းစောင်းထိုးစိုက်ရသည်။ စိုက်ပြီးသုံးလေးလ ကြာသောအခါ၊ ကန်စွန်းရွက်များဝါကျလာသောအခါ ဥများရင့်ပြီးဖြစ်သဖြင့် ထယ်ထိုး၍လည်းကောင်း၊ ပေါက်ပြားဖြင့်ပေါက်၍လည်းကောင်း တူးယူနိုင်သည်။ တစ်‌ဧကလျှင် ကန်စွန်းဥပိဿာ တစ်ထောင့်ရှစ်ရာမှသုံးထောင့်ငါးရာအထိထွက်နိုင်သည်။

 

ကန်စွန်းဥတွင် ကျရောက်တတ်သောဖျက်ပိုးများ

၁။ ရွက်စုံစားခူဝါသည် အရွက်ကို ကိုက်စားသည်။

၂။ လိပ်ခုံးကျိုင်းများ (ကျိုင်းအမျိုးအစား)

ပိုးတုံးလုံးသည် အရွက်ကို ကိုက်စားသည်။

၃။ ကန်စွန်းဖလံ (ဖလံအမျိုးအစား)

ပိုးတုံးလုံးသည် အရွက်၊ အညွှန့် တို့ကို ကိုက်စားသည်။

၄။ ကန်စွန်းဥထိုး နှာတံရှည်ကျိုင်း (ကျိုင်းအမျိုးအစား)

ကန်စွန်းဥအတွင်းတွင် ပေါက်လာသော ပိုးတုံးလုံးတို့သည် ဥကိုထွင်း၍စားသည်။ ကျိုင်းမသည်

နှာလံရှည်သည်။

ကန်စွန်းဥတွင်ကျရောက်တတ်သောရောဂါများ

အထင်အရှားမရှိ။