Knowledge and News

ပြောင်းလဲလာသော မြန်မာနိုင်ငံတော်အလံများ

History, Knowledge

နိုင်ငံတိုင်းတွင် နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းစသည့် နိုင်ငံကိုယ်စားပြု သငေ်္ကတများရှိကြသည်။ နိုင်ငံတော်တံဆိပ်၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့သည် နိုင်ငံသားတိုင်းအတွက်အထွက်အမြတ်ထားအပ်သော ဂုဏ်ယူဖွယ်ရာများဖြစ်သည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးအနေဖြင့် ယနေ့အချိန်တွင်လွှင့်ထူထားသောအလံတော်သည် အောက်ခံလိုင်းစင်း (၃)လိုင်းပါရှိသည်။ အလျားလိုက်အစင်းများဖြစ်ပြီး အကျယ်ပမာဏတူညီသည်။ အပေါ်ဆုံးအရောင်မှာ အဝါရောင်၊ အလယ်ရောင်မှာ အစိမ်းရောင်၊ အောက်ဆုံးအရောင်မှာ အနီရောင်ဖြစ်သည်။ ထိုအရောင်အစင်း (၃)ခုပေါ်တွင် ကြယ်ဖြူကြီးတစ်လုံးတည်ရှိသည်။ အနေအထားမှာအလယ်အစိမ်းလိုင်းပေါ်တွင် အဖြူရောင်ကြယ်၏ အလယ်ဗဟိုချက်တည်ထားပြီး အဝါနှင့်အနီရောင်များပေါ်သို့ ရောက်ရှိမှုအကျယ်အဝန်းတူညီကြသည်။ ကြယ်ဖြူသည်တည့်မတ်သောအနေအထားကြောင့်ကြယ်၏ထောင့်စွန်းတစ်ခုသည် အဝါရောင်လိုင်းအပေါ်သို့ တည့်တည့်မတ်မတ်ထောင်တက်နေသည်။ လက်တံသဖွယ်ထောင့်စွန်းနှစ်ခုမှာ အစိမ်းပေါ်တွင်ရှိ၍ အောက်ဘက်ထောင့်စွန်းနှစ်ခုမှာ အနီပေါ်တွင်ရှိသည်။ ထိုအလံတော်သည် မကြာသေးခင်အပေါ်မှစ၍ လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အလံများခေတ်အလိုက် တစ်မျိုးပြီးတစ်မျိုးပြောင်းလဲတိုးတက် လွှင့်ထူခဲ့ကြသည်။ ဘကြီးတော်မင်းတရားလက်ထက် (၁၁၈၆) ခုနှစ်ခန့်က မြန်မာအလံတော်မှာ အဝါရောင်ပြောင်အောက်ခံပေါ်တွင် အတောင်ပံဖြန့်၍ကနေသော ဥဒေါင်းရုပ်ကို အလယ်တည့်တည့်မှာထားသောပုံဖြစ်သည်။

ကိုလိုနီခေတ်ရောက်သောအခါ အင်္ဂလိပ်တို့၏ ဗြိတိသျှအလံကိုသာ နိုင်ငံတော်အလံအဖြစ် သုံးစွဲခဲ့ကြသည်။ မြန်မာအမျိုးသားတို့ကမူ အဝါ၊ အစိမ်း၊ အနီအောက်ခံပေါ်တွင် ကဒေါင်းပါသောအလံကို အမျိုးသားအလံအဖြစ် လွှင့်တင်ခဲ့၏။ သို့သော်သူ့ကျွန်ဘဝဖြစ်၍ နိုင်ငံတော်အလံအဖြစ်သို့မူ ရောက်မလာခဲ့ပေ။

ဒုတိယကမ္ဘာစစ် မဖြစ်မီ ဗြိတိသျှတို့ သတ်မှတ်ပေးသောအလံမှာ အပြာရောင်အောက်ခံပေါ်တွင် လက်ဝဲထောင့်တိုင်းအရင်း၌ ယူနီယံဂျက် ကြက်ခြေခတ်နှစ်ခု ထပ်ပုံရှိသည်။ ကျန်တစ်ခြမ်း၏အလယ်တွင် ကဒေါင်းရုပ်ရှိ၏။

ဂျပန်ခေတ်တွင် ဂျပန်တို့သည် အဖြူပေါ်တွင် နေလုံးနီတစ်လုံးတည်းပုံသောအလံကို လွှင့်တင်ခဲ့ကြသည်။

ဖက်ဆစ်တော်လှန်ရေးတပ်သားကမူ အနီရောင်အောက်ခံပေါ်မှ တိုင်းရင်းအထက်ထောင့်တွင် ကြယ်ဖြူပါသော အလံကိုင်ဆောင်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးသောအခါ အနီရောင်အောက်ခံပေါ်တွင် တိုင်ရင်းအထက်ထောင့်၌ အပြာရောင်ခံပြီး ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူအသေးငါးလုံး ဝန်းရံထားသောအလံကို နိုင်ငံတော်အလံအဖြစ်သတ်မှတ်ခဲ့၏။

(၁၉၇၄) ခုနှစ်တွင် အနီရောင်အောက်ခံအပေါ်တွင် တိုင်ရင်းအထက် ခွေးသွားစိတ်နှင့် စပါးနှံကို ကြယ်ဖြူ (၁၄)လုံး ဝန်းရံထားသော ပုံကိုသုံးစွဲခဲ့သည်။

ယခုအလံကား ကိုလိုနီခေတ် အမျိုးသားအလံပေါ်တွင် ဒေါင်းရုပ်အစား ကြယ်ဖြူပွင့်တင်ထားသဖြင့် ကျက်သရေရှိစွာလှပနေပါသည်။

Credit: နေဘုန်းဝေ