Knowledge and News

နတ်ဘဝ လူ့ဘဝ ကွာခြားချက်

Knowledge

နတ်ဘဝဆိုတာ လူ့စည်းစိမ်နှင့်လားလားမှမဆိုင်ပါ။ ဘာကြောင့်ပါလဲ?
၁။ ပဋိသန္ဓေနေခြင်းဆင်းရဲ ဆိုတဲ့ ဒုက္ခမရှိပါဘူး။ နတ်သမီးက အသက် ၁၆-၁၈ နှစ်အရွယ်၊ နတ်သားက အသက် ၂၀ အရွယ်၊ဘွားကနဲပေါ်လာတယ်တဲ့။ ဒါကြောင့် နတ်ပြည်မှာ သားဖွါး ခန်းတွေ၊ သားဖွါးဆေးရုံ တွေ မရှိပါ။
၂။ အိုခြင်းဆင်းရဲ ဆိုတဲ့ ဒုက္ခမရှိပါဘူး။ နတ်သမီးက အသက် ၁၆-၁၈ နှစ်အရွယ်၊နတ်သားက အသက် ၂၀ အရွယ်၊သေတဲ့အထိရှိနေတယ်တဲ့။ အလှပြင်ဆိုင်တို့၊ plastic surgery တို့လုပ်စရာမလိုပါ။
၃။ နာခြင်းဆင်းရဲမရှိပါ။ ဒါကြောင့်နတ်ပြည်မှာဆေးရုံ၊ဆေးပေးခန်းမရှိပါ။
၄။ အလုပ်လုပ်စရာမလိုပါ။ ဒါကြောင့် အသက်မွေးဝမ်းကြောင်းပညာလည်းသင်ရန်မလိုပါ။
၅။ အဝတ်လဲ စရာမလိုပါ။ ကံကြောင့်ဖြစ်သော နတ်ဝတ်တံဆာတွေက အမြဲ သစ်လွင် တောက်ပ နေပါတယ်။ သေခါနီး တစ်ပတ်လောက်မှာမှ အရောင်မှိန်လာပါတယ်။
၆။ အလေး၊အပေါ့လည်းသွားစရာမရှိပါ။ ဒါကြောင့် နတ်ပြည်မှာ အိမ်သာမရှိပါ။
၇။ နတ်သမီးများ ဓမ္မတာလာခြင်း၊ ကိုယ်ဝန်တောင်ခြင်း၊ ခလေးမွေးရခြင်း ဒုက္ခများ မရှိပါ။ သားသမီးဖြစ်မဲ့ နတ်သား၊နတ်သမီးက နတ်သမီးရဲ့ရင်ခွင်မှာ ပေါ်လာ တယ် တဲ့။
၈။ နတ်သမီး၊နတ်သားများ တူနှစ်ကိုယ်တွဲ၍ကာမဂုဏ်ခံစားနိုင်သည်တဲ့။ နတ်သားရဲ့ အလုပ်အကျွေးဖြစ်မဲ့ နတ်သမီးက နတ်သားရဲ့ အိပ်ခန်းမှာပေါ်တယ်တဲ့။ အိမ်ဖေါ်ဖြစ်မဲ့ နတ်သားနတ်သမီးတွေက နတ်နန်းထဲ မှာ ပေါ်လာတယ်တဲ့။
၉။ အစားအနေနဲ့ နတ်သုဓါလို့ခေါ်တဲ့ အလွန်မွှေးကြိုင်ပြီး၊ အကြော်ပေါင်း တစ်ထောင်အထိ ဆိမ့်ဝင်သွား တဲ့အရသာရှိတဲ့ အစာကို တောင်းတ လိုက်ရင် ပေါ်လာတယ်တဲ့။ တစ်ခါစားရင် တစ်ပတ်ခံတယ်။ နတ်တွေ အပျော်လွန်ပြီး နတ်သုဓါမစားမိလို့ရှိရင် သေတယ်တဲ့။
၁၀။ ကျန်တဲ့ နတ်သေစေတဲ့ အကြောင်းတစ်ခုက ဒေါသဖြစ်ရင် နတ်သေတယ်။ နတ်တွေရဲ့ ရုပ်ကိုယ်ကြီးက အလွန်နုညံ့တယ် ဒါကြောင့် ဒေါသဆိုတဲ့ ပူတဲ့ဓါတ်ကိုမခံနိုင်ဘူး။ နတ်တွေရဲ့ ရုပ်ကနုညံ့လို လူ့မျက်စေ့နဲ့ မမြင်နိုင်ဘူး။ ဥပမာ။ လေ ကိုမမြင်ရသလိုပါပဲ။
၁၁။ နတ်များရေချိုးရန်၊ အိပ်ရန်မလို၊ ညောင်းညာခြင်းမရှိ။ ချွေးထွက်ခြင်းမရှိ။
၁၂။ သေလျှင်အလောင်းမကျန်။ အငွေ့ဖြစ်သွားသည်။ ထိုကြောင့် သင်္ဂြိုဟ်ရန်မလို၊ သင်္ချိုင်းမရှိ။
၁၃။ အလင်းရောင်အတွက် နေရောင်၊လ ရောင်၊ လျှပ်စစ်မီးလဲ မလို၊ ကိုယ်မှထွက်သော ကိုယ်ရောင်ကိုယ်ဝါနှင့်နေသည်။
၁၄။ နတ်ဘဝ ဆိုတာ လူ့ပြည်ကပြုခဲ့တဲ့ ကုသိုလ်အကျိုးတွေ ခံစားနေတဲ့ ဘဝ ပါပဲ။ ဥပမာ အားဖြင့် တစ်နှစ်အလုပ်လုပ်ပြီး ဆုထားတဲ့ ငွေနဲ့ အပန်းဖြေအနားယူသလိုပါပဲ။ ပိုက်ဆံကုန်ရင် အလုပ်ပြန် လုပ်ရ သလို၊ ကုသိုလ်ကံ ကုန်ရင် နတ်ဘဝက ပြန်ရတာပဲ။
၁၅။ နတ်တွေရဲ့ အချိန်နဲ့ လူ့ပြည်အချိန်နှိုင်းမယ်ဆိုရင်။ အနိမ့်ဆုံးက အမြင့်ဆုံးနတ်ဘုံ အထိ နှစ်ဆ ဆီတက်သွားတယ်။ နတ်သက်တမ်းက လေးဆ ဆီတက်သွားသည်။ အပေါ်တက်လေ အချိန် ကြာလေ ဆိုတာကို လကမ္ဘာပေါ်သွားသူများကသက်သေပြနေသည်။ လကမ္ဘာပေါ်က တစ်နေ့သည် ကမ္ဘာမြေကြီးပေါ်က တစ်လ နှင့်ညီသည်ဟု သိပ္ပံပညာရှင်များ လက်ခံထား သည်။
လူ့ပြည်မှ နတ်ပြည် ၆ထပ်အထိ၊ တစ်ခုနှစ်တစ်ခု ယူဇနာပေါင်း ၄၂၀၀၀ ကွာသည်။ တစ်ယူဇနာ ပျမ်းမျှခြင်း ၁၀ မိုင်နှင့်တွက်လျှင် မိုင်ပေါင်း ၄၂၀.၀၀၀ တွင် အောက်ဆုံးနတ်ပြည် ရှိသည်။ ဤအတိုင်း နတ်ပြည်တစ်ခုနှင့်တစ်ခုလည်း မိုင်ပေါင်း ၄၂၀.၀၀၀ ကွာသွားသည်။ နတ်ပြည် ၆ ထပ် အပေါ်၌ ဗြဟ္မပြည် ၂၀ ရှိသည်။
နတ်ပြည်အပေါ်ဆုံးမှ အောက်ဆုံး ပထမစျာန်ဗြဟ္မပြည် (၃ ဘုံ တစ်တန်းထဲရှိသည်) သည် ယူဇနာ ၅၅၈၀၀၀ ရှိသည်။ ထိုကြောင့် မိုင်ပေါင်း ၅၅၈၀.၀၀၀ ဖြစ်သည်။ ဗြဟ္မပြည် ဒုတိယစျာန်ဘုံ (၃ ဘုံ) သည် ပထမစျာန်ဗြဟ္မပြည်မှ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိသည်။ တတိယစျာန် ဘုံ ၃ ဘုံသည် ဒုတိယစျာန်ဘုံ၏ ယူဇနာ ၅၅၈၀၀၀ အကွာတွင်ရှိသည်။ စတုတ္ထစျာန်ဘုံတွင် (၇ ဘုံရှိသည်) သည်၊ တတိယစျာန် ဘုံ ၏ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိပြီး၊ ပဉ္စမစျာန်ဘုံ ၄ ဘုံသည် စတုတ္ထစျာန်ဘုံ၏ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိသည်။ထိုကြောင့် လူ့ပြည်နှင့် အထက်ဆုံး ဗြဟ္မာ့ ဘုံသည် ယူဇနာပေါင်း ၂၂.၂၈၄.၀၀၀ ကွာသည်။

လူ့ပြည် နှစ် ၅၀ = စတုမဟာရာဇ် နတ်ပြည်။
လူ့ပြည် နှစ် ၁၀၀ = တာဝတိံသာ နတ်ပြည်။
လူ့ပြည် နှစ် ၂၀၀ = ယာမာ နတ်ပြည်။
လူ့ပြည် နှစ် ၄၀၀ = တုသိတာ နတ်ပြည်။
လူ့ပြည် နှစ် ၈၀၀ = နိမ္မာနရတိ နတ်ပြည်။
လူ့ပြည် နှစ် ၁၆၀၀ = ပရနိမ္မိတဝိသဝတ္တီ နတ်ပြည်။
နတ်ပြည် နတ်တွက်ကိန်းအသက် လူ့တွက်ကိန်းအသက်
၁။ စတုမဟာရာဇ် နှစ် ၅၀၀။ နှစ် ၉.၀၀၀.၀၀၀။
၂။ တာဝတိံသာ ၁၀၀၀။ ၃၆.၀၀၀.၀၀၀။
၃။ ယာမာ ၂၀၀၀။ ၁၄၄.၀၀၀.၀၀၀။
၄။ တုသိတာ ၄၀၀၀။ ၅၇၆.၀၀၀.၀၀၀။
၅။ နိမ္မာနရတိ ၈၀၀၀။ ၂၃၀၄.၀၀၀.၀၀၀။
၆။ ပရနိမ္မိတဝိသဝတ္တီ ၁၆၀၀၀။ ၉၂၁၆.၀၀၀.၀၀၀။
နတ်သေခြင်းအကြောင်း (၄) ပါး။
၁။ ကံကုန်ခြင်း။
၂။ နတ်သက်တမ်းကုန်ခြင်း။
၃။ နတ်သုဒ္ဓါစားရန်မေ့ခြင်း။
၄။ ဒေါသဖြစ်ခြင်း။
ဒီပဲရင်းဆရာတော်
ပျော်လွန်ခြင်း၊ဒေါသပြင်း၊
ချက်ချင်းသေသည့်၊စတုဝတိံသာ၊
ပျော်လွန်သေဆုံး၊ခြောက်ထပ်လုံး၊
ပေါင်းရုံးတစ်နည်းလာ။
နတ်များစုတေကာနီးတွင် လူ့ပြည်ရက်နှင့် (၇) ရက်တွင် ပုဗ္ဗနိမိတ် (၅) ပါးထင်သည်။
၁။ ပန်ဆင်ထားသောနတ်ပန်းများညှိုးခြင်း။
၂။ နတ်ဝတ်တန်ဆာများညစ်နွမ်းခြင်း။
၃။ လက်ကတီးကြား (ချိုင်းကြား) မှ ချွေးထွက်ခြင်း။
၄။ အိုရုပ်များပေါ်လာခြင်း၊ ကိုယ်ရောင်ကိုယ်ဝါမှိန်ခြင်း။
၅။ နတ်ပြည်တွင်မပျော်ဘဲ၊ပျင်းလာခြင်း။
နတ်ဘဝဟာ ကိလေသာထူပြောတဲ့ ပုထုဇဉ် တွေအတွက်အလွန်လိုချင်တဲ့ ဘဝပါပဲ။ ဒါပေမဲ့
မြတ်ဘုရားက နတ်ဘဝဟာ အကောင်းဆုံး ဘုံလို့မဟောခဲ့ပါဘူး။ ဘာဖြစ်လို့ပါလဲ ? ဒါန၊သီလ၊ဘာဝနာ စတဲ့ကုသိုလ်တွေကိုလူ့ဘဝမှာလို စုဆောင်းလို့မရလို့ပါပဲ။
နတ်ဘုံမှာ –
၁။ ဒါန လုပ်လို့မရပါဘူး။ နတ်စည်းစိမ်တွေဟာ ကုသိုလ်ကံအရဖြစ်လာတာပါ။ ပေးလို့မရပါဘူး။
၂။ သီလကုသိုလ်ကိုကြည့်မယ်ဆိုရင် –
(၁) သူတစ်ပါးအသက်ကိုသတ်ခြင်းမှရှောင်ခြင်း။ နတ်တွေဟာ သူတစ်ပါးသတ်လို့မသေပါဘူး။
(၂) သူတစ်ပါးဥစ္စာခိုးခြင်းမှရှောင်ခြင်း။ နတ်စည်းစိမ်တွေဟာ ကုသိုလ်ကံအရဖြစ်လာတာပါ။ ခိုးလို့မရပါဘူး။
(၃) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ခြင်း။ သူတစ်ပါးသားမယားလည်း ပြစ်မှား လို့မရပါဘူး။
(၄) မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိ ခိုက်ပျက်ပြားစေသော လိမ်ညာမှု၊ လှည့်ပတ်ပါ။ နတ်တွေရဲ့ အကျိုးစီးပွားက ကံသက်သက်ကြောင့်ဖြစ်တာမို့ သူတစ်ပါးကြောင့် မပျက်စီးတာကြောင့် ဒီဒုစရိုက်လဲ မရှိပါဘူး။
(၅) အရက်သေစာသောက်စားခြင်း။ အောက်ဆုံးထပ်ဖြစ်တဲ့ စတုမဟာရာဇ်နတ်တွေ သောက် တယ်လို့မှတ်ရပါတယ်။ သူတို့တွေအရက်မူးနေလို့ သိကြားမင်းနဲ့အဖွဲ့က သူတို့ကိုဂျောက်ထဲ တွင်းချပြီး တာဝတိံသာနတ်ပြည်ကိုသိမ်းခဲ့တယ်လို့မှတ်ရပါတယ်။
နတ်ပြည်တွင်မရနိုင်သောကမ္မဋ္ဌာန်းများ။
၁။အသုဘ ဆယ်ပါး။
၂။ ကာယဂတာသတိကမ္မဋ္ဌာန်း။
၃။ အာဟာရေပဋိကုလသညာကမ္မဋ္ဌာန်း။
တာဝတိံသာနတ်ပြည်မှာတော့ ဘုရားအလောင်းတော်၏ ဆံတော်ကို ဌာပနာ ထားသော စူဠာမုနိစေတီတော်ရှိပါတယ်။ အရိယာနတ်များ လည်းတရားဟောကြပါတယ်။ ဒါပေမဲ့ နတ်ပြည်မှာ ပျော်စရာတွေများလွန်းလို့ အစာစားဖို့တောင်မေ့ပြီး၊ သေတယ်ဆိုတော့ တရားလုပ်ဖို့ သတိရဖို့ဆိုတာ လူ့ဘဝက အထုံ မပါသွားရင်လွယ်မှာ မဟုတ်ပါဘူး။ သောတာပန်ဖြစ်တဲ့ သိကြားမင်းတောင် တခါက မြတ်ဘုရားထံ တရားလာတောင်းပြီး၊ နတ်ပြည်ပြန်သွားတဲ့အခါ၊ အရှင်မဟာမောဂ္ဂလန်မထေရ် နတ်ပြည် လိုက်သွားမေးတာ သိကြားမင်း မေ့သွားလို့ ပြန်သတိရအောင် နတ်ဗိိဗာန်ကြီးကို လှုပ်ခါ ခဲ့ရပါတယ်။
နောက်တစ်ချက်က နတ်အားလုံးဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ဥပမာ အနေနဲ့ ထင်ရှား တာကတော့ မြတ်ဘုရားအလောင်းတော် အပါဝင် သူတော်ကောင်းတွေကိုလိုက်နှောက် ယှက်နေတဲ့ မာရ်နတ်ပါပဲ။
ကျမ်းကိုး
သာသနာရေးဝန်ကြီးဌာန။ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ။၂၀၀၅။