Knowledge and News

အလှူဒါနပြုပြီးတိုင်း အမျှဘာကြောင့်ပေးဝေရသလဲ

Knowledge

အတိုချုပ်ပြောရရင်တော့ သိကြားမင်းက”အလှူဒါနပြုတဲ့အခါတပည့်တော်တို့နတ်တွေအတွက်လည်း အမျှပေးဝေပေးပါဘုရား”လို့လျှောက်ထားတောင်းပန်ခဲ့လို့ပါ။

ဇာတ်လမ်းကိုအကျဥ်းချုပ်မှတ်သားရအောင်၊တစ်ခါတုန်းကတာဝတိံသာနတ်ပြည်မှာ”ကတရံ ဒါနံ နုခေါ ဒါနေသု”
“အလှူတွေထဲမှာဘယ်အလှူဟာအမြတ်ဆုံးလဲ”ဆိုတဲ့မေးခွန်းတစ်ခုပေါ်ပေါက်လာခဲ့သတဲ့။ထိုမေးခွန်းရဲ့အဖြေကိုဘယ်သူမှမထုတ်ပြနိုင်ပဲ ၁၂-နှစ်တောင်ကြာသွားလေသတဲ့။နတ်မင်းကြီးလေးပါးကိုသွားမေးတော့လည်း မသိဘူးတဲ့၊ သိကြားမင်းကိုမေးပြန်တော့လည်းမသိဘူးတဲ့။

ဒီတော့သိကြာမင်းက “ဒီမေးခွန်းရဲ့အဖြေကိုဘုရားမှတစ်ပါး အခြားဘယ်သူမှဖြေနိုင်မှာမဟုတ်ဘူး၊ ဘုရားရှင်ထံသွားမေးကြကုန်စို့” ဆိုပြီး သိကြားမင်းနှင့်တကွ နတ်ပရိသတ်အပေါင်းတို့ဟာ သန်းခေါင်ယံမှာ ဘုရားရှင်သီတင်းသုံးရာ ဇေတဝန်ကိုရောက်ရှိလာခဲ့ကြတယ်တဲ့။

ဘုရားရှင်အားရိုသေစွာကန်တော့ပြီးနောက် လာရောက်ရတဲ့အကြောင်းကိုလျှောက်တင်လိုက်တော့ ဘုရားရှင်က”သဗျဗဒါနံ ဓမျမဒါနံ ဇိနာတိ”….”အလှူအားလုံးထဲမှာတရားအလှူဟာအမြတ်ဆုံးပဲ”လို့ဖြေကြားတော်မူတယ်။ဘာကြောင်းတရားအလှူဟာအမြတ်ဆုံးဖြစ်ရသလဲဆိုရင် ဘုရားနဲ့ပစ္စေကဗုဒ္ဓါကလွဲရင် အဂ္ဂသာဝကကြီးတွေကအစ သာဝကပုဂ္ဂိုလ်မှန်သမျှ ကိုယ်ပိုင်ဉာဏ်ဖြင့်သစ္စာလေးပါးကိုသိမြင်တယ်ဆိုတာမရှိဘူး။

ဘုရားရဲ့တရားတော်ကိုနာကြားရမှသာလျှင်သစ္စာလေးပါးကိုသိမြင်တော်မူကြတယ်။ကိလေသာကုန်ခမ်းလို့ရဟန္တာကြီးတွေဖြစ်ကြပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြတယ်။ထိုသို့သစ္စာလေးပါးကိုသိမြင်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့အထိအကျိုးပေးနိုင်တဲ့အတွက်ကြောင်းလဲ တရားအလှူဟာအမြတ်ဆုံးဖြစ်တယ်တဲ့။

နောက်တစ်ခုက သာသနာကိုကြည်ညိုတတ်ဖို့ရန်သဒ္ဓါတရားလိုတယ်၊ ထိုသဒ္ဓါတရားသည် တရားထဲတွင်ရှိသည်။ အနာထပိဏ်သူဌေးကြီးဇေတဝန်ကျောင်းတော်ကြီးဆောက်လုပ်လှူဒါန်းတာ ဒီတရားနာရလို့၊ အဂ္ဂသာဝကလျောင်းလျာကြီးတွေဖြစ်တဲ့ ဥပတိဿနဲ့ ကောလိတ ပရိဗိုရ်ကြီးသာသနာကိုယုံကြည်စွာနဲ့ရဟန်းလာပြုတာ ဒီတရားနာရလို့ပဲ၊ ဒီလိုယုံကြည်မှုသဒ္ဓါတရားကိုဖြစ်စေနိုင်တဲ့အတွက်ကြောင်းလဲ တရားအလှူဟာအမြတ်ဆုံးဖြစ်တယ်လို့ ဘုရားရှင်ကရှင်းပြလိုက်တဲ့အခါ သိကြားမင်းက

“ဒီလောက်ကောင်းတဲ့တရားအလှူကိုပြုတဲ့အခါတိုင်း တပည့်တော်တို့နတ်တွေအတွက်လည်း အမျှပေးဝေပေးပါဘုရား”လို့လျှောက်ထားတောင်းပန်တဲ့အတွက် ဘုရားရှင်က”ချစ်သားရဟန်းတို့ တရားဟောတာပဲဖြစ်ဖြစ်၊တရားနာတာပဲဖြစ်ဖြစ် အလှူဒါနပြုတဲ့အခါတိုင်းမှာ နတ်တွေအတွက်အမျှပေးဝေကြ”လို့မိန့်တော်မူခဲ့ပါတယ်။

ထို့ကြောင့် ဘုရားရှိခိုးတာ,ဆွမ်း,ပန်း,ရေချမ်း ပရိတ်,ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြတာတွေဟာလည်း တရားအလှူဖြစ်တဲ့အတွက် ထိုအလှူကိုပြုပြီးတိုင်းမှာနတ်နှင့်တကွသော ၃၁-ဘုံမှာကျင်ကုန်တဲ့ဝေနေယျများစွာ သတ္တဝါတို့အတွက်အမျှပေးဝေရတာဖြစ်ပါတယ်၊ ပေးဝေကြပါ။အားလုံးကျန်းမာ,ချမ်းသာကြပါစေ….ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု၊

Credit :ဓမ္မရောင်ခြည် – ဦးဝိမလ(27.4.2021)