Knowledge and News

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးရတနာသိုက်

Discovery, History, Knowledge, Travel

ဒီနေရာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကတည်းက အပင်များလည်း ထူထပ်ပြီး ကျောက်စိုင်၊ ကျောက်တိုင်တွေလည်း မိုးထိုးကာ ငြိမ်သက်စွာ တည်ရှိနေသောနေရာတစ်ခုပါ။ မုတ်သုံရာသီ မိုးဥတုအားဖြင့် အပြင်းအထန် ရွာကျနေပြီးတော့ (၀မ်ဂိုရာ)Waghora မြစ်ကြီးကလည်း ဒီအမေ့လျော့ခံ ဂူကြီးကို မြွေလိမ်မြွေကောက် သဏ္ဍာန် ပတ်ဝိုင်းထားပါတယ်။

ဒီနေရာမှာ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ရတနာသိုက်ကြီး တစ်ခုလို့ တင်စားခေါ်ဝေါ်လို့ရမဲ့ နေရာကြီးတစ်ခုက ပုန်းအောင်းလို့ တည်ရှိနေပါတယ်။

ဒီနေရာဟာ ကျားတစ်ကောင်ကြောင့်သာမဟုတ်ဘူးဆိုရင် လုံးဝ တိတ်ဆိတ်နေတဲ့ နေရာကြီးတစ်ခုထဲမှာ ပိတ်မှောင်ပြီး တည်ရှိနေအုန်းမယ်ဆိုတာ အသေအချာပါပဲ။

၁၈၁၉ ခုနှစ်မှာ မက်ဒရစ်စစ်တပ်မှ ဗိုလ်ကြီးဂျွန်စမစ် က ဒီတောကြီးထဲမှာ တောရိုင်းကျားကို အမဲလိုက်ဖို့အတွက် အမဲလိုက်အဖွဲ့ တစ်ဖွဲ့ လုပ်ခဲ့ပါတယ်။ ကျားတစ်ကောင်ရဲ့ အနောက်ကို ထပ်ချပ်မခွာနောက်ယောင်ခံ လိုက်လာပြီးမှာပဲ သစ်ပင်ကြီးတွေ နဲ့ ထူးခြားအသွင်သဏ္ဍာန်မျိုးတွေကို စတင် တွေ့ရှိခဲ့ပြီးနောက်မှာ ဂျွန်စမစ်အတွက် အရမ်း ထူးခြားမှုရှိလာသောနေရာတစ်ခု ဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။အသွင်အပြင် အမျိုးမျိုးနဲ့ တည်ရှိနေမှုအထပ်ထပ်က လူလုပ်ထားသော နေရာအသွင်အပြင်မျိုး ဖြစ်နေတာပါ။အဲ့ဒါကြောင့်မို့လို့ မြစ်ကို ဖြတ်ပြီးတော့ တောင်တစ်ခု အပေါ်ကို ၇၅ မီတာလောက် တက်ခဲ့လိုက်ကြပါတယ်။

အဲ့ဒီ့နေရာမှာ သူတို့ မြင်လိုက်ရတာကတော့ ရှေးဟောင်းကျောက်သားတွေနဲ့ ပြုလုပ်ထားတဲ့ ဗောဓိသတ္တရုပ်ပွားတော်များ ၊ စေတီတော်အချို့ ၊ ကျောက်စာတိုင်ကြီးတွေ ၊ ဆင်ရုပ် ၊ ဒေါင်းရုပ်များစွာတို့ကို တွေ့ရှိလိုက်ပါတယ်။

ကျောက်သားနံရံတွေမှာလည်း ထွင်းထုထားသည့် ပုံတွေရောပါ တွေ့ရှိလိုက်ရပြီး အချို့မှာဆိုရင် အရောင်တစ်ဝင်းဝင်းနဲ့ ရှိနေဆဲ ဆိုတာကိုပါ မြင်တွေ့လိုက်ရပါတယ်။

အဲဒီနေရာကနေ မထွက်ခွာခင်မှာ ဗိုလ်ကြီးဂျွန်စမစ်က ထိုနေရာ ၏ ဂူနံရံတစ်ခုမှာ သူ၏ အမဲလိုက်ဓားနဲ့ သူ့နာမည် နှင့် နေ့ရက်ကို ရေးခြစ်လိုက်ပြီး သူ့၏ဘဝတွင် အကြီးမားဆုံး နဲ့ ဂုဏ်ပြုဝံ့ကြွားနိုင်ဆုံး ရှာဖွေတွေ့ရှိမှုဟု မှတ်တမ်း တင်ခဲ့လိုက်ပါတယ်။ ထိုနေရာက ကမ္ဘာအံ့ဖွယ်ရာထဲမှာတောင် ပါရှိခဲ့တဲ့ အာဂျန်တာဂူပါပဲ။

၁၉၈၃ ခုနှစ်မှာတော့ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာ တစ်နေရာအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ကျောက်တောင်ရှေ့မှာ ၀မ်ဂိုရာမြစ်ကွေ့ပတ်စီးဆင်းနေပြီး မိုးတွင်းအခါမှာတော့ ကျောက်တောင်ပေါ် ကနေ ဖြတ်စီးနေတဲ့ ရေတံခွန်သံက လှိုဏ်ဂူထဲကနေတောင် ကောင်းကောင်း ကြားနိုင်ပါတယ်။

ဤမျှ ခမ်းနားကြီးကျယ်သော ဗုဒ္ဓယဉ်ကျေးမှု အနုပညာ ရတနာသိုက်ကြီးကို သွားရောက် ဖူးမျှော် လေ့လာလိုကြပါလျှင် ဘုံဘေမြို့သို့ တနည်းနည်းဖြင့် ရောက်အောင် သွားကြပါ။

ဘုံဘေမှ မော်တော်ကား၊ အငှားကားကောင်းကောင်း ငှားလျက် ကီလိုမီတာ (၃၀၀) ခန့် ကွာဝေးသော သြရမ် ဂဘတ်မြို့သို့ အရောက်မောင်း၊ ဟိုတယ် ကောင်းကောင်း မှာ ညအိပ်၊ သြရမ်ဂဘတ်၏ အရှေ့မြောက် ကီလိုမီတာ (၁၀၀)ခန့် မောင်းလျှင်၊ အကယ်၍ သြရမ်ဂဘတ်မှ နံနက် (၆)နာရီ ထွက်နိုင်ခဲ့လျှင် (၉)နာရီ ခန့်လောက်မှာ ဒီဂူသို့ ကောင်းကောင်းကြီး ရောက်နိုင်ပါသည်။

တရုတ်လူမျိုး ခရီးသွားသူ စာပေပညာရှင်၊ ဘုန်းတော်ကြီး Xuanzang က တရုတ်ပြည်မှ အိန္ဒိယကို ခရီးထွက်ခဲ့ပြီး အဆိုပါ လှိုဏ်ဂူထဲမှာ နေထိုင်ပြီး အဆိုပါ လှိုဏ်ဂူအကြောင်း မှတ်တမ်းများ ရေးသားခဲ့သည့်အပြင် အဆိုပါ အိန္ဒိယ မှ တရုတ်ပြည်သို့ အပြန် အဆိုပါ လှိုဏ်ဂူမှာ ရရှိခဲ့တဲ့ တရားဓမ္မတွေကို တရုတ်ပြည်မှာ ပြန်လည် ဖြန်ဝေခဲ့ပါတယ်။

ပညာရှင်တွေက အဆိုပါ လှိုဏ်ဂူကို အပိုင်းနှစ်ပိုင်း ခွဲပြီး သုံးသပ်ကြပြီး အဆိုပါ အပိုင်း နှစ်ခုအကြား နှစ်ရာနဲ့ချီ ခြားနားခဲ့ တယ်လို့ ဆိုပါတယ်။

အိန္ဒိယ အစိုးရ နိုင်ငံရဲ့ သတင်းအချက်အလက် နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက (Ministry of Information and Broadcasting, Government of India.) ထုတ်ပြန်တဲ့ အိန္ဒိယ ရဲ့ ရာစုနှစ်များဆိုတဲ့ စာအုပ်မှာ (India through the ages.) ပထမလှိုဏ်ဂူ ၅ ခုကို ခရစ်တော် မပေါ်မှီ (၂) ရာစုမှာထွင်းထုခဲ့တယ်လို့ သုံးသပ်ပါပြီး ကျန် လှိုဏ်ဂူ ၂၅ ခုကိုတော့ (၅) ရာစုနှစ်အတွင်းမှာ ထွင်းထုတယ်လို့ လေ့လာ သုံးသပ်ထားပါတယ်။

အဂျန်တာဂူ ဆိုတာကတော့ အိန္ဒိယနိုင်ငံမှာ တည်ရှိပြီး မွန်ဘိုင်းမြို့ကနေ မိုင်ပေါင်း ၂၈၀ ဝေးပါသည်။ မြင်းခွာပုံကျောက်တောင်မှာ လူတွေ ထွင်းထုထားတဲ့ ဗုဒ္ ဓလှိုဏ်ဂူပေါင်း ၃၀ ရှိပါသည်။

ဒီဂူထဲက ရုပ်ထုတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ဘယ်လိုနည်းပညာနဲ့ ထွင်းထုခဲ့လဲ ဆိုတာကိုလဲ ခေတ်သစ်အင်ဂျင်နီယာ ပညာရှင်တွေ အဖြေမထုတ်နိုင်သေးဘဲ ဖြစ်နေဆဲပါ။

လွန်လေပြီးသော နှစ်ပေါင်း (၂၁၀၀)ခန့်က ဗုဒ္ဓဘာသာ ကျောက်ဆစ်အနုပညာ၊ ပန်းချီ၊ ပန်းပု ပညာတို့ဖြင့် ပြည့်စုံ ကြွယ်၀သည့် မြင်းခွာသဏ္ဍာန် သို့မဟုတ် အင်္ဂလိပ်အက္ခရာ (U) ပုံ၊ ဗမာအက္ခရာ (ပ) ပုံဟန်ရှိသော ဂူပေါင်း ၃၀ တို့၏ တည်ရာ အဂျန်တာ သို့မဟုတ် အဇန္တာ သို့မဟုတ် အဇ္ဇန္တ အမည်ရသော လှိုဏ်ဂူတန်းကြီးများမှာ အိန္ဒိယ၏ သို့မဟုတ် ဗုဒ္ဓသာသနာသမိုင်း ၏ ပြည့်စုံကြွယ်၀သော ဂုဏ်သိက္ခာ အနုပညာဘဏ်တိုက်၊ ရတနာသိုက်ကြီးများသဖွယ်အဖြစ် တည်ရှိနေသည်ကို တတ်သိနားလည်သော ပညာရှင် သုတေသီ အပေါင်းတို့က တညီတညွတ်တည်း လက်ခံထားခဲ့ကြပါတယ်။