Knowledge and News

ကုလားမခြေထောက်ကစားနည်းကဘယ်လိုမျိုးလဲ

Game

ဤကစားနည်းကို မြေပြန့်ပြန့်လမ်းတစ်လျှောက်၊ ကွင်းပြောင်ပြောင်နေရာများတွင် လှုပ်ရှားကစားကြသည်။ ကုလားမခြေထောက်ကို ဝါး (သို့မဟုတ်) သစ်သားနှစ်ချောင်းလိုသည်။ ထို ဝါး (သို့မဟုတ်) သစ်သား၏ အောက်ခြေတစ်ပေခွဲ နှစ်ပေခန့်တွင် အပေါက်ဖောက်၍ ခြေနင်းပြားတစ်ခုတပ်ရသည်။

နှစ်ဖက်စလုံးတပ်ရသည်။ လူကထိုခြေနင်းပြားပေါ်သို့ တက်ရပ်လိုက်သော် ခြေထောက်ကဲ့သို့ဖြစ်သွားပြီးနောက် ခြေတစ်လှမ်းချင်းလမ်းလျှောက်၍သွားရသည်။ ကလေးအချင်းချင်းရှေ့ကပြေး၊ နောက်က ကုလားမခြေထောက်နှင့်လိုက်၊ မိမိဘာသာတစ်ယောက်တည်းလျှောက် သွားကစားကြသည်။ ဝါးလုံးအောက်ခြေတွင်တပ်ထားသော ခြေနင်းပြားမြင့်သည်နှင့်အမျှ လူကမြင့်သွားသည်။ အချို့နေရာများတွင် ကုလားမခြေထောက်ကို ကြိုးဖြင့်မူသေသိုင်းထားပြီး လူရှည်ကြီးတစ်ယောက်ကဲ့သို့သွားကြလာကြသည်။ လူထူးလူဆန်းသဖွယ်ဖြစ်သည်။ နိုင်ငံခြားဆပ်ကပ်များတွင် လူပြောင်အဖြစ် ပရိသတ်အတွင်း လျှောက်သွားကြသည်ကိုတွေ့ဖူးကြသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အုန်းသီးပေါရာ အုန်းသီးမှဖြစ်သော အုန်းမှုတ်ခွက်ကိုလည်း ‌အပေါက်ဖောက်ကြိုးတပ်ကာ ကြိုးကိုလက်တစ်ဖက်စီကိုင်၍ ဘယ်ညာလမ်းလျှောက်သွားကြသည်။ အုန်းမှုတ်ခွက်မျှ အမြင့်ရှိသော ရေထဲတွင် အုန်းမှုတ်ခွက်၊ ကုလားမခြေထောက်တို့ဖြင့် သွားလာကြသည်။

Credit: ဓါတ်ပုံ – ကေတီ (http://kt-ktimes.blogspot.com), ကိုကြီးဆွေ (မြန်မာ့ရိုးရာကစားနည်းများ)