Knowledge and News

မိုးနဲ့ဆောင်းကူးကာလမှာ ဖျားနာမှုတွေကင်းဝေးစေဖို့ဆောင်ရန်အချက်များ

Health

ရာသီဥတု အကူးအပြောင်းကာလမှာ ကိုယ့်ရဲ့လူနေမှုဘဝပုံစံတွေမှာလည်း အပြောင်းအလဲတွေ ဖြစ်လာတတ်ပါတယ်။ အဝတ်အစားတွေ၊ စားသောက်ပုံတွေ အကုန်ရာသီဥတုနဲ့အညီ ပြောင်းလဲပစ်ရပါတယ်။

ကံမကောင်းတာတစ်ခုက ဒီလိုရာသီဥတုအကူးအပြောင်းမှာ ဖျားနာမှုတွေလည်း ဖြစ်လာတတ်တာပါပဲ။ဆောင်းရာသီကူးချိန်မျိုးမှာ တုပ်ကွေးမိတာ၊ အအေးမိတာတွေ အဖြစ်များတတ်ပါတယ်။ ကျွမ်းကျင်သူတွေ အဆိုအရတော့ ဒီလိုဖျားနာတတ်တာဟာ အပူချိန်ပြောင်းလဲတာထက် ဒီကာလမှာ တချို့ဗိုင်းရပ်စ်တွေ အပေါက်ဖွားများလာတာကြောင့် ဖြစ်တတ်တာလို့ ဆိုကြပါတယ်။

ရာသီဥတု အကူးအပြောင်းမှာ ဖျားနာရတဲ့အကြောင်းရင်း

Rhinovirus နဲ့ coronavirus တို့ဟာ အအေးမိဖျားနာစေတတ်တဲ့ အဓိက ဗိုင်းရပ်စ်နှစ်ကောင်ပဲ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေဟာ ရာသီဥတုအကူးအပြောင်းမှာ အများဆုံး ပေါက်ဖွားပွားများလာတတ်တာကြောင့် အအေးမိတဲ့လူတွေလည်း များလာပါတယ်။

ဒါ့အပြင် ကိုယ်ခန္ဓာကလည်း အပူချိန်တစ်ခုနဲ့တစ်ခုမှာ လုပ်ဆောင်ပုံချင်း မတူညီပါဘူး။ ရာသီဥတု ကူးပြောင်းတဲ့အခါမျိုးမှာ ကိုယ်ခန္ဓာက ရာသီဥတုနဲ့အညီ ပြန်လည်ပြုပြင်ယူရတာကြောင့် ဗိုင်းရပ်စ်နဲ့ရောဂါပိုးမွှားတွေ ပိုမိုဝင်ရောက်လွယ်ပါတယ်။

ဆောင်းဝင်လာတဲ့အခါမျိုးမှာ တုပ်ကွေးမိနိုင်ခြေက ပိုများပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ influenza virus ဟာ ရာသီဥတုအေးတဲ့အခါ ပိုမိုအသက်ရှင်နိုင်ပြီး ပွားလွယ်တာကြောင့်ပါပဲ။

ဒီလိုဗိုင်းရပ်စ်ပိုးတွေရန်ကနေ ကာကွယ်နိုင်ဖို့အတွက် …

●  အာဟာရဓာတ်ကို ညီညွတ်မျှတပြည့်စုံအောင် စားပေးပါ။
●  တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
●  လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းက ကိုယ်ခံစွမ်းအားကိုရေရှည်မှာ ကောင်းစေနိုင်ပါတယ်။
●  ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာတွေကို စားသောက်ပေးပါ။ မာလကာသီး၊ ငရုတ်ပွ၊ ဂရိတ်ဖရု၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေဟာ ဗီတာမင်စီ ကြွယ်ဝပါတယ်။
●  ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်ပေးပါ။
●  လိုအပ်ရင် ဗီတာမင်နဲ့သတ္တုအားဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပေးပါ။

ဒီလိုနည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ပေးခြင်းအားဖြင့် မိုးအကုန်ဆောင်းအကူးကာလလေးကို ကျန်းမာပျော်ရွှင် ဖျားနာခြင်းကင်းစွာ ဖြတ်သန်းနိုင်ကြပါစေနော်။

Credit: Dr. Mya Phoo Ngon (www.drmyanmar.com)