Knowledge and News

အီစွပ်ပုံပြင်ဖြစ်ပေါ်လာပုံ

Knowledge

အီစွပ်ပုံပြင် ဟူသည်မှာ အီစွပ်ဆိုသူ ဂရိကျွန်တစ်ဦးက ပြောပြခဲ့သော ပုံပြင်များကို ဆိုလိုသည်။ ဆင့်ကဲဆင့်ကဲ အားဖြင့် သိရသည်မှာ အီစွပ်သည် ဂရိလူမျိုးဖြစ်၍ ဘီစီ ၆၂ဝ ပြည့်နှစ်မှ ၅၆ဝ ပြည့်နှစ်အတွင်းက နေထိုင်ခဲ့သည်။ သူသည် ကျေးကျွန် တစ်ဦး ဖြစ်ပြီးလျှင် အရုပ်ဆိုး၍ ကိုယ်အင်္ဂါ အချိုးအစား မကျသော်လည်း လွန်စွာဉာဏ်ကောင်းသူတစ်ဦး ဖြစ်သည်ဟု ဆို၏။

အီစွပ်သည် ကျွန်ဖြစ်လင့်ကစား လောကကို ဆင်ခြင်သုံးသပ်ရာတွင် သူမတူအောင်ထက်မြတ်သော ဉာဏ်ရှိသည့် ပုဂ္ဂိုလ်ထူးဖြစ်သဖြင့် ဤဒဏ္ဍရီ ပုံပြင်များကို တီထွင်ဟောပြောကာ လောကကိုဆုံးမနိုင်ခဲ့လေသည်။ သူ၏ပုံပြင်များမှာ ဥပဒေ ပါသော ဆုံးမစာပုံပြင်များဖြစ်ပြီး တိရိစ္ဆာများကိုဇာတ်ကောင်အဖြစ်ပါဝင်စေသည်။ ထိုပုံပြင်များသည် အပျင်းလည်းပြေပြီး အဆုံးအမကိုလည်းပေးလေသည်။ ထိုကြောင့် လူကြီးလူငယ်များနှစ်ခြိုက်ကြ၏။ ထိုသို့လူအများကနှစ်ခြိုက်ကြသောကြောင့်လည်း ကမ္ဘာပေါ်ရှိဘာသာမျိုးစုံဖြင့် ဘာသာပြန်ဆိုထားလေသည်။

အီစွပ်အား သူ့သခင်က နောင်အခါတွင် ကျေးကျွန်ဘဝမှ လွှတ်လိုက်ရာ မကြာမီပင် လွန်စွာထင်ပေါ် ကျော်ကြားလှသဖြင့် လစ်ဒီးယားပြည့်ရှင် ဘုရင်ကရီးဆပ်က သူ၏နန်းတော်သို့ လာရောက် နေထိုင်ရန်ပင် ဖိတ်ခေါ်ခြင်း ခံရလေသည်။ ထိုသို့ ဖိတ်ခေါ်ခြင်းခံရသဖြင့် သွားရောက် နေထိုင်ရာမှ တစ်နေ့တွင် ကရီးဆပ်က သူ့အား ဒဲလဖိုင်မြို့ရှိ လူများအား ငွေကြေး ခွဲဝေပေးရန်အတွက် စေလွှတ်ခြင်း ခံရ၏။ သို့သော် ထိုသူတို့မှာ မရိုးဖြောင့်ကြောင်းသိရှိရ၍ ငွေများကို သူတို့အားခွဲဝေပေးရန် ငြင်းဆန်ခဲ့သည်။ ထိုအခါ သူ့အားဖမ်းဆီး ပြီးလျှင်တောင် စောင်းပေါ်မှ ပစ်ချ၍ သတ်လိုက်ကြလေသည်။

အီစွပ်ပုံပြင်များတွင် တစ်နေ့လျှင် ရွှေဥတစ်ဥကျ ဥပေး သည့် ငန်းအကြောင်းကို လူသိများသည်။ စပျစ်သီးမှည့်များကို ခုန်၍ ဆွတ်ခူးရာ မမှီနိုင်သဖြင့် စပျစ်သီး ချဉ်သည်ဟုပြောသော မြေခွေးအကြောင်းနှင့် ခြင်္သေ့အရေကိုခြုံ၍ ခြင်္သေ့ယောင် ဆောင်သောမြည်းအကြောင်းများလည်း အီစွပ်ပုံပြင်များတွင် ပါဝင်သည်။ ထိုပုံပြင်များကို အကြောင်းခံသည့် ကဗျာလင်္ကာ များ၊ ပန်းချီကားများနှင့် ရုပ်ရှင်များပင် ရှိတတ်လေသည်။

ပုံပြင်တစ်ခုတွင် ဖားများက သူတို့ကို အုပ်ချုပ်မည့် ဘုရင် မရှိသဖြင့် ဇုနတ်မင်းထံသို့ တမန်လွှတ်ကာ သူတို့အား အုပ်ချုပ် ပေးမည့် ဘုရင်တစ်ပါး စေလွှတ်ပေးရန် ပန်ကြားလေသည်။ ဇုနတ်မင်းက ဖားများသည် လွန်စွာအ သည့်တိရစ္ဆာန်များဖြစ် သဖြင့် သစ်တုံးတစ်တုံးကို ရေအိုင်တွင်းသို့ ပစ်ချပေးလိုက်လေ သည်။ ရေတွင် သစ်တုံးကျလာသည့်အသံကြောင့် ပထမတွင် ဖားများက အလွန်ကြောက်ကြပြီးလျှင် ရေအိုင်တွင်းသို့ ငုပ်လျှိုး ၍ သွားကြလေသည်။

အတော်ကြာ၍ ရေမျက်နှာပြင်သို့ တက်လာကြသောအခါတွင် အချို့က သစ်တုံးအောက်တွင် ငုပ်လိုငုပ်၊ အချို့က သစ်တုံးပေါ်တက်ထိုင်လိုထိုင် လုပ်ခဲ့ကြ လေသည်။ အချိန်အတော် ကြာသောအခါ သစ်တုံးကို အားမရကြသဖြင့် တမန်ကို တစ်ဖန်လွှတ်၍ ဘုရင်ကို လဲပေးရန် ပြောသောအခါတွင် ဇုနတ်မင်းက ငါးရှဉ့်တစ်ကောင်ကို ပေးလိုက်ပြန်သည်။

ငါးရှဉ့်က ဖားများအား မည်သို့မျှ မပြုလုပ် သဖြင့် တစ်ဖန် တမန်ကို စေလွှတ်၍ အခြားဘုရင်တစ်ဦးနှင့် လဲလှယ်ပေးရန် ပြောကြား သောအခါ ဇုနတ်မင်းသည် စိတ်မရှည်နိုင်တော့သဖြင့် ငှက်ကျားတကောင်ကို ဖားတို့၏ ဘုရင်အဖြစ် လဲလှယ် ပေးလိုက်လေသည်။ ထိုအခါ ငှက်ကျား က ဖားများကို တစ်ကောင်ပြီးလျှင် တစ်ကောင် စားပစ်သဖြင့် နောက်ထပ် ငြီးတွားနိုင်မည့် ဖားတစ်ကောင်မျှပင် မကျန်တော့ချေ။

ထိုပုံပြင်ကို အီစွပ်က ပြောရခြင်းမှာ အက်သင်း ပြည်သူ ပြည်သားတို့က မိမိတို့၏ ရက်စက်ကြမ်းကြုတ် သည့်ဘုရင် ပိုင်ဆစ္စထရေးတပ်ကို မကျေနပ်ကြ၍ နန်းမှချရန် ကြံစည်နေကြ သဖြင့် နမူနာယူစေရန် သတိပေး ပြောကြားခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ဤပုံပြင်များကို အီစွပ်သည် နှုတ်ဖြင့်သာ ပြောဟောခဲ့ရာ သူကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၂ဝဝ ခန့် အကြာတွင်မှ အက်သင်းမြို့မှ ဒီမီထရီးယပ် ဆိုသူက သူပြောဟောခဲ့သည့် အတိုင်း စုဆောင်း ရေးသားထား ခဲ့သည်။

ထိုနောက်တွင် ဗားဗရီးယပ်ဆိုသူ ဂရိအမျိုးသား တစ်ဦးကလည်း စုဆောင်းရေး သားထားခဲ့သည်။ အီစွပ်ပုံပြင်များသည် နှစ်ပေါင်းတစ်ထောင်ခန့်မျှ ပျောက်ကွယ်နေခဲ့ရာမှ ၁၈၄၄ ခုနှစ်တွင် အက်သော့တောင် ပေါ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ဗားဗရီးယပ် စုဆောင်း ရေးသားထားသော အီစွပ်ပုံပြင်များ၏ မိတ္တူတစ်စောင်ကိုတွေ့ ရလေသည်။ ထိုသို့ တွေ့ရှိပြီးသည့် နောက်တွင်မျှ ဘာသာ အမျိုးမျိုးသို့ ပြန်ဆိုခြင်းကို ပြုခဲ့ရာ လူသိ များလာခဲ့လေသည်။

Ref:မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄)

Credit:ကညောမူဖိုး