Knowledge and News

အိမ်ချက်မုန့်ဟင်းခါးဘယ်လိုချက်စားကြမလဲ

Food

မုန့်ဟင်းခါး ချက်နည်းများစွာ ရှိတဲ့အထဲက အလွယ်ကူဆုံး ကုလားပဲနဲ့ မုန့်ဟင်းခါး ချက်နည်းတစ်မျိုးကို ပြောပြပါမယ်။

မုန့်ဟင်းခါး ချက်တဲ့အခါ လိုအပ်တာတွေက ငါးဆီသတ်ပါ၊ ကုလားပဲပြုတ်ပြီးထောင်းပါ (သို့) blenderနှင့် ကြိတ်ထားပါ။ ဆန်လှော်မှုန့် ရေဖျော်ထားပါ။ ဌက်ပျောအူ အရင့်များဖယ်ပြီး အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ ရေရော စိမ်ထားပေးပါ။

မှတ်ချက် နနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန် ဖြစ်သည်။ ငါးဆီသတ်ဖို့ အရင်ဦးဆုံး ငါးပြုတ်ကြရအောင်။ ငါး လေးဆယ်သားကို ( ငါးကြင်း ) ထန်းလျက် ၃ ခဲ၊ စပါးလင် ၃ပင် ထုထောင်းခွေထည့်၊

ငရုတ်ပွခြောက် ၄ တောင့်၊ ငံပြာရည်ထည့်နယ်ပြီး ရေကို ငါးမြုပ်သည့်အထိ ထည့်ပြီး နူးအောင်ပြုတ်၍ အသားနွှင်ထားပါ။ငါးပြုတ်ရည်ကို ပန်းကန်တစ်လုံးထဲ စစ်ထည့်ထားပါ။

ကြက်သွန်ဖြူ(ထောင်း)၊ ကြက်သွန်နီ(ပါးပါးလှီး)၊ ချင်း(ထောင်း)၊ စပါးလင်၃ပင် (နှုတ်နှုတ်စဉ်း)၊ ငရုတ်သီးအစိမ်းမှုန့် ၊ နနွင်းမှုန့် အနည်းငယ်နဲ့ ရွနေအောင် ဆီသတ်ပြီး နွှင်ထားတဲ့ ငါးအသားကို ထည့်မွှေပါ။

မှတ်ချက် ကြက်သွန်ဖြူ ၊ ချင်း၊စပါးလင် (blender ဖြင့် ကြိတ်လျှင် ပိုကောင်းပါသည်။) ကြက်သွန်နီ ထည့်မကြိတ်ရပါ။ ငါးအသားနဲ့ ဆီသတ်များရောပြီး ငါးသားအနည်းငယ် ခြောက်လာလျှင် ငါးပြုတ်ရည် ရေတစ်ဖန်ခွက်ခန့် တစ်ခွက်ထည့်ပါ။ ငါးကို ပျော့ပျော့အိအိ အနေအထားလေးမှာ ချထားပါ။ အရမ်းမကြွပ်ပါစေနှင့်။

ကုလားပဲ လေးဆယ်သားကို ( ဆီ၁ ဇွန်း, နနွင်းအနဲငယ်, ချင်းလက်ငါးလုံးခန့် ) နဲ့ နူးအိနေအောင် ပြုတ်ပီး ညက်နေအောင် ထောင်းပါ။ (သို့) blender ထဲသို့ ပဲပြုတ်ရေ အနည်းငယ်ထည့်၍ ကြိတ်ပါ။ မှတ်ချက် ကုလားပဲကို အရသာ အနည်းငယ် ထည့်ပြုတ်ပါ။(ပဲပြုတ်ရေများကို ခွက်တစ်ခုထဲ ထည့်ထားပါ) မုန့်ဟင်းခါး စ ချက်ပါတော့မယ်။

ရေနွေးအိုး တည်ထားပါ။ရေနွေးပွက်လျှင် ကုလားပဲ ပြုတ်ရည်နှင့် ငါးပြုတ်ရည် ရောထည့်ပါ။ စပါးလင် ထုခွေပီး ၂ ပင် ထည့်ပါ။ ငှက်ပျောအူ ပါးပါးလှီးပြီးသား ထည့်ပါ။ဆန်လှော်မှုန့် ရေဖျော်ပြီး ဟင်းရေကို ဇွန်းနဲ့မွှေရင်း လောင်းထည့်ပါ။

(တစ်နေရာထဲ သွန်ထည့်လိုက်လျှင် အခဲကြီးဖြစ်နေတတ်သည်။) ထိုအရည်ထဲသို့ ဆီမွှေးသတ်ပြီးသား ငါးကို လောင်းထည့်ပါ။
အရသာကို အချိုမှုန့်, ငံပြာရည် မိမိလိုသလို ကြည့်ထည့်ပါ။

အိုးဘဲဥလုပ်ရန် ဘဲဥပြုတ် (သို့) ကြက်ဥပြုတ်ကို အခွံခွာထည့်ပါ။ ကြက်ဥ ဖောက်ထည့်ပြီး မွှေပေးပါ။ ဟင်းရည်ပေါ် ဆီများ ဝေ့လာသည်အထိ မီးအေးအေးဖြင့် တည်ပေးပါ။ဟင်းရည် အပျစ် အကျဲကို မိမိစိတ်ကြိုက် ကြည့်၍ ချိန်ပါ။

အချို့က အပျစ်ကြိုက်၍ အချို့က အကျဲကြိုက်တာကြောင့်ပါ။ ကြက်သွန်နီ ဥသေးလေးများ ထည့်ပါ။ အိုးချခါနီး ငရုတ်ကောင်း အနည်းငယ် ခတ်ပေးပါ။

မုန့်ဟင်းခါး ကျက်လျှင်တော့ မိမိတို့ ကြိုက်နှစ်သက်ရာ နံနံပင်၊ သံပုရာသီး ၊ ငံပြာရည် ၊ ပဲသီး၊ ပဲသွေး၊ ဘူးသီးကြော်၊ ပဲကြော်၊ ငါးဖယ်၊ အိုးဘဲဥ ၊ ငရုတ်သီး အကြော်မှုန့် ထည့်ပြီးစားသုံးနိုင်ပါပြီ။

Credit to Original Uploader