Knowledge and News

အရသာရှိသော ငါးထမင်းနယ်ပြုလုပ်နည်း

Food

ရှမ်းအစားအစာကြိုက်တဲ့သူဆိုရင်တော့ ရှမ်းရိုးရာငါးထမင်းနယ်ကိုလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်တဲ့ ငါးထမင်းနယ်လေးကို အိမ်မှာအလွယ်တကူဖန်တီးနိုင်တာမို့ လွယ်ကူမြန်ဆန်တဲ့ ငါးထမင်းနယ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း ၂၀ ကျပ်သား (၃၂၀ ဂရမ်) (ရေဆေးသန့်စင်ကာ နနွင်း၊ ခနောကြက်သားမှုန့်၊ ငါးငံပြာရည်တို့နဲ့ နယ်ပြီး စပါးလင်၊ချင်း၊ကြက်သွန်ဖြူတို့နဲ့ပြုတ်ကာ အအေးခံထားပါ)
  • ထမင်း (ရှမ်းဆန်ချက်ပြီး) ပန်းကန်လုံး ၂ လုံးစာ (ရိုးရိုးထမင်းကိုလည်းသုံးနိုင်ပါတယ်)
  • အာလူးကြီး ၁ လုံး (ပြုတ်ကာ အခွံနွှာထားပါ၊ သေးသေးလှီးထားပါ)
  • ခရမ်းချဥ်သီး ၃ လုံး (ရေနဲ့ပြုတ်အခွံနွှာပြီး၊ ခက်ရင်းနဲ့ချေမွထားပါ)
  • ကြက်သွန်ဖြူ ၈ မြွှာ (ထောင်းထားပါ) (၃ မြွှာကိုငါးပြုတ်ရာမှာသုံးပြီး ကျန်တာကို ဆီချက်ချက်ပါမယ်)
  • စပါးလင် ၁ ပင် (ရေဆေးကာ နှစ်လက်မအရွယ်ပိုင်းပြီး ထုချေထားပါ)
  • ချင်း ၁ စင်တီမီတာ (ရေဆေးပြီး ထုချေထားပါ)
  • ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (တစ်ဝက်ကို အသားနယ်ဖို့၊ တစ်ဝက်ကို ထမင်းထဲ ထည့်ဖို့ သုံးပါမယ်)
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆီ ထမင်းစားဇွန်း ၅ ဇွန်း

တွဲဖက်စားသုံးရန်

  • ဂျူးမြစ် ၁၅ ချောင်း
  • ငရုတ်သီးခြောက်ကြော် ၆ တောင့်
  • မြေပဲဆံကြော် ထမင်းစားဇွန်း ၂ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ငါးပြုတ်ကို အရိုးသင်ကာ အသားများသတ်သတ်ဖယ်ထားပါ။

  2. ဆီချက်အတွက် ဆီကောင်းကောင်းဆူလာချိန်မှာ ကြက်သွန်ဖြူ၊ ငရုတ်သီးအရောင်တင်မှုန့်တို့ထည့်ကာ ဆီချက်ပါ။

  3. အနံ့မွှေးလာပြီး အရောင်နည်းနည်းပြောင်းလာတာနဲ့ မီးပိတ်လိုက်ပါ။

  4. ထမင်းကိုပန်းကန်လုံးကြီးထဲထည့်ပြီး အာလူး၊ခရမ်းချဉ်သီး၊ကြက်သားမှုန့်၊ ဆား၊ငါးပြုတ်၊ဆီချက် ၂ ဇွန်းထည့်ကာ အာလူးတွေကျေပြီး စေးစေးလေးဖြစ်အောင်၊ သေသေချာချာသမအောင်နယ်ပါ။

  5. နယ်ထားတဲ့ထမင်းကို ထမင်းလုံးလေးသုံးလုံးရအောင် လက်နဲ့ပုံသွင်းကာ ပန်းကန်တစ်ခုစီမှာထည့်ပါ။ ထမင်းပေါ်က ဆီချက်အနည်းငယ်ထပ်ဆမ်းပါမယ်။ဘေးမှာ ဂျူးမြစ်၊ငရုတ်သီးကြော်၊ မြေပဲဆံကြော်ထည့်ကာ စားနိုင်ပါပြီ။

    Credit: https://www.howtocook.com.mm