Knowledge and News

ဒူးရင်းသီးရာဇဝင်

Food, Knowledge

ဟို … တစ်ချိန်တစ်ခါတုန်းကတော့

ဒူးရင်းသီးဆိုတာ လူတိုင်း စားခွင့်မရှိတဲ့အသီးတစ်မျိုး။ တော်ဝင်မျိုးနွယ်တွေသာ စားသုံးခွင့်ရှိတဲ့ အသီးတစ်မျိုး။

ဒူးရင်းသီးတွေကို သာမန်ပြည်သူတွေ စားခွင့်မရှိ၊ စိုက်ခွင့်မရှိ၊ နန်းတွင်းကမင်းမျိုးမင်းနွယ်တွေလည်း ဒူးရင်းသီးကို စားပြီးတဲ့အခါတိုင်း ဒူးရင်းစေ့တွေကိုတာဝန်ရှိသူတွေက သေချာ ရေတွက်၊ အပင် မပြန့်ပွားနိုင်အောင် အစဉ်အဆက် ဖျက်စီးပစ်ခဲ့ကြတယ်။

ဒါဟာလည်း မရိုးတော့တဲ့ နန်းတွင်း အစဉ်အလာ တစ်ခုပါပဲ ။ ဒီလိုနဲ့ပဲ ဒူးရင်းသီးတွေဟာ နန်းတွင်းထဲမှာပဲ တော်ဝင် အစားစာ တစ်ခုအဖြစ်နဲ့ အစဉ်အဆက် လည်ပတ်နေခဲ့ ပါတယ်။

အင်းဝခေတ် ၊ မဟာဓမ္မရာဇာဓိတိ။ ဟံသာဝတီ မင်းတရားကြီး လက်ထက်ခန့်မှာ –

ကရင်အမျိုးသားတစ်ဦး ဖြစ်တဲ့ စောတာမိုက်ဟာ ငယ်ရွယ်စဉ်ကပဲ ရှင်သာမဏေပြုခဲ့ပြီး သက်တော် ၂၀ လောက် ရောက်တဲ့အခါ သာသနာ့အကျိုးကို သယ်ပိုးရန် အတွက် အင်းဝ နေပြည်တော်ကို တက်ပြီး ရဟန်းဖြစ်ရန် ကြိုးပမ်းခဲ့ပါတယ်။

အင်းဝဘုရင် နှင့် မိဖုရား ကိုယ်တိုင် ရဟန်းဒါယိကာမ အဖြစ် ခံယူကာမြင့်မြတ်သော ရဟန်းဘဝ ခံယူ ရရှိခဲ့ပါတယ်။ ဘွဲ့အမည်က ရှင်နန္ဒမာလာ။ ဆက်ပြီးတော့ အင်းဝ နေပြည်တော်မှာပဲ ပိဋိကတ် စာပေတွေကို စတင် သင်ကြားပါတော့တယ်။

စာပေတွေကို သင်ကြားနေစဉ် အတွင်း တစ်ရက်မှာ နန်တော်ထဲ သံဃာတွေကို ဆွမ်းကပ်ကြပါတယ်။ ဆွမ်းကပ်ပြီးတဲ့အခါ အချိုပွဲအနေနဲ့ တော်ဝင် အစားအစာ ဖြစ်တဲ့ ဒူးရင်းသီးကို ဆပ်ကပ်ကြပါတယ်။

သံဃာတော်များ ဘုန်းပြီးသောအခါ ထုံးစံအတိုင်းပဲ ဒူးရင်း အစေ့တွေကို ပြန်လည် သိမ်းဆည်းယူပါတယ်။

ထူးထူးခြားခြား ရှင်နန္ဒမာလာ ခေါ် ဖူ့တာမိုက် စားတဲ့ ဒူးရင်းအမွာမှာ အစေ့က ၂ စေ့ ထပ်နေခဲ့ပါတယ်။ ဖူ့တာမိုက်လည်း အခွင့်ကောင်းဆိုပြီး အဆိုပါ အစေ့တစ်စေ့ကို ဝှက်ထားခဲ့လိုက်ပါတယ်။ ဒါကို မင်းမှုထမ်းတွေကတော့ သတိမပြုမိလိုက်ပါ။

လအနည်းငယ်ကြာတော့ ဖူ့တာမိုက် ကရင်ပြည်နယ်ကို အလည်ပြန်တဲ့အခါ ဒီလို အရသာရှိတဲ့ ဒူးရင်းသီးတွေကို ငါ့တို့ လူမျိုးတွေလည်း စားသုံးနိုင်စေရမယ် ဆိုပြီ ဝှက်ယူထားတဲ့ ဒူးရင်းသီး မျိုးစေ့ကို လောင်းကိုင်ကျေးရွာနားက ဖါးကျ တောင်တန်းပေါ်မှာ စတင် စိုက်ပျိုးပေးခဲ့ပါတယ်။

အဲ့ဒီအချိန်က စပြီး အနီးအနားရွိ သမိန်ဒို့တောင် စတဲ့ တောင်တန်းပေါ် မှာပါ ဒူးရင်းပင်တွေ တိုးပွါးခဲ့ပါတယ်။

နောက်တစ်ချိန် အင်းဝဘုရင် ယိုးဒယားကိုစစ်ချိီတဲ့အခါ ဒေါနတောင်တန်းတွေပေါ်မှာ အလေ့ကျ ပွားပြီး ပေါက်နေတဲ့ ဒူးရင်းပင်တွေကို တွေ့သွားပြီး ခုတ်သတ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း အရမ်း များပြားနေတဲ့ ဒူးရင်းပင်တွေကို စစ်အလုပ်တစ်ဖက်နဲ့ ဘယ်လိုမှ ကုန်စင်အောင် မရှင်းလင်းနိုင်ခဲ့ပဲ ဒူးရင်းပင်တွေဟာ ပြည်သူလူထုတွေကြားထဲကို ပြန့်ပွားသထက် ပြန့်ပွားလာခဲ့ရပါတယ်။

ကရင်လူမျိုးတွေအနေနဲ့ကတော့ ဖူ့တာမိုက်ကို သူတို့ရဲ့ သာသာနာ့ကျေးဇူးရှင် အဖြစ်နဲ့သာမက ဒူးရင်းသီးတွေရဲ့ ဖခင်အဖြစ်နဲ့ နှစ်စဉ် ဒူးရင်းသီးရာသီ ရောက်တိုင်း ဒူးရင်းသီးပွဲတော်ကို ကျင်းပ ပြုလုပ် ကြပါတယ်။

မူ့တာမိုက်ဟာ အင်းဝတွင် ပိဋကတ်စာပေများကို သင်ယူ တတ်မြောက်ခဲ့ပြီး ကရင်ဒေသသို့ ပြန်လည် ကြွရောက်လာကာ ဘားအံမြို့နယ် ကော့သံခါရွာ၌ အခြေချသီတင်းသုံးခဲ့၏။

နောက်ပိုင်း ကရင်အမျိုးသားတွေကြား အငြင်းအခုန်တွေ ဖြစ်ခဲ့ကြပြီး ခလိုင်(ဂျိုင်း) ကျေးရွာသို့ ပြောင်းရွေ့အခြေချခဲ့ပါတယ်။

ဆရာတော်ဟာ ခလိုင်(ဂျိုင်း) ကျောင်းတွင် သီတင်းသုံးပြီး ပိဋကတ်စာပေများကို သင်ကြား ပို့ချပေးသည့်အပြင် အရှေ့ပိုးကရင်တို့၏ လိက်ထူ့လီ (ကရင်အမတ် ဖူ့ဒိုင်ကော် တီထွင်ခဲ့သော စာပေ) ကို ပြန်လည် ဖော်ထုတ်၍ သင်ကြား ပြသပေးခဲ့ပါတယ်။

နောက်ပိုင်းတွင် ပိုးကရင်ပေစာ ပညာရှင်များ ရဟန်းတော်များစွာ ပေါ်ပေါက်လာပြီး ပိုးကရင်ပေစာ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည်။

(-စာကြွင်း)

ကြာအင်း၊ လောင်းကိုင်၊ ဖားကျ ၊ကေမာ့ကသူ၊ စက္ကဝက် အစရှိတဲ့ ရွာတွေဟာဒူးရင်းသီး ထွက်ရာမှာ နာမည်ကြီး ကျေးရွာတွေပါပဲ။

ဒူးရင်းသီးချင်း တူပေမဲ့ ရေခံမြေခံ၊ အပင်ရဲ့ သက်တမ်း အနုအရင့် နဲ့သဘာ၀အတိုင်း စိုက်ပျိုးမှု ဟုတ် မဟုတ်ပေါ် မူတည်ပြီး လောင်းကိုင် ကျေးရွာရဲ့ဒူးရင်းသီး အရသာက တခြားသော အသီးတွေထက် ပိုမို ထူးကဲလှပါတယ်။

လောင်းကိုင်ရွာဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကနေ ဘားအံမြို့ကို အဆင်း ကားလမ်းမကြီး ဘေးနားက ကိုးတိုင်ရွာလမ်းခွဲကနေ ခရီး အနည်းငယ် ဆက်သွားရတဲ့ ကျေးရွာတစ်ရွာပါ။

ဒီနေ့ အနေအထားမှာတော့ အဆိုပါတောင်တန်းတွေပေါ်မှာ ဒူးရင်းခြံတွေ ပိုင်ရှင် အသီးသီး ရှိနေကြပေမဲ့ ပိုင်ရှင်မရှိတဲ့ သက်တမ်းရင့် (နှစ် ၂၀၀ နဲ့ အထက်) ဒူးရင်းတောကြီး တစ်တောလည်း ရှိနေပြန်ပါတယ်။

ဒူးရင်းပင် ခြေရင်းရဲ့ လုံးပတ်တွေဟာ တချို့ အပင်ဆိုရင် လူ( ၃ )ယောက်ဖက်စာ၊ ( ၄ ) ယောက် ဖက်စာလောက် ရှိပါတယ်။ အဲ့ဒီ သက်တမ်းရင့် အပင် တွေဟာ ဖူ့တာမိက် မျိုးစေ့ချ စိုက်ပျိုးခဲ့တဲ့ အပင်နဲ့နောက်ဆက်ပွားလာတဲ့ ကနဦး အပင်တွေဖြစ်ပါတယ်။

အဆိုပါ သက်တမ်းရင့် ဒူးရင်းပင်တွေဟာ မည်သူ တစ်ဦးတယောက်မှ ပိုင်ဆိုင်ခြင်းမပြုဘဲ ဒူးရင်းသီး ကြွေကျတဲ့အချိန်မှာ အနီးအနား ရွာသားတွေ မည်သူမဆိုသွားရောက် ကောက်ယူနိုင်ပြီး စားသုံးခြင်း၊ လှူဒါန်းခြင်း၊ တဆင့်ခံ ပြန်လည် ပေးကမ်းခြင်းများ ပြုလုပ်နိုင်ပြီး စီးပွါးဖြစ် တဆင့်ခံ ပြန်လည် ရောင်းချခြင်း မပြုလုပ်ရဘူးလို့ဆိုပါတယ်။

ကတိသစ္စာ တည်ကြည်သော အနီးအနားရွာသူ / ရွာသားများလည်း အဆိုပါ ဒူးရင်းသီးတွေကို ရှေးရိုး အစဉ်အလာအတိုင်း လိုက်နာကြပါတယ်။

ဒူးရင်းသီးကို အချို့ကလဲ စူးရှသော အနံ့ကြောင့် မကြိုက်သောသူတွေလည်း ရှိကြပါသည်။ သို့သော် မြည်းစမ်းကြည့်လိုက်မှ၊ နူးညံ့ ချိုမွှေး အီဆိမ့်ပြီး အရသာကောင်းမှန်း သိသွား၍ စွဲလန်း သွားကြပါသည်။

ဒူးရင်းသီး၏ ထူးခြားသော အရသာကြောင့် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဒူးရင်းကို “အသီးမှာ ဘုရင်” လို့ တောင် တင်စား ခေါ်ဝေါ်ကြပါသေးတယ်။

ဒူးရင်းသီးကို ကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိကြပါတယ်။

ဒူးရင်းသီးမှာလည်း ကောင်းတဲ့ အချက်တွေ ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါသေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကြိုက်တဲ့သူတွေအတွက်ကတော့ ကောင်းတဲ့အချက်တွေကို ပိုများနေမှာ ဖြစ်ပြီး မကြိုက်တဲ့သူတွေအတွက်ကတော့ မကောင်းတဲ့ အချက်တွေကို ပိုမြင်နေမှာပါ။ ဒါဟာလည်း သဘာဝတစ်ခုပါ။

ဘာပဲ ဖြစ်ဖြစ်ပါ ဗဟုသုတ တစ်ခုအနေနဲ့ ဒူးရင်းသီးရဲ့ ပါးစပ် ရာဇဝင်လေးကို ကြားဖူးမိသလောက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ ။

Credit: Crayron_Myanmar, Dhammacakka U Mg Mg