Knowledge and News

ပန်းစားဘီလူးလို့တင်စားရမယ့် ပုဂံခေတ်က အရည်းကြီးများ

Knowledge

ပုဂံမြေသည် ထေရဝါဒ ဗုဒ္ဓသာသနာ စတင်ထွန်းကား ပြန့်ပွားရာ နေရာဖြစ်သည့်အလျောက် ဘုရားပုထိုးပေါင်းများစွာ တည်ရှိသော အံ့ဖွယ်နေရာ တစ်ခုဖြစ်သည်။ ထိုသာသနာတော် တရှိန်ထိုး တိုးတက် ခဲ့သော ပုဂံသမိုင်း၌ လူအများစုအတွေးထဲတွင် အရည်းကြီးတို့၏ အခမ်းကဏ္ဍသည် စိတ်ဝင်စားဖွယ်အဖြစ် ပါဝင်လာသည်။အရည်းကြီးနှင့်ပတ်သက်လျှင် အနော်ရထာမင်း မတိုင်ခင်ခေတ်နှင့် အနော်ရထာမင်းနောက်ပိုင်း ပုဂံ ခေတ်မှ စတင် ရေးသားရပါမည်။အနော်ရထာမင်း မတိုင်မှီသည် ပျူ စာပေ၊ မွန်စာပေ၊ ပါဠိဘာသာတို့ပေါ်ပေါက်ခဲ့သော် လည်း မြန်မာစာပေ မပေါ်ပေါက်သေးဟု လက်ခံကြသော ခေတ်ဖြစ်ကာ အနော်ရထာမင်း နောက်ပိုင်းသည် မြန်မာစာပေ စတင်ထွန်းကားလာသောခေတ်ဟု သတ်မှတ်ကြသည်။ထို့ကြောင့် အရည်းကြီး အကြောင်းရှင်းလင်းရန်မှာ အတော်ပင် ခက်ခဲနေသည်။ အရည်းကြီး များ တကယ်ရှိသလား၊ မရှိဘူးလား သေချာပေါက် ပြောပြရန်မှာပင် ခက်ခဲနေပြန်သည်။တကယ်မရှိခဲ့လျှင် ရှင်းစရာမလိုသော်လည်း ( ၁၈ )ရာစု မြန်မာစာပေ အလွန်ထွန်းကားနေသော ညောင်ရမ်းခေတ် ရောက်သော် ဦးကုလားသည် တကောင်းရာဇဝင်၊ သရေခေတ္တရာ ရာဇဝင်၊ ပုဂံရာဇဝင် တောင်ငူရာဇဝင် များ စသော ရာဇဝင်များ အားလုံး စုစည်းကာ မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်သော မဟာရာဇဝင်ကို ရေးသားခဲ့ရာတွင် အရည်းကြီးများ အကြောင်းကို ထည့်သွင်း ရေးသားဖော်ပြထားသဖြင့် အရည်းကြီး အကြောင်းကို စဉ်းစားရတော့ပါမည်။အရည်း ကြီး ဆိုသည်မှာ လူနှင့်အပြုအမူ အယူဝါဒတူရှိသော ရှင်ယောင်များ ဖြစ်ကြသည်။ အရည်ကြီးဟူသောဝေါဟာရသည် အရိယဟူသော ပါဠိမှ လာခဲ့ခြင်းဖြစ်သည်။ပုဏ္ဏောဝါဒသုတ်အရ ရှင်ပုဏ္ဏက အစပြု၍ သရေခေတ္တရာမှ ပုဂံခေတ်ဦးထိ ခေတ်အဆက်ဆက် အစဉ်လာလိုက်နာခဲ့သော သာသနာ တော်ထမ်း ရဟန်းတို့သည် ဘုရားရှင်၏ ကျင့်ဝတ်အရပ်ရပ်ကို လိုက်နာရသည်မှာ သိမ်မွေ့သလောက် ကြပ်တည်းသဖြင့် မလိုက်နာလို၍ ကိုယ်ပိုင်အယူအဆများကို ထည့်သွင်းကျင့်ကြံရင်း အကျင့်ယုတ်တို့ဖြင့် နေထိုင်သဖြင့် ကွဲလွဲပျက်စီးကြသည်။တမ္မဝတီမြို့ တည်ထောင်သော သစ်တိုင်မင်း လက်ထက်မှစ၍ ရဟန်းသူတော်မြတ်တို့၏ အကျင့်ကွယ်ပျောက်ကာ ယုတ်သောအကျင့်တို့ကို ပွင့်လင်းစွာကျင့်ကာ နေထိုင်လေသည်။

ရဟန်းခံခြင်း၊ သိမ်ဝင်ခြင်း၊ ကမ္မဝါဖတ်ခြင်းတို့ကို ပယ်ရှားသည်။ စာပေများတွင် ဧဝံမေသုတံ အစချီသော် လည်း အတွင်းစာသားများ ၎င်းတို့အလိုဆန္ဒအတိုင်း ပြင်ဆင်ရေးသားသည်။ သင်္ကန်းကိုလည်း အနက် ၊ အညို ၊ အပြာများကို နှစ်သက်သ လို ဝတ်ဆင်ကြသည်။ဦးထုတ်ဆောင်း အဆင် ပြေစေရန် ဆံပင်လက်လေးသစ် လက်တစ်ဝါးအပြင် နှုတ်ခမ်းမွေး ၊ မုတ်ဆိတ် မွေးထားသူ လည်းထားသည်။ သာသနာကာကွယ်ရန် သိုင်းပညာ၊ ကိုယ်ခံပညာ၊ လက်ဝှေ့ထိုးသတ်ခြင်းပညာအပြင် ဆင်စီး၊ မြင်းစီး၊ လက်နက်ပုန်း ပစ်ခြင်းများကိုပြုလုပ်သည်။ရေချိုး ၊မီးလှုံ ၊ တုန်းခုံ၊ ဇယ်ခတ် ဟူသောအတတ်တို့ကို တတ်မြောက်သည်။ ရေချိုးခြင်းသည် ခန္တာကိုယ်အညစ် အကြေးကျရောက်ခြင်းမှ သန့်စင်ရန်ဖြစ်သည်။မီးလှုံခြင်းသည် ခန္တာကိုယ်တွင်းလောဘ၊ ဒေါသ၊ မောဟ တို့ လောင်ကျွမ်းစေရန် မီးလှုံခြင်းဖြင့် ကိလေသာတို့ လောင်ကျွမ်းစေသည်။ ရေချိုးနှင့်မီးလှုံနည်းသည် အိန္ဒိယမှ ဆင်းသက်လာသော နည်းဖြစ်သည်။ တုံးခုန်သည် သစ်တုံးများကို မြေတွင်စိုက်ထူကာ ထိုတုံးများပေါ်တွင် ခုန်ပြန်ကျော်လွားကာ သိုင်းကွက်နင်းခြင်းကို ပြုလုပ်သည်။ဇယ်ခတ်သည် သံပြား၊ သံဆူး၊ သံချွန် လက်နက်ပုန်းပစ်သောပညာဖြစ်သည်။ တုံးခုံနှင့် ဇယ်ခတ်နည်းသည် တရုတ်ပြည်မဟာယနနည်းဖြစ်သည်။ အင်းအိုင်၊ ခါးလှည့်၊ လက် ဖွဲ့၊ စက်သွင်း၊ မှော်၊ ထိုးကွင်း၊ မန္တာန်းဂါထာများကို လေ့လာ၍ ဣဒိတန်ခိုးများကို ပြောကာ လူများယုံကြည်အောင် လှည့်ဖျား ဆွဲ ဆောင်သည်။ပုပ္ပါးတောင်အနီးရှိ သမထီးအရပ်သည် အရည်းကြီးတို့၏ ဗဟိုဌာနချုပ်ဖြစ်သည်။ သစ်မထီးဟုလည်းရေးသည်။ ကျောက်စာများ တွင် သစ်မတည်ဟုရေးသည်။ စလေဦးပုံညက “ရှေးအထီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ် မွေးဗလပြစ်၊ မဲညစ်သည့်စီဝရံနှင့်၊ တာတေလံအကျင့်ဆိုးသော ၊ ရှင် သိုးတကာ့ ခေါင်ကြီး၊ ရှင်မတီး” ဟု လင်္ကာစပ်ဆိုသည်။

ထိုသမထီးမှ တဖြည်းဖြည်း လွမ်းမိုးလာကာ သက္ကရဇ်( ၉၃၁ )ခုနှစ်တွင် ပုဂံတွင်နန်းတက်သော စောရဟန်းဘွဲ့ခံ တောင်သူကြီးမင်း လက် ထက်တွင် အရည်းကြီးများကို တစ်ပြည်လုံးကိုးကွယ်သည့်အထိ သြဇာလွမ်းမိုးလာခဲ့သည်။ တောင်သူကြီးမင်းကိုယ်တိုင် ဘုရားတည်ရာ တွင် အရည်းကြီး များထံမှ အကြံဉာဏ်တောင်းခံရသည်။အရည်းကြီးတစ်ဦး အခြားသူများနှင့် ရန်ဖြစ်လျှင် မည်သူမှားသည်ဖြစ်စေ၊ မှန် သည်ဖြစ်စေ ထိုအရည်းကြီးများဘက်မှ ဝင်ရောက်ထိုးကြိတ် ရိုက်နက်သည်။ သူတစ်ပါးအသက်ကို သတ်သောသူတစ်ယောက်သည် အရည်းကြီးတို့အား ကိုးကွယ်ဆည်းကပ်သော် အရည်းကြီးတို့က ပရိတ်ရွတ်ပေးလျှင် ကမ္မပထမှ လွတ်သည်။ မိဘသတ်သောသူပင် အ ရည်း ကြီးတို့က အပြစ်မှကင်းပျောက်သော ဂါထာရွတ်ပေးလျှင် အပြစ်ကင်းပျောက်သည်။အကုသိုလ်ကံ ပြုလုပ်မိကာ အရည်းကြီးတို့ထံ တောင်းပန်သော် အရည်းကြီးတို့ကသာ ခွင့်ပြုလျှင် ငရဲမှလွတ်မြောက်ကာ နတ်ပြည်ထိပင် ရောက်နိုင်သည်။ ဘုရင်မှအစ မှူးမတ်၊ ကလန်၊ သံပျင်၊ သူဌေး၊ သူကြွယ် ၊ ပြည်သူအားလုံး သားသမီးမင်္ဂလာပြုသော် ဆရာသို့အား ပန်းဦးလွတ်ကာ မိုးလင်းမှပြန်လွတ်မှ လက်ထပ် ထိမ်းမြှားကြသည်။ ပန်းဦးမလွတ်လျှင် အစဉ်အလာကိုဖျက်သည်ဟုဆိုကာ ကြီးစွာသော ပြစ်ဒဏ်ပေးသည်။ပုဂံ ပြည်တွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပြင် လောက နာထ၊ ဗြဟ္မာ၊ ဗိသနိုး၊ ပရမေသွာရ် တို့ကို၎င်း နတ်နဂါး အရည်းကြီးစသည့် ကိုးကွယ်မှု တို့ ရောထွေးနေခိုက် မသန့်ရှင်းသော အယူဝါဒတို့ တည်ရှိခဲ့သည်။မင်းဆက် ( ၃၀ ) တိုင်တိုင် ပေါ်ထွန်းခဲ့သော အရည်းကြီး အယူဝါဒကို အနော်ရထာမင်း နန်း တက် သောအခါ မနှစ်သက်သဖြင့် ဆက်ကပ်လှူဒါန်းခြင်း မပြုလုပ်စေရန် တစ်စတစ်စ ဖျက်သည်။ ရှင်အရဟံ ပုဂံသို့ ရောက်လာအပြီး စစ်မှန်သော ထေရဝါဒ ဗုဒ္ဓဘာသာ တည်သောအခါ အရည်းကြီး တို့ လာဘ်လာဘတန်ခိုး တိမ်ကော သွားလေသည်။၎င်းတို့အားကိုးရသောမင်းမရှိ ပြည်သူတို့ကလည်း မယုံကြည်သဖြင့် လူအများ ယုံကြည်မှု ရရှိလာစေရန် လုပ်ကြံ ဇာတ်လမ်းဆင်သည်။

သရေခေတ္တရာတွင် အသားစေ့ လွယ်သော သခွတ်ပင်အတွင်း ၎င်းတို့ကျမ်းကို ထည့်သွင်းကာ ထားရှိသည်။( ၃ ) နှစ်ခန့်အကြာ အသား စေ့သော် သရေခေတ္တရာတွင် မှန် ကန်သောကျမ်း သခွပ်ပင်ကြီး အတွင်းတွင်ရှိကြောင်း အိပ်မက်မက်သည် ဟု အနော်ရထာမင်းအား လာရောက်ပြော ကြားသည်။ထိုကျမ်း ကို ဖတ်ကြည့်သော် ရှေးသဘောသကန် ဝါဒအတိုင်းပင် ဖြစ်နေသဖြင့် လိမ်လည်လှီဆယ်သည်ကို သိလေသည်။ အနော်ရထာမင်းလည်း ထိုစာများကို ထိုအရပ်တွင် မီးတိုက်စေရာ ယနေ့တိုင် မီးတိုက်ကုန်း ဟူ၍ ရှိလေသည်။အရည်းတို့ အလိမ်ပေါ်သဖြင့် ရှင်အရဟံနှင့် အနော်ရထာအပေါ် အညိုးထားသည် ။ အနော်ရထာလည်း အရည်းကြီးတို့အား နှိပ်ကွက်လေတော့သည်။ အရည်းကြီးနှင့် တပည့်များကို လူဝတ်လဲစေကာ ဆင်ချေးကျုးံနေရာတွင် ထည့်သည်။အရည်းကြီးအချို့ မခံနိုင်ထွက်ပြေးကြကာ ပုဂံအနီး လက်ထုတ်နယ်၊ စလေ တို့တွင် အရည်းတို့မြေကတုတ်၊ ကျုံးမြောင်းများဖြင့်ခုခံသည်မှာ ယနေ့တိုင်တွေ့ရသည်။ လက်ထုတ်တွင်အရည်းတို့ တည်သော ဘုရားဆင်းတု ရုပ်ပွားတို့ပင် ရှိသေးသည်။အမြင့်မြို့တွင် ဖမ်းဆီးရမိသော အရည်းကြီးတို့ကို ဧရာဝတီမြစ်အတွင်း ပြစ်ချသည်။ ယနေ့တိုင် ရှင်ချဆိပ်ဟူ၍ ရှိနေသေးသည်။ အချို့လည်း ရှမ်းပြည်ဘက် ပြေးသည်။ ဤနည်းဖြင့်အရည်းကြီးတို့ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။မဟာရာဇဝင်အ လိုအရ အရည်းကြီးများတကယ်ရှိသည် မရှိသည်ကို သက်သေပြနိုင်ရန် ပြည်တွင်းပြည်ပပညာရှင်များ ရှာဖွေကြသည်။ သက္ကရဇ် ( ၁၁၉၈ )နှင့် ( ၁၂၉၈ ) ခန့်ကရေးထိုးခဲ့သော ကျောက်စာ တစ်ခု တွင် “ထမင်းအပြည့်နှင့်သပိတ်တစ်ထောင်ကို အရည်းကြီး ရဟန်းတို့အား ကပ်လှူ ၏” ဟုရေးထိုးသည်။ကျောက်စာတစ်ခုဖြင့် မလုံလောက်တော့ဘဲ နံရံဆေးရေးပန်းချီ တို့ကို အထောက်အကူပြု၍ ရှာဖွေရသည်။ ချားလ်ဒူရွယ်ဆယ်သည် မင်းနန်သူရွာအနီး ဘုရားသုံးဆူ နှင့် နန္ဒပညာဂူနံရံ ဆေးရေးပန်းချီများမှ အမျိုးသမီးများအား အရည်းကြီးများထံ ပန်းဦးလွတ် နေသောပုံဟု ထင်ရသော ဆေးရေးများကိုတွေ့ရှိခဲ့သည်။သို့သော် နောက်ပိုင်းပညာရှင်တို့မှ ဘုရားရှင်အား မာရ်နတ်ဖျားယောင်းဟု ဘာသာပြန်သဖြင့် အယူအဆကွဲလွဲမှု ရှိသွားပြန်သည်။ သို့ဖြစ်ပါ၍ အရည်းကြီးတို့ တကယ်ရှိမရှိ ဆိုသည်ထက် စုစည်းမိသော အရည်းကြီး ဆိုင်ရာစာပေများကို ဗဟုသုတရှိစေရန် ရည်ရွယ်၍ စုစည်းတင်ပြလိုက်ခြင်း ဖြစ်ပါသည်။

Credit – သုခုမအလင်းတန်းများ