Knowledge and News

သဲနှင့်ကျောက်တုံး

Thinking

တစ်ခါတုန်းကသူငယ်ချင်းနှစ်ဦးဟာ သဲကန္တာရတစ်ခုထဲမှာ လမ်းလျှောက်လာကြတယ်။ လမ်းခရီးတစ်နေရာအရောက်မှာ သူတို့ချင်းစကားများကြပြီး သူငယ်ချင်းတစ်ယောက်က နောက်တစ်ယောက်ရဲ့မျက်နှာကို လက်နဲ့ရိုက်လိုက်တယ်။ အရိုက်ခံရတဲ့ ကောင်လေးခမျာ အတော်နာသွားပြီး ဘာမှတော့ပြန်မပြောပါဘူး။ ဒါပေမယ့်သူဟာ သဲပြင်ပေါ်မှာအောက်ပါအတိုင်းစာရေးခဲ့တယ်။

” ဒီနေ့ င့ါအချစ်ဆုံးသူငယ်ချင်းက ငါ့မျက်နှာကိုရိုက်တယ် ”

ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိုအေစစ်ကိုရောက်တဲ့အထိလမ်းလျှောက်လာခဲ့ကြတယ်။ အဲဒီနေရာမှာ သူတို့ ရေချိုး၊ ရေကူးကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့မျက်နှာအရိုက်ခံရတဲ့ ကောင်လေးဟာ ရေချိုးနေတုန်းမတော်တဆ နွံထဲဆင်းမိပြီး နွံထဲကိုတဖြည်းဖြည်းနစ်မြုပ်သွားခဲ့တယ်။ ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကိုအချိန်မီ ကယ်တင်လိုက်နိုင်ပါတယ်။ နွံနစ်တဲ့နေရာအနီးမှာ သူသတိပြန်ရလာတဲ့အခါ သူစာကျောက်တုံးတစ်တုံးပေါ်မှာအောက်ပါအတိုင်းရေးပြန်ပါတယ်။

” ဒီနေ့ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကိုကယ်ခဲ့တယ်။”

ဒီတော့သူ့အသက်ကိုကယ်ခဲ့တဲ့သူငယ်ချင်းက မေးတယ်။ ” ငါမင်းကို နာကျင်အောင်လုပ်ခဲ့မိတုန်းကလည်း မင်း သဲပြင်ပေါ်မှာစာရေးခဲ့တယ်။ အခုငါမင်းကို ကယ်ခဲ့တော့လည်း မင်းကျောက်တုံးပေါ်မှာထပ်ရေးပြန်တယ်။ အဲဒါဘာဖြစ်လို့လဲ။ ”

ဒီတော့သူကရှင်းပြတယ်။ ” ငါတို့ကို တစ်စုံတစ်ယောက်က နာကျင်အောင်လုပ်တဲ့အခါမှာတော့ ငါတို့သဲပြင်ပေါ်မှာပဲ ရေးပြီးမှတ်ထားသင့်တယ်။ ဒါမှလေတိုက်တဲ့အခါ အဲဒီစာတွေပျောက်သွားသလိုမျိုး ခွင့်လွှတ်ခြင်းကအဲဒီနာကျင်မှုကို အဝေးကိုဖယ်ရှားပေးနိုင်မှာပါ။ ဒါပေမယ့် ငါတို့အတွက် တစ်စုံတစ်ယောက်က ကောင်းတဲ့အရာတွေ လုပ်ပေးခဲ့ရင်တော့ ငါတို့ကျောက်တုံးပေါ်မှာ ရေးမှတ်ထားသင်တယ်။ ဒါမှ ဘယ်လိုလေးမျိုးပဲတိုက်တိုက်၊ ပျောက်ပျက်မသွားရအောင်ပေါ့။”

သင့်ရဲ့နာကျင်မုန်းတီးမှုတွေကို သဲပြင်ပေါ်မှာပဲရေးမှတ်ထားလိုက်ပါ။ လေတိုက်တဲ့အခါ အဲဒီစာတွေလွင့်ပျောက်သွားပါစေ…။ သင့်အပေါ်ကောင်းတဲ့သူတွေကိုတော့ ကျောက်တုံးပေါ်မှာရေးမှတ်ထားလိုက်ပါ။ ဘယ်လိုပဲလေတွေတိုက်တိုက် မပျောက်ပျက်ဘဲ အမြဲအမှတ်ရနေပါစေ….။

Credit: သက်တန့်ချို