Knowledge and News

ခွေးတွေခုန်ချလေ့ရှိတဲ့ပဟေဠိဆန်တဲ့ ရှေးဟောင်းတံတား

Knowledge

စကော့တလန်နိုင်ငံ၊ ရှေးဟောင်းအဆောက်အဦကြီး တစ်ခုနဲ့ ဆက်သွယ်ထားတဲ့ တံတားတစ်စင်းရဲ့ ထူးခြားချက်ကိုတော့ နှစ်ကာလအလွန် ကြာမြင့်သည်အထိ ဒေသခံတွေက နားမလည်ကြသေးပါဘူး။အကြောင်းကတော့ အဲဒီ တံတားပေါ်ကနေ ခွေးတွေဟာ အခြားအကြောင်းပြချက် တစ်စုံတစ်ရာ မရှိပါဘဲ ခုန်ချ သေကြောင်းကြံလေ့ ရှိလို့ပါ။

အဲဒီ တံတားပေါ်မှ ခွေးအကောင်ရေ 50 ခန့်သည် အမည်မသိ အကြောင်းပြချက်ဖြင့် အသက်ဆုံးခန်း တိုင်ခဲ့ကြပါသည်။ အခြား ခွေးအကောင်ရေ ၆၀၀ ခန့် အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း အများအပြား ခုန်ချခဲ့ဖူးပါတယ်။အဆိုပါ တံတားရဲ့ မူလအမည်က Overtoun Bridge ဖြစ်ပြီး၊ စကော့တလန်နိုင်ငံ Dumbarton မှာ တည်ရှိပါတယ်။ ဒါပေမယ့် ခွေးတွေဟာ သခင်အမိန့် မပေးရပါဘဲ၊ ဒါမှမဟုတ် တစ်ခြား အကြောင်းပြချက် မရှိပါဘဲ အောက်ကို ခုန်ချ သေကြောင်းကြံလေ့ ရှိကြလို့ မူလနာမည်ကို ဒေသခံတွေက မခေါ်တော့ဘဲ ‘Dog Suicide Bridge’ လို့ ခေါ်တွင်ကြပါတယ်။

အဲဒီ တံတားပေါ်က ခွေးတွေ ခုန်ချတာကို သခင်တွေက အကြောင်းမဲ့ ငေးမောနေကြရပြီး၊ သူတို့ခွေးတွေ သေဆုံးတာကို ဘာအကူအညီမှ မပေးနိုင်ဘဲ ကြည့်နေရပါတယ်။ဒါကြောင့်လည်း ‘Dog Suicide Bridge’ လို့ နာမည် ကျော်ခဲ့တာပါ။ ထူးခြားချက်ကတော့ နှုတ်သီးရှည်ခွေးမျိုး ဖြစ်တဲ့ Retriever ခွေးတွေ အများဆုံး ခုန်ချ သေဆုံးကြတယ်လို့ သိရပါတယ်။နောက်ထပ် ထူးခြားချက်က ရာသီဥတု ပွင့်ပွင့်လင်းလင်း ရှိချိန်မှာသာ ဒီလိုအဖြစ်မျိုး ဖြစ်လေ့ရှိပြီး၊ တံတား အလယ်ကနေသာ ခုန်ချလေ့ရှိတယ်လို့ သိရပါတယ်။ခုန်ချခဲ့တဲ့ ခွေးများစွာထဲမှထဲက တစ်‌ကောင် ဖြစ်တဲ့ Ben လို့ခေါ်တဲ့ ကော်လီခွေးလေးဟာ ပိုင်ရှင်ရဲ့ မိသားစုနဲ့အတူ လမ်းလျှောက်ရင်း တံတားပေါ်ကနေ ခုန်ချခဲ့ပါတယ်။

Ben က ၁၅ မီတာကျော် မြင့်သော အောက်ဘက်ရှိ ကျောက်တုံးပေါ်သို့ ပြုတ်ကျခဲ့ပြီး ကျော၊ ခြေထောက်နှင့် မေးရိုးများ ကျိုးသွားခြင်းကြောင့် အသက် ဆုံးရှုံးခဲ့ရပါတယ်။ခွေး Hendrix မှာလည်း အလားတူပါပဲ။ Hendrix ပိုင်ရှင် Kenneth Meikle က “ခွေးက ရုတ်တရက် ခုန်ချလိုက်တာ ခင်ပွန်းနဲ့ ကလေးတွေနဲ့အတူ လမ်းလျှောက်လာရင်း သမီးဖြစ်သူက အော်ဟစ်တော့ ခွေးက ဒဏ်ရာရသွားပြီး တံတားအောက်ကို ပြေးဆင်းသွားတယ်။ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ သူ အောက်ခံရေညှိထဲ ပြုတ်ကျပြီး ကံကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။ ဒါကတော့ ဒီတံတားရဲ့ ထူးခြားချက်တွေ ဖြစ်ပြီး၊ အခုအချိန်ထိ ဘယ်လို အကြောင်းတွေကြောင့် ဒီလို ဖြစ်ရတယ်ဆိုတာကို ဘယ်သူမှ မဖော်ထုတ်နိုင်သေးပါဘူး။

ဒါပေမယ့် တိုက်ဆိုင်တဲ့ အကြောင်းအရာလေးတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတံတားလေးဟာ Overtoun House အိမ်ကြီးရဲ့ တစ်စိတ်တဒေသမှာ ပါ၀င်ပြီး၊ အဲဒီအိမ်ကြီးမှာ နေထိုင်ခဲ့တဲ့ Lady Overtoun အမည်ရ အမျိုးသမီးဟာ 1931 ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ နာမည်ကို White Lady လို့လည်း ခေါ်ကြပါတယ်။ 1908 ခုနှစ် နောက်ပိုင်း ခင်ပွန်းသည် Baron Overtoun သေဆုံးသွားခဲ့ပြီးနောက် White Lady ဟာ အဲဒီအိမ်ကြီးမှာ အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်နေခဲ့ပါတယ်။သူမ သေဆုံးချိန်မှာ အရမ်း ချစ်ခင်ရတဲ့ အိမ်မွေးခွေးတွေ များစွာ ကျန်ရစ်ခဲ့ပါတယ်။ အများကတော့ White Lady ဟာ အိမ်မွေး တိရစ္ဆာန်လေးတွေကို စွဲလမ်းပြီး၊ မကျွတ်လွတ်ဘူးလို့ ယူဆကြပါတယ်။

တံတား၀န်းကျင်မှာ သူမရဲ့ ဝိဉာဉ်ကို အရိပ်အယောင်ပုံစံ မကြာခဏ တွေ့ရှိသူတွေ ရှိပြီး၊ တမလွန်ကနေ ခွေးတွေကို သူမက ခေါ်ယူနေသလားဆိုတာ စဉ်းစားစရာပါ။2015 ခုနှစ်တုန်းကတော့ ပေ 50 အမြင့်ကနေ ခုန်ချတဲ့ ခွေးတွေအနက် တစ်ကောင် အသက်ရှင်ခဲ့ပါသေးတယ်။ခွေးပိုင်ရှင်ကတော့ Alice Trevorrow ဖြစ်ပြီး၊ သူမကတော့ ဒီအဖြစ်အပျက် မြင်ပြီး အတော်လေး စိတ်ခြောက်ခြားခဲ့ရတယ်လို့ ဆိုပါတယ်။