Knowledge and News

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘုရားကျောင်း

Knowledge

ကမ္ဘာပေါ်တွင် အစ္စလာမ် ဘာသာဝင်များ အများဆုံး နေထိုင်လျက်ရှိတဲ့ အင်ဒိုနီးရှားမှာ ကမ္ဘာကျော် ဗုဒ္ဓ ဘာသာ ရှေးဟောင်းကျောင်းတော်ကြီးတစ်ခု တည်ရှိနေပါတယ်။ ယင်းသမိုင်းဝင် အဆောက်အုံကြီးဟာ ဗောရောဗုဓ (Borobudur) ဟု ထင်ရှားပြီး ကိုးရာစုက တည်ဆောက်ခဲ့တဲ့ မဟာယန ဗုဒ္ဓဘာသာကျောင်းတော်ကြီးဖြစ်ပါတယ်။ ဗောရောဗုဓ သည် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗား အလယ်ပိုင်း၊ မေဂျလန်တွင် တည်ရှိကာ ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အအုံများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။

တစ်ဖက်လျှင် ၃၈၆ ပေစီရှိသည့် လေးထောင့် ပန္နက်ပေါ်တွင် တည်ထားတဲ့ ဗောရောဗုဓတွင် စတုရန်းပုံ အဆင့် ခြောက်ဆင့်နှင့် အဝိုင်းပုံ အဆင့်သုံးဆင့်တည်ဆောက်ထားကာ အဆောက် အအုံ၏ ထိပ်အလယ်ပိုင်းကို အမိုးခုံးတစ်ခုဖြင့် အုပ်မိုးထားပါတယ်။ ယင်းအဆောက်အအုံကြီးကို ရုပ်ကြွ များရှိသည့် အကွက်ပေါင်း ၂၆၇၂ ခုနှင့် ဗုဒ္ဓဆင်းတု ၅၀၄ ခု ဖြင့် အလှဆင်ထားပါတယ်။ အဆောက်အအုံအလယ်ရှိ အမိုးခုံးပတ်လည်ရှိ အပေါက်များတွင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၇၂ ဆူရှိတယ်။

ဗောရောဗုဓကို ဆေးလင်ဒြာမင်းဆက်၊ အေဒီ ကိုးရာစုတွင် ဂျာဗာဗုဒ္ဓဘာသာ ဗိသုကာ ပုံစံအတိုင်း တည်ဆောက်ခဲ့ရာ အင်ဒို နီးရှား ဒေသခံများ ဘိုးဘွားစဉ်ဆက် ရှိခိုး ပူဇော်ခဲ့သည့် ယုံကြည်ကိုးကွယ်မှုများနှင့် ဗုဒ္ဓဘုရားရှင်၏ နိဗ္ဗာန်စံဝင်မှုတို့ကိုရောယှက် ပုံဖော်ထားသည်။ထို့အတူ ဗောရောဗုဓ ဗိသုကာပုံစံများတွင် ဂုပ္တ (Gupta) ခေတ် အနုလက်ရာများ၏ သြဇာသက်ရောက်မှုများ ပေါ် လွင်နေကာ အိန္ဒိယ ယဉ်ကျေးမှု လွှမ်းမိုးနေပုံကို မြင်နိုင်ပါတယ်။ ဗောရောဗုဓသည် ဗုဒ္ဓဘာသာဆိုင်ရာ ဝတ်ပြုဆောင်တစ်ခု ဖြစ်သကဲ့သို့ ဘုရားဖူးများ လာရောက် လည်ပတ်ကြသည့် နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ဘုရားဖူးများဟာ ဗောရောဗုဓ၏ အောက်ခြေမှစ၍ အဆောက်အအုံကို ပတ်၍ အပေါ်အဆင့် သုံးဆင့်သို့ တက်ရောက်နိုင်ပါတယ်။ ယင်းအဆင့်သုံးဆင့်သည် ကာမဘုံ၊ ရူပဘုံနှင့် အရူပဘုံတို့ကို ရည်ညွှန်းပါတယ်။ဗောရောဗုဓပေါ်သို့ တက်ရောက်တဲ့ လမ်းများတွင် ကျယ်ဝန်းသည့် လှေကားထစ်များနှင့် ဝရံတာများရှိကာ လမ်းတစ်လျောက် နံရံပေါက်များနှင့် လက်ရန်းများတွင် ဗုဒ္ဓဆင်းတု ၁၄၆၀ ထည့်သွင်း ထုလုပ်ထားပါတယ်။

သမိုင်း နောက်ခံ

ဗောရောဗုဓကို အေဒီ ကိုးရာစုတွင် တည်ဆောက်ခဲ့သော်လည်း အေဒီ ၁၄ ရာစုတွင် ဂျာဗာ၌ ဟိန္ဒူဘုရင် အုပ်ချုပ်မှုများ ဆုတ်ယုတ်ခဲ့ပြီး အစ္စလာမ်ဘာသာလွှမ်းမိုးလာချိန်တွင် စွန့်ပယ်ထားခြင်း ခံခဲ့ရသည်။ နှစ်ပေါင်းများစွာ တိမ်မြုပ်နေသည့် ဗောရောဗုဓအား ဂျာဗာကို အုပ် ချုပ်ခဲ့သူ ဗြိတိသျှလူမျိုး ဆာသောမတ်စ်စတန်းဖို့ဒ် ရက်ဖယ်လ်က ၁၈၁၄ ခုနှစ်တွင် ကမ္ဘာက သိရှိအောင် ဖော်ထုတ်ခဲ့သည်။ ထိုအချိန်မှစ၍ ဗောရောဗုဓကို ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကာ ၁၉၇၅ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်တွင် အင်ဒိုနီးရှား အစိုးရနှင့် ယူနက်စ်ကို အဖွဲ့တို့ ပူးပေါင်းလျက် အကြီးမားဆုံး ပြင်ဆင် မွမ်းမံမှုများကို ဆောင်ရွက်ခဲ့သည်။ ဗောရောဗုဓကို ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က ကမ္ဘာ့ အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

ဗောရောဗုဓသည် အင်ဒိုးနီးရှား နိုင်ငံတွင် ခရီးသွားများ အများဆုံး လာရောက် လည်ပတ်သည့် နေရာဖြစ်ပြီး အင်ဒိုနီးရှားရှိ ဗုဒ္ဓ ဘာသာဝင်များသည် ဗောရောဗုဓတွင် တစ်နှစ်လျှင် တစ်ကြိမ် Vesak ပွဲတော်ကို ကျင်းပကြသည်။ အဗောရောဗုဓ အပါအဝင် အင်ဒိုနီးရှားရှိ ရှေးဟောင်း အဆောက်အအုံများ၏ အမည်နာမ ရင်းမြစ်ကို ရှင်းလင်းစွာ မသိရှိကြသော်လည်း ဗောရောဗုဓ ဟူသည့်အမည်ကို ဆာသောမတ်စ်ရက်ဖယ်လ်က သူ၏ ဂျာဗာ သမိုင်းစာအုပ်တွင် ပထမဆုံး ဖော်ပြခဲ့သည်။ စာရေးသူက ယင်းအဆောက်အအုံကို ဗောရောဗုဓ ဟု အမည်တပ်၍ သုံးစွဲခဲ့သော်လည်း ယင်းအမည်ကို အစောပိုင်း သုံးစွဲခဲ့သည့် အထောက်အထားများ မရှိခဲ့ချေ ။ သို့သော် ဗောရောဗုဓ သည် တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိသော ဗုဒ္ဓဝိဟာရ ကျောင်းဟု အဓိပ္ပာယ်ရှိသည်ဟု ဆိုကြသည်။

တည်နေရာ

ဗုဒ္ဓရုပ်ကြွများကို တစ်နေရာတည်းတွင် စုစည်းထားသည့် အကြီးမားဆုံး အဆောက်အအုံဖြစ်သည့် ဗောရောဗုဓ သည် ယိုဂျာကာတာမှ အနောက်မြောက်သို့ ၂၅ မိုင်ကွာဝေးကာ ဆူရာကာတာမှ အနောက်သို့ ၅၃ မိုင်ကွာ လှမ်းသည်။မီးတောင် နှစ်ခုနှင့် မြစ်နှစ်ခုအကြား တည်ရှိနေသည့် ဗောရောဗုဓသည် ကီဒူး လွင်ပြင်နေရာဖြစ်ပြီး ဂျာဗာဘာသာစကားအရ မြင့်မြတ်သောနေရာ ဟု ဆိုလိုသည်။ယင်းနေရာ သည် စိုက်ပျိုးရန် မြေသြဇာအထူး ကောင်းမွန်သော နေရာဖြစ်သဖြင့် ဂျာဗာဥယျာဉ်ဟုလည်း အမည်ရှိခဲ့ သည်။

၂၀ ရာစု အစောပိုင်းတွင် ယင်းနေရာကို ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်စဉ် ဗုဒ္ဓဘာသာ ဆိုင်ရာ အဆောက်အအုံ သုံးခုဖြစ်သည့် ဗောရောဗုဓ၊ ပါဝန်းနှင့် မန်ဒပ်တို့ကို တွေ့ရှိခဲ့သည်။ယင်းတို့သည် မျဉ်းတစ်ဖြောင့်တည်းတည်ရှိနေကြကာ တစ်ခုနှင့် တစ်ခု မည်သို့ ဆက်စပ်နေသည်ကို အတိအကျ မသိရှိကြပါချေ။ ဗောရောဗုဓ အနီးတွင် ရှိခဲ့သည်ဟု ယူဆကြသည့် ရေကန်ဟောင်းနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသီများ အကြား ဆွေး နွေးငြင်းခုံမှုများ ရှိခဲ့သည်။၁၉၃၁ ခုနှစ်တွင် ဒတ်ချ် အနုပညာရှင် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ဗိသုကာလက်ရာ သုတေသီ W.O.J. Nieuwenkamp (နုဝင်းခန်)က ကီဒူးလွင်ပြင် နေရာသည် တစ်ချိန်က ရေကန်တစ်ခု ဖြစ်ခဲ့ပြီး ဗောရောဗုဓ သည် ရေကန်အတွင်း မျောနေသည့် ကြာပွင့်တစ်ပွင့်ကို ကိုယ်စားပြုကြောင်း တင်ပြခဲ့သည်။

ဗောရောဗုဓ အဆောက်အအုံသည် ၄၉ ပေမြင့်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် ၈၆၉ ပေရှိ ကျောက်သားမြေလွှာ တောင်ကုန်းပေါ်တွင် ခန်းခြောက်သွားသည့် ရေကန်ကြမ်းပြင်၌ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။၁၉၇၄ ခုနှစ်နှင့် ၁၉၇၇ ခုနှစ်တွင် ဗောရောဗုဓ တည်ဆောက်ထားသည့် တောင်ကုန်းနှင့် အနီးဝန်းကျင်မှ မြေလွှာများကို တူးဖော်၍ အပင်ဝတ်မှုန်နှင့် မျိုးမှုန်များရှိ မရှိ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည် ။လေ့လာ သုတေသန ပြုချက်များအရ ဗောရောဗုဓ အနီးတွင် စိုက်ကွင်းများနှင့် ထန်းပင်များသာ ရှိခဲ့ပြီး ရေကန် မရှိခဲ့ကြောင်း ၂၀၀၅ ခုနှစ်တွင် ယူနက်စ်ကိုက ထုတ်ဝေခဲ့သည့် စာတမ်းတွင် ဖော်ပြခဲ့သည်။

ခရီးသွားလုပ်ငန်းနှင့် ဗောရောဗုဓ

ဗောရောဗုဓသည် အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားများ အများဆုံး လာရောက်လည်ပတ်ကြသည့် နေရာတစ်ခု ဖြစ်လာခဲ့ကာ သုံးသန်းခန့်လာရောက်လည်ပတ်ကြပါတယ်။ ဗောရောဗုဓသည် အပြည်ပြည်ဆိုင်ရာ ခရီးသွား လုပ်ငန်းဆုများကို ၂၀၀၄ ခုနှစ်၊ ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်များတွင် ရရှိခဲ့ပြီး ဂင်းနစ် ကမ္ဘာ့မှတ်တမ်းတွင် အကြီးမားဆုံးသော ရှေးဟောင်းဗုဒ္ဓဘာသာ နယ်မြေအဖြစ် စံချိန်တင်ခဲ့သည်။ နှစ်စဉ် မေလ သို့မဟုတ် ဇွန်၏ လပြည့်ရက်တွင် ဗုဒ္ဓ ဘုရားရှင်၏ ဖွား၊ ပွင့်၊ စံ သုံးရပ် အထိမ်းအမှတ် (ဗစ်ဆက်) Vesak ပွဲတော် ကို ကျင်းပလေ့ရှိရာ ထိုရက်သည် အင်ဒိုနီးရှားနိုင်ငံ၏ တရားဝင် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။