Knowledge and News

ငါးဖမ်းသမား နှင့် သူဌေးကြီး

Thinking

တစ်ခါတုန်းက ငါးဖမ်းသမားတစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ လှဲနေရင်း ဆေးလိပ်ဖွာလို့နေတယ်။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင် သူဌေးကြီးတစ်ဦး ရောက်လာပြီး ဘာကြောင့် အလုပ်မလုပ်ဘဲနဲ့ ထိုင်ပြီးဆေးလိပ်သောက်နေရသလဲလို့မေးပါတယ်။ အဲဒီတော့ ငါးဖမ်းသမားက ဒီနေ့အတွက်လုံလောက်တဲ့အရေအတွက် ဖမ်းမိပြီဖြစ်တဲ့အတွက်အနားယူနေကြောင်းပြန်ပြောတယ်။ သူဌေးကြီးက ငါးဖမ်းသမားအပေါ် အားမလိုအားမရဖြစ်ပြီး ဒေါသလည်းထွက်သွားခဲ့တယ်။

” ဘာကြောင့် နောက်ထပ်ငါးတွေမဖမ်းဘဲနဲ့ အရိပ်ထဲမှာ သင့်အချိန်တွေကို ကုန်ဆုံးစေရတာလဲ။ ”
” ကျွန်တော်ငါးတွေထပ်ဖမ်းပြီး ဘာလုပ်ရမလဲခင်ဗျ။ ”
” ဟ… မင်း ငါးတွေထပ်ဖမ်းပြီး ထပ်ရောင်းမယ်ဆိုရင် ငွေတွေပိုရနိုင်မယ်လေ။ အဲဒီအခါ မင်းငါးဖမ်းလှေကောင်းကောင်းတစ်စီး ဝယ်နိုင်တာပေါ့ ”
” ငါးဖမ်းလှေဝယ်ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ။”
” ဒီထက်ပိုဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါးတွေ ဖမ်းရမှာပေါ့၊ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့။ ”
” ပြီးတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ။ ”
” ငွေတွေအများကြီးထပ်ရလာတဲ့အခါ မင်းလှေတွေအများကြီးထပ်ဝယ်ရမှာပေါ့ကွ။ ပြီးတော့ ငါးဖမ်းလုပ်သားတွေခေါ်ယူရမယ်။ ဒီထက်ငွေတွေပိုရအောင်ပေါ့ကွ။ ”
” ပြီးတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ။ ”
” ဟ… အဲဒီအခါ မင်းဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အေးအေးဆေးဆေးနေလို့ရပြီပေါ့။ ”
” အခုရော… ကျွန်တော်ဘာလုပ်နေတယ်လို့ထင်ပါသလဲ သူဌေးမင်းခင်ဗျား။ ”

ဘဝမှာ ပျော်ရွှင်ဖို့၊ ငြိမ်းချမ်းဖို့အတွက် မနက်ဖြန်ဆိုတဲ့ နောက်တစ်နေ့အထိ စောင့်စရာမလိုတော့ပါဘူး။ ပျော်ရွှင်ချင်ရုံ သက်သက်သာဆိုရင်တော့ သင်ချမ်းသာဖို့မလိုအပ်သလို စွမ်းအားကြီးဖို့လည်းမလိုအပ်ဘူး။
ဘဝဆိုတာ ယခုအချိန်လေးပဲလေ…။ သင် အပြည့်အဝပျော်ရွှင်နိုင်ပါတယ်။
လူတစ်ချို့ကပြောတယ်။ “ငါ့ရဲ့စည်းစိမ်ချမ်းသာတွေက ငါ့ရဲ့တကယ်ပိုင်ဆိုင်မှုတွေမဟုတ်ဘူး။ ငါ့ လိုအင်ဆန္ဒတွေရဲ့အစိတ်အပိုင်းအနည်းငယ်မျှသာဖြစ်တယ်။” တဲ့။
ဘဝရဲ့ပျော်ရွှင်မှုဆိုတာ သင်နဲ့အဝေးကြီးမှာ ရှိနေတာမဟုတ်ပါဘူး။ “တကယ်ပိုင်ဆိုင်တာ သင်ရဲ့ယခုအချိန်လေးပါပဲ။”

Credit: သက်တန့်ချို