Knowledge and News

အရသာထိမိတဲ့ ကြက်သားပေါင်းလုပ်နည်း

Food

လူကြီးရောကလေးပါကြိုက်နှစ်သက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေထဲမှာ ပူပူနွေးနွေးကြက်သားပေါင်းလေးလည်း ပါဝင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ အသားပေါင်းလေးတွေကိုလက်ဖက်ရည်ဆိုင်နဲ့ ဒင်ဆမ်းဆိုင်တွေသွားမှသာစားလေ့ရှိကြပါတယ်။ ဒါကြောင့် ကြက်သားပေါင်းလေးတွေကို အချိန်ကုန်ငွေကုန်သက်သာစွာနဲ့ အိမ်မှာပဲသန့်သန့်ရှင်းရှင်းပြုလုပ်ပြီး တစ်ဝစားသုံးနိုင်စေဖို့အတွက် ကြက်သားပေါင်းပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား ၃၀ ကျပ်သား (ရေဆေးပြီး နုတ်နုတ်စင်းထားပါ)
  • ပုစွန် ၁၀ ကျပ်သား(အခွံချွတ်ပြီး သေးသေးလှီးထားပါ)
  • Shitake မှိုခြောက် ၃ ပွင့် (၁၀ မိနစ်ခန့် ရေစိမ်၊ ရေဆေးပြီး နုတ်နုတ်စင်းထားပါ)
  • ကော်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • မုန်လာဥနီအသေး ၁ လုံး (ရေဆေးပြီး အတုံးသေးသေးလေးများပြုလုပ်ထားပါ)
  • ပဲသီးစိမ်းလုံး စည်သွပ်ဘူးတစ်ဘူး (သို့) တစ်အိတ် (လိုသလောက်သာ အသုံးပြုပါမယ်)
  • ငရုတ်ကောင်း လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း
  • နှမ်းဆီ ထမင်းစားဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ ဇွန်း
  • ဖက်ထုပ်ရွက် ၁ ထုပ် (ဆိုင်လက်ရာကြက်သားပေါင်းပြုလုပ်မှာဖြစ်တဲ့အတွက် ဖက်ထုပ်ရွက်ကို လေးထောင့်မသုံးဘဲအဝိုင်းသုံးမှာဖြစ်ပါတယ်။ ဒါကြောင့် ဖက်ထုပ်ရွက်တွေကိုသင့်တော်တဲ့ ဘူးအဖုံးတစ်ခုသုံးပြီး အဝိုင်းပုံရလာအောင် ဖိကာဖြတ်ထုတ်ပစ်လိုက်ပါ။)
  • ရေ ၄ ခွက် (၂၀၀၀ မီလီမီတာ) (ရေနွေးတည်ရန်)

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ဇလုံတစ်လုံးထဲမှာ ကြက်သား၊ပုစွန်၊ဆား၊သကြား၊ငရုတ်ကောင်း၊ခရုဆီ၊ပဲငံပြာရည်၊ နှမ်းဆီ၊ ခနောကြက်သားမှုန့်တို့ကိုရောနယ်ပေးပါ။ သမအောင်နယ်ပြီးသွားရင် မှိုခြောက်တွေထည့်နယ်ပါ။ ပြီးရင်တော့ ကော်မှုန့်ထည့်နယ်ပေးပါ။

  2. အဆာပြုလုပ်ပြီးပြီဆိုရင်တော့ ဖက်ထုပ်ရွက်ကိုယူကာအဆာထည့်ပါ။ သင့်တော်ရုံထည့်ပြီးတဲ့အခါ လက်ညှိုးနဲ့လက်မကြားမှာထားပြီး ဖြည်းဖြည်းဖိညှပ်လိုက်ရုံပါပဲ။ ထုပ်နည်းကအရမ်းကိုလွယ်ပါတယ်နော်။

  3. အားလုံးထုပ်ပြီးသွားပြီဆိုရင်တော့ တစ်ခုချင်းစီအပေါ်ကနေ မုန်လာဥနီနဲ့ပဲစိမ်းလုံးလေး တင်ပေးပြီး ရေနွေးဆူဆူပေါ်မှာ ဆန်ကာခံပြီးပေါင်းပေးပါ။ ၅ မိနစ်ခန့်ပေါင်းပြီးပြီဆိုရင်တော့ အရသာရှိတဲ့ကြက်သားပေါင်းလေးကို ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီနော်။

    Credit: https://www.howtocook.com.mm