Knowledge and News

ရာသီဥတုပူပြင်းတဲ့အခါမျိုးမှာ ဂတ်စ် မီးဖို အသုံးပြုသူတွေသိသင့်သည့်အချက်များ

Knowledge

ယနေ့အချိန်အခါမှာ မြန်မာပြည် အရပ်ရပ်ရှိ နေအိမ်များ၊ တိုက် ခန်းများ၊စားသောက်ဆိုင်တွေမှာ ဂတ်စ်မီးဖိုကို တွင်ကျယ်စွာ အသုံးပြုလာကြတယ်။

ဂတ်စ်မီးဖိုကို လုံခြုံစိတ်ချစွာ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် သတိထားသင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

 

၁။ အိုးအထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း/မကောင်း အမြဲစစ်ဆေးရပါမယ်။

အိုးအထွက် valve ကို ပိတ်တဲ့အခါမှာ ထုရိုက်ပြီး ပိတ်မျိုးတွေမလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ ဆောင့်ချတာ၊ ပစ်ချတာ၊ တလိမ့်တုံးလို လှိမ့်တာတွေ မလုပ်ရပါဘူး။

အိုးအထွက် valve ကို pressure regulator valve နဲ့ လှည့်တပ်တဲ့အခါ အိုးအထွက် valve အမခေါင်း အရစ်က ဘယ်ရစ် ဖြစ်သလို pressure regulator valve အဖိုခေါင်းကလဲ ဘယ်ရစ်ပဲ ဖြစ်ပါတယ်။

pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။

အဲ့ rubber seal ပြတ်နေရင် ပဲ့နေရင် မကောင်းရင် pressure regulator valve ကိုဆက်မသုံးသင့်ပါဘူး။

အိုးအထွက် valve နဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲဆီ လုံးဝသုတ်လိမ်းခြင်း မပြုလုပ်ရပါ။

၂။ Pressure regulator valve ကို အတွင်းမှာ diaphragm ၊ spring တို့နဲ့ ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်က ဘုလုံးလေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။

ဒါ့ကြောင့် အဲ့ ဘုလုံး (knob) လေးဟာ တွန်းလို့ ဖိလို့ ရ ရပါမယ်။

ဘုလုံးလေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာ ဖြစ်ပါတယ်။ ဒီလိုညအလုပ်မလုပ်ရင် pressure regulator valve အသစ်လဲဖို့ လိုပါတယ်။

 

၃။ ပိုက်လိုင်း ကောင်း/ မကောင်း အခါအားလျော်စွာ စစ်ဆေးရမှာ ဖြစ်ပါတယ်။

အလွယ်တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းကတော့ Gas အိုးအထွက် valve နဲ့ pressure regulator valve ဖွင့်ထားချိန် (ဘုလုံး (knob) လေးကို ဖိပြီး ဖွင့်ထားပြီးတဲ့အခါ) ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင် မွေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက် ဖြစ်စေ ၊Gas ယိုစိမ့်နေတယ်လို့ သံသယရှိတဲ့ နေရာကို ဖြစ်စေ၊ ပိုက်ဆက်တွေကို ဖြစ်စေ သုတ်ကြည့်ရင် ဘူစီပေါင်းလေးတွေ ထလာတဲ့နေရာမှာ Gas ယိုစိမ့်နေပါတယ်။

ပိုက်လိုင်းတလျောက် ပူစီပေါင်းလေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်း ကောင်းတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

အကောင်းဆုံး နည်းလမ်းကတော့ အိုးနဲ့မီးဖိုက ပိုက်ဆက်ကို ဖြုတ်ပြီး တဖက်ကပိတ် ၊ အခြားတဖက်ကနေ စက်ဘီးလေထိုးတံနဲ့ ထိုး၊ ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲ နှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာ တွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။

ဒါဆိုရင်တော့ ဒီပိုက်ကို အသစ်လဲဖို့လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့် မာသွားရင် အသစ်လဲပေးဖို့ လိုပါတယ်။

၄။ ထို့အတူ မီးဖိုမှာ ကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့ အညစ်အကြေးများ ၊အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်သလို မီးဖိုက ဓါတ်ငွေ့ ထွက်ပေါက်များကိုလဲ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

၅။ Gas ယိုစိမ့်ရင် အနံ့ရပါတယ်။ Gas အနံ့က အလွန်အနံ့ပြင်းပြီး သိသာ ထင်ရှားလှပါတယ်။

Gas ယိုစိမ့်နေတယ်လို့ သံသယရှိနေရင် လျှပ်စစ် မီးခလုပ်တောင် မဖွင့်သင့်ပါ။

Gas ယိုစိမ့်နေကြောင်း သံသယရှိပါက မီးဖိုက switch valve ကို အရင်ပိတ်ပါ။

ပြီးရင် အိုးအထွက် valve ကို ပိတ်ပြီး Gas ယိုစိမ့်မှုကို သေချာစွာ စစ်ဆေးရမှာဖြစ်ပါတယ်။

ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်းလက်ကျန်သာ ယိုစိမ့်နိုင်မှာ ဖြစ်သလို Gas ယိုစိမ့်မှုကိုလဲ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Gas ယိုစိမ့်မှု မစစ်ဆေးပဲ လုံးဝ အသုံးမပြုသင့်ပါဘူး။

 

၆။ ချက်ပြုတ်တဲ့အခါ တံခါးများ ဖွင့်ထားခြင်း၊ လေဝင်လေထွက် ကောင်းမွန်အောင် လေမှုတ်စက်များ၊ အပူငွေ့နှင့် မီးခိုးထုတ်စက်များ ဖွင့်ထားခြင်းတွေလဲ ပြုလုပ်သင့်ပါတယ်။

၇။ ရေနံဓါတ်ငွေ့ရည် (LPG) ဟာ လေထက် လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ ရှိနေတတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ် မီးခလုပ်တွေ၊ extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ရှုပ်ထွေး မနေသင့်ပါဘူး။ ရှင်းလင်းနေရမှာ ဖြစ်ပါတယ်။

၈။ Gas အိုးနားမှာ အခြားမီးဖိုများ ရှိမနေသင့်ပါ။ Gas အိုးကို နေရောင် တိုက်ရိုက်ထိတွေ့ခြင်းများ၊ အပူချိန် မြင့်မားတဲ့ နေရာများ၊ Gas အိုးအနီးသို့ လွယ်လွယ်ကူကူ သွားလာလို့ မရတဲ့ နေရာတွေမှာ မထားသင့်ပါ။

နွေရာသီလို ပူပြင်းတဲ့ ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မဟုတ်) စောင်ကဲ့သို့ အဝတ်စ ထူထူကို ရေစွတ်ပြီး အုပ်ထားသင့်ပါတယ်။

၉။ ချက်ပြုတ်ပြီးတဲ့အခါမှာ အိုးအထွက် valve ကို ဦးစွာပိတ်ပြီး မီးဖိုပေါ်က မီးငြိမ်းသွားတော့မှ မီးဖိုမှ switch valve ကို ပိတ်ပါ။

သို့မှသာ ပိုက်လိုင်းထဲမှာ Gas များ ကျန်ရှိမနေမှာ ဖြစ်ပါတယ်။

၁၀။ Gas အိုးနဲ့ မီးဖိုရှိတဲ့နေရာဟာ လေဝင်လေထွက် ကောင်းဖို့ အလွန်အရေးကြီးပါတယ်။

(အကယ်၍ Gas ယိုစိမ့်သည် ရှိသော်) စုပ်ထုတ်နိုင်ရန် exhaust fans များလဲ တပ်ဆင်ထားသင့်ပါတယ်။ Gas အိုးနဲ့ မီးဖိုကို ကလေးများလက်လှမ်းမှီနိုင်တဲ့ နေရာမှာ မထားဖို့လဲ ဂရုပြုသင့်ပါတယ်။

၁၁။ ပိန်ရှုံနေတဲ့ အိုးများ၊ သံချေးကိုက်နေတဲ့ အိုးများ၊ အထွက် valve မကောင်းတဲ့အိုးများကို မသုံးသင့်ပါ။

 

၁၂။ မီးဖိုအနီးနားမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်)အမြှုပ် မီးသတ်ဆေးဗူး ဆောင်ထားသင့်ပါတယ်။ အကယ်၍ပိုက်လိုင်း အနီးအနားမှာ မီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူ အဝတ်စမျိုးကို ရေစွတ်ပြီး မီးလောင်တဲ့ နေရာပေါ်ကို ပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။

၁၃။ မီးဖိုနဲ့ ပါတ်သက်ပြီး သံသယ တခုခုရှိရင် နားလည် တတ်ကျွမ်းသူများနဲ့သာ ခေါ်ယူ ဆွေးနွေးပါ။