Knowledge and News

လူတွေမသိသေးတဲ့ ခြသတ္တဝါတွေရဲ့ ထူးခြားချက်များ

Knowledge

လူတွေကို တမြေ့မြေ့နဲ့ ဒုက္ခပေးတဲ့ သတ္တဝါတွေထဲမှာ ခြဆိုတဲ့ သတ္တဝါလည်းပါပါတယ်။

ခြတွေကြောင့် အိမ်တွေ၊ အဖိုးတန် ပရိဘောဂ ပစ္စည်းတွေ၊ အရေးကြီး စာရွက်စာတမ်းတွေ ပျက်စီးသွားရတာတွေကြုံဖူးကြမှာပါ။

ဒါကြောင့် ခြဟူသမျှ အမုန်း ခံကြရပါတယ်။ ဒါပေမဲ့ ခြနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်အလက်တွေ အများကြီး ရှိပါတယ်။

အဖျက်အမှောင့်ပိုးမွှားလို့ လူတွေ ယူဆထားတဲ့ ခြမှာ သဘာဝ ပတ်ဝန်းကျင်ကြီးကို ကောင်းကျိုးပြုတဲ့ အချက်တွေလည်း ရှိနေပြန်ပါတယ်။

ဒါကြောင့် ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေကို လေ့လာ ကြည့်လိုက်ကြရအောင်ပါ။

 

“ခြတွေဟာ တစ်စက်ကလေးမှ မအိပ်ဘဲ အလုပ်လုပ်ကြပါတယ်”

ခြ တွေဟာ အသက်ရှိနေတဲ့ ကာလပတ်လုံး တစ်စက်ကလေးမှမအိပ်ဘဲ တရစပ် အလုပ်လုပ်နိုင်စွမ်း ရှိပါတယ်။ လူသားတွေ အမုန်းကြီး မုန်းကြတဲ့ခြဆိုတဲ့ သတ္တဝါတွေဟာ အင်မတန်ကို အလုပ်ကြိုးစားပြီး တစ်စက်ကလေးမှ အအား မနေတတ်ကြတဲ့ သတ္တဝါတွေ ဖြစ်နေပါတယ်။

သူတို့ဟာ တစ်ပတ်မှာ ခုနစ်ရက်လုံး၊ တစ်ရက်မှာ ၂၄ နာရီလုံး တရစပ် အလုပ်လုပ်ပါတယ်။

သူတို့ရဲ့ အလုပ်တွေကတော့ လိုဏ်ခေါင်းသေးသေးလေးတွေ လုပ်တာ၊ တွင်းတွေ ဖောက်တာ၊ အိမ်ဆောက်တာ စတာတွေပါပဲ။ ခြတွေမှာ အများစုက ခြလုပ်သားတွေဖြစ်ပြီး သူတို့သက်တမ်းက တစ်နှစ်၊ နှစ်နှစ် ရှိပါတယ်။ အဲဒီ တစ်နှစ်၊ နှစ်နှစ်လုံး လုံးဝ မအိပ်ဘဲ အလုပ်ချည်းပဲ ဆက်တိုက် မနားမနေ လုပ်ကြပါတယ်။

“ကမ္ဘာပေါ်မှာ ခြတွေပေါ်လာတာ ဒိုင်နိုဆောထက်တောင် စောပါတယ်”

ခြအများစုရဲ့သက်တမ်းက တစ်နှစ်၊ နှစ်နှစ်ပဲ ဆိုပေမယ့် သူတို့ ပေါ်နေတာ ဟိုးရှေးပဝေသဏီကတည်းကပါ။ သူတို့တွေ ပေါ်နေတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ မြင်သာအောင် ပြောရရင် ဒိုင်နိုဆောတွေထက်တောင် စောပါတယ်။

ဒိုင်နိုဆောတွေ ပေါ်တာ နှစ် သန်းပေါင်း ၂၃၀ လောက်က ဖြစ်ပြီး ခြတွေပေါ်တာကတော့ နှစ် သန်းပေါင်း (၂၅ဝ)လောက်က ဖြစ်ပါတယ်။

“ခြစစ်သားတွေနဲ့ ခြလုပ်သားတွေဟာ မျက်စိ မမြင်ရပါဘူး”

ခြမှာ ခြဘုရင် နဲ့ ခြဘုရင်မ၊ ခြစစ်သားနဲ့ ခြလုပ်သား ဆိုပြီး သုံးမျိုး ရှိပါတယ်။ ခြဘုရင်နဲ့ ခြဘုရင်မက အတောင်ပံတွေ ရှိပြီး မျက်စိလည်း မြင်ရပေမယ့် ကျန်တဲ့ခြတွေကတော့ မွေးကတည်းက အတောင်ပံမပါသလို မျက်စိလည်း မမြင်ရပါဘူး။

ဒါပေမဲ့ အမြင်အာရုံ မရှိလည်း သူတို့ကကောင်းကောင်းကြီး အလုပ်လုပ်နိုင်ပါတယ်။ သူတို့တွေက မှောင်မိုက် စိုစွတ်တဲ့နေရာတွေမှာချည်းပဲ တစ်သက်လုံး နေနေရတာဆိုတော့ မမြင်ရလည်း ကိစ္စ မရှိဘူးပေါ့။

သူတို့တွေက ဖရိုမုန်းစ်( Pheromones ) လို့ ခေါ်တဲ့ အထူးဓာတု အနံ့တစ်မျိုးနဲ့ တစ်ကောင်နဲ့ တစ်ကောင် ဆက်သွယ်ကြပါတယ်။ သူတို့ရင်ဘတ်မှာ အထူး ဂလန်း (glands) တွေ ရှိပြီး သူတို့သွားရာ လမ်းတစ်လျှောက်မှာအဲဒီကနေ အနံ့လမ်းကြောင်း ချန်ထားခဲ့ပြီး နောက်က အကောင်တွေက အဲဒီ အနံ့အတိုင်း လိုက်လာကြတာပါ။

“ခြဘုရင်မဟာ တစ်နှစ်ကို ဥပေါင်းသန်းပေါင်းများစွာ ဥနိုင်ပါတယ်”

ခြအသိုက်အမြုံကြီးတွေကို ခြဘုရင်နဲ့ ခြဘုရင်မက တည်ထောင်တာပါ။ခြအသိုက်အမြုံကြီးမှာ မျိုးပွားနိုင်စွမ်း ရှိတာဆိုလို့ သူတို့ နှစ်ကောင်ပဲ ရှိပါတယ်။

ခြဘုရင်မဟာ တစ်နှစ်ကို ဥပေါင်း သန်းပေါင်းများစွာ ဥနိုင်တဲ့အတွက် ခြအသိုက် အမြုံတစ်ခုမှာ ဘုရင်နဲ့ ဘုရင်မ တစ်တွဲပဲ ရှိတယ် ဆိုရင်တောင် လုံလောက်နေပါပြီ။

ခြဘုရင်မဟာ တစ်နေ့တည်းမှာတင် ဥပေါင်း (၃ဝဝဝဝ) အထိ ဥနိုင်တယ်လေ။ဒါပေမဲ့ ဥတိုင်းတော့ အဖတ် မတင်ဘူးပေါ့။ မဟုတ်ရင် တစ်ကမ္ဘာလုံးမှာ ခြတွေချည်းပဲ ဖြစ်နေတော့မှာပါ။ ပြီးတော့

အကောင်သေးသေး ပိုးမွှားလေးသာ ဖြစ်နေပေမယ့်ခြဘုရင်မရဲ့ သက်တမ်းဟာ ဆယ်နှစ် ကောင်းကောင်း ကျော်ပါသတဲ့။

ခြဘုရင်မတွေဟာ မိတ်လိုက်ပြီးတာနဲ့ ဥဥဖို့ချည်းပဲ အဓိက လုပ်ပါတော့တယ်။ ဘုရင်မဟာ သီးသန့်အခန်းထဲမှာ နေပြီး မွေးကင်းစ သားလောင်းလေးတွေကို စောင့်ရှောက်တယ်၊ မိတ်လိုက်တယ်၊ ဥဥပါတယ်။ ခြဘုရင်နဲ့ ခြဘုရင်မဟာ ဖရိုမုန်းစ်( Pheromones ) ဓာတ်တွေလည်းထုတ်လွှတ်ပါတယ်။

သူတို့က သားလောင်းလေးတွေကို ဖရိုမုန်းစ်ဓာတ်ပါတဲ့ သူတို့ မစင်တွေ ကျွေးပါတယ်။ ခြသားလောင်းတွေထဲမှာ ဘယ်လောက်များများက ခြစစ်သား ဖြစ်မယ်၊ ဘယ်လောက်က ခြလုပ်သား ဖြစ်မယ်၊ ဘယ်လောက်က ခြဘုရင်လောင်း၊ ခြဘုရင်မလောင်း ဖြစ်မယ် ဆိုတာတွေကို ဖရိုမုန်းစ်ဓာတ်က ဆုံးဖြတ်ပေးတာပါ။

“ခြကို စားလို့ရပါတယ်”

ဟုတ်ပါတယ်။ ခြတွေက စားလို့ ရပါတယ်။ တချို့လူတွေက ဖျားနာတာသက်သာလာအောင် ဖြစ်ဖြစ်၊ အာဟာရအ တွက်ပဲ ဖြစ်ဖြစ် ခြတွေကို စားပါတယ်။ စင်ကာပူမှာ ဆိုရင် ခြဘုရင်မတွေကို ရှားပါး စားကောင်း သောက်ဖွယ်လို့ သတ် မှတ်ထားကြပါတယ်။

သူတို့က ခြတွေကို အစိမ်းလိုက်လည်း စားသလို၊ ဆန်အရက်ထဲမှာ ဖြစ်ဖြစ်၊ ရိုးရိုး အရက်ထဲမှာ ဖြစ်ဖြစ် စိမ်ထားပြီး စားပါတယ်။ အမေဇုန်တောထဲက တချို့လူတွေဆိုရင် ချောင်းဆိုးပျောက်အောင် ဆိုပြီး ခြစွပ်ပြုတ် လုပ်စားပါတယ်။

“ခြနဲ့ ပုရွက်ဆိတ်ဟာ မဟာ ရန်သူကြီးတွေပါ”

ပုရွက်ဆိတ်ဟာ ခြကို စားတဲ့အတွက် ခြရဲ့ မဟာ ရန်သူကြီး ဖြစ်ပါသတဲ့။ဒါကြောင့် တချို့ ပိုးမွှားနှိမ်နင်းရေး ကုမ္ပဏီတွေဟာ ခြ နှိမ်နင်းတဲ့နေရာမှာ ခြရဲ့ သဘာဝရန်သူကြီးဖြစ်တဲ့ ပုရွက်ဆိတ်ကို အသုံးချပါသတဲ့။

ဒါကြောင့် ကိုယ့်ခြံထဲမှာ ပုရွတ်ဆိတ်အိမ်ကြီး တွေ့တယ် ဆိုရင် ခြအိမ်ကြီး တွေ့ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။ ခြကြောင့် ဒုက္ခများနေရတယ် ဆိုရင် ပုရွက်ဆိတ်တွေကို အိမ်ထဲ ဖိတ်ခေါ်ကြည့်လိုက်ပါ။

ဒါပေမဲ့ ပုရွက်ဆိတ်တွေ သိပ်များလွန်းသွားရင်လည်း ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားနိုင်တယ်။

“ခြက သဘာဝ ပတ်ဝန်းကျင်ကြီးအတွက် အရမ်းကိုမှ အရေးကြီးပါတယ်”

အိမ်မှာ ခြတက်နေရင်သာ သိပ်စိတ်ညစ်ဖို့ကောင်းပေမယ့် တကယ်တော့ ခြဟာ ဂေဟ စနစ်ကြီးအတွက် အရမ်းကိုမှ အရေးကြီးပါတယ်။ သူတို့က သစ်သားတွေကို စားသောက် ဖျက်ဆီးပစ်တတ်သလို

မြန်မြန် မပျက်စီးလွယ်တဲ့ အရာဝတ္ထုတွေကိုလည်း အမြန် ဆွေးမြေ့ ပျက်စီးသွားအောင် လုပ်ပေးပါတယ်။ သဘာဝ တောရိုင်းထဲမှာ အကြောင်း အမျိုးမျိုးကြောင့် လဲကျသွားတဲ့ သစ်ပင်ကြီးတွေကို သူတို့က စားပစ်လိုက်တော့ မြန်မြန် ဆွေးမြေ့ပျက်စီးသွားပြီး မြေသြဇာ ဖြစ်သွားပါတယ်။

ဒါကြောင့် သစ်တောကြီးတွေကို စိမ်းလန်းစိုပြေ ကြီးထွားအောင် လုပ်ပေးနေတဲ့ အင်းဆက် ပိုးမွှားတွေထဲမှာ ခြတွေလည်း ပါနေတာပါ။ ပြီးတော့ သူတို့တွေ တွင်းတူးလိုက်၊ လိုဏ်ခေါင်းလေးတွေဖောက်လိုက် လုပ်နေတော့ ဒါဟာလည်း မြေကြီးကို မွနေစေပြီး အပင်တွေအတွက် ကောင်းပါတယ်။

ခြတွေသာ လူနေအိမ်ထဲ ဝင်မလာဘဲ သူ့ဘာသာသူ အပြင်ဘက်မှာ၊ တောရိုင်းသဘာဝထဲမှာ နေမယ်ဆိုရင် သူတို့ဟာ အင်မတန် ကောင်းကျိုးပေးတဲ့ သတ္တဝါဖြစ်ကြောင်း မျှဝေပေးလိုက်ရပါတယ်။