Knowledge and News

ကာကွယ်ဆေးထိုးတာ မှားလား?

Health

ကာကွယ်ဆေးဆိုတာ ကလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ လိုအပ်ချက်တွေထဲက တစ်ခုပါပဲ။ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေဟာ ရောဂါပိုးတွေ ဝင်လွယ်တယ်ဆိုပေမယ့် ခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရောဂါတော်တော်များများကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရနေပါပြီ။ ဒါပေမယ့် ဒီလို အလွယ်တကူထိုးလို့ ရတဲ့ ကာကွယ်ဆေးတွေကို ကလေးတိုင်း ထိုးခွင့် မရတာဟာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီယုံတမ်းစကားတွေကြောင့် မိဘတွေက ကာကွယ်ဆေးထိုးပေးရမှာ ကြောက်တာကြောင့် ကလေးတွေဟာ ကာကွယ်ဆေး အပြည့်အဝမရဘဲ ပြင်းထန်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါလျက်နဲ့ အသက်အန္တရာယ်ထိခိုက်ကုန်ကြပါတယ်။

ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ခေတ်အဆက်ဆက်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကတော့ ရှိမြဲပါပဲ။ ဒီယုံတမ်းစကားတွေကို တတ်သိပညာရှင်တွေက ဘယ်လိုပဲ ဖြေရှင်းပေးနေပေမယ့် ခုထက်ထိ ကာကွယ်ဆေးထိုးရမှာ ကြောက်လို့ ကာကွယ်ဆေး မထိုးပေးတဲ့ မိဘတွေ၊ ကာကွယ်ဆေး အပြည့်မရတဲ့ ကလေးငယ်တွေ ရှိနေတုန်းပါပဲ။ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကတော့

  • ဝက်သက်ကာကွယ်ဆေးတွေက အော်တစ်ဇင်ဖြစ်စေတယ်။

သိပ်မကြာသေးခင်ကာလကပဲ ဒီယုံတမ်းစကားကြောင့် ကလေးတော်တော်များများ ကာကွယ်ဆေးလွတ်ပြီး ဝက်သက်ဖြစ်တဲ့ ကလေးတွေ များလာခဲ့ပါတယ်။ ဝက်သက်၊ ပါးချိတ်ရောင်။ ဂျိုက်သိုးလို့ ခေါ်တဲ့ MMRကာကွယ်ဆေးထိုးထားတဲ့ ကလေးတွေက အော်တစ်စင် ဆိုတဲ့ ကလေး အသိဉာဏ်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတစ်ခုဖြစ်စေနိုင်တယ် အယူအဆကြောင့် မိဘတော်တော်များများက ကာကွယ်ဆေး မထိုးပေးတော့ပါဘူး။ တကယ့်လက်တွေ့မှာတော့ တစ်ကမ္ဘာလုံးက ပညာရှင် အများစုက လေ့လာချက်တွေ အများကြီး လုပ်ပြီးတဲ့အခါ အားလုံးက တညီတညွတ်တည်းပဲ ဝက်သက်ကာကွယ်ဆေးနဲ့ အော်တစ်စင်ရောဂါ ဆက်စပ်မှု မရှိဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

  • ကာကွယ်ဆေးတွေမှာပါတဲ့ Thimerosal က အော်တစ်စင် ဖြစ်စေနိုင်တယ်။

Thimerosal ဆိုတာ မာကျူရီပါတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေး ဖော်စပ်ပုံမှာ အနည်းငယ်ပါဝင်ပါတယ်။ ဒါပေမယ့် လူထိခိုက်နိုင်လောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ ဒါကြောင့်လည်း တစ်နှစ် တစ်နှစ် လူသန်းနဲ့ ချီပြီး ကာကွယ်ဆေးတွေ ထိုးလို့ရနေတာပါ။ ဒါနဲ့ ပတ်သက်ပြီးလည်း ဒီဒြပ်ပေါင်းက ဦးနှောက်နဲ့ အာရုံကြောထိခိုက်မှုဖြစ်စေတယ်၊ အော်တစ်စင်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းကို လေ့လာကြည့်လိုက်တဲ့အခါမှာ ဒီနှစ်ခုက သက်ဆိုင်မှု မရှိတာကို တွေ့ရပါတယ်။

Thimerosal က ပြိုကွဲတဲ့အခါ ethylmercury ဖြစ်သွားပါတယ်။ ဒီမာကျူရီအမျိုးအစားက လူတွေသိထားတဲ့ အဆိပ်သင့်စေတဲ့ အမျိုးအစားမဟုတ်ပါဘူး။ ခဏလေးပဲ ခံတဲ့အပြင် ခန္ဓာကိုယ်ထဲမှာလည်း အကြာကြီး မနေပါဘူး။ ခုဆိုရင် ဒီထက်ကောင်းတဲ့ ပစ္စည်းတွေ ပေါ်လာတာကြောင့် ၂၀၀၁တည်းက ကာကွယ်ဆေးတော်တော်များများမှာ ဒီဓာတ် မပါဝင်တော့ပါဘူး။

  • ကာကွယ်ဆေးတွေ အများကြီးထိုးရင် ခုခံအားကျလာမယ်။

ကလေးအသက်ပေါ်လိုက်ပြီး တစ်ခါတည်းနဲ့ ကာကွယ်ဆေး နှစ်ချောင်း၊ သုံးချောင်း ထိုးရတာတွေ ရှိပါတယ်။ တချို့ကာကွယ်ဆေးတွေဆို တစ်ခါတည်း ၅မျိုးစပ်၊ ၆မျိုးစပ်ဆိုပြီး လာပါတယ်။ ဒီလို ကာကွယ်ဆေးတွေကို တစ်ခါတည်း အများကြီးထိုးရင် ကလေးက ခုခံအားကျတတ်တယ်လို့ ပြောကြပါတယ်။

တကယ့်လက်တွေ့မှာတော့ ကလေးရဲ့ ကိုယ်ခံအားက ဝင်လာတဲ့ ပိုးတွေကို ပြန်ပြီး တုံ့ပြန်နိုင်ဖို့ စီစဉ်ထားပြီးသားပါ။ ဒါသူ့ရဲ့ မွေးရာပါဗီဇပါပဲ။ ဒါ့ပြင် ကာကွယ်ဆေးဆိုတာ ပိုးအခွံတွေ၊ အားမရှိတော့တဲ့ ပိုးတွေကို ထည့်ထားတာပါ။ ကလေးရဲ့ ခုခံအားက ပိုးကောင်ကို မှတ်မိပြီး ပြန်တိုက်နိုင်ရုံ ထည့်ထားတာပါ။ ဒါကြောင့် ကလေးရဲ့ ခုခံအားကို ဥပါဒ်မဖြစ်စေပါဘူး။ ဥပါဒ်မဖြစ်တဲ့အပြင် ခုခံအားကို လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် ပြင်းပြင်းထန်ထန် ခုခံအား ကျနေတဲ့ ကလေးတွေက လွဲရင် ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ပြင်းပြင်းထန်ထန် ခုခံအားကျနေရင်တောင် ခုခံအား ပြန်တက်လာတဲ့အခါ ထိုးလို့ရပါတယ်။ ခုခံအားကျတတ်တဲ့ ကလေးတွေဟာ သူများထက် ရောဂါပိုးဝင်လွယ်တာကြောင့် သူတို့က ပိုတောင်ကာကွယ်ဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးတွေက အန္တရာယ်ကင်းသလား။

ကာကွယ်ဆေးတစ်ခုရဖို့ဆို နှစ်တွေအကြာကြီး စောင့်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ စိတ်ချရအောင် အခေါက်ခေါက် အခါခါ စမ်းသပ်ရလို့ပါ။ အပရိက နာမကျန်းမှုတွေ ဖြစ်တတ်ပေမယ့် ကလေးတွေ ထိခိုက်နစ်နာလောက်တဲ့အထိ မဖြစ်တတ်ပါဘူး။ ဒါကြောင့်လည်း တစ်နှစ် တစ်နှစ် ကလေးတွေ သန်းနဲ့ချီပြီး ကာကွယ်ဆေး ထိုးပေးနေတာပါ။ ထိုးထားတဲ့ကလေးတွေလည်း ရောဂါကာကွယ်ပြီး ကျန်းကျန်းမာမာ ကြီးပြင်းလာတာပါ။ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာက ဖြစ်ခဲတဲ့ ပြဿနာတစ်ခုပါ။ ဒါပေမယ့် ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်ဖူးမယ်ဆိုရင် ဆေးမထိုးခင်မှာ ဆရာဝန်နဲ့ အရင်ဆွေးနွေးသင့်ပါတယ်။

ကာကွယ်ဆေးကြောင့် ဖြစ်တတ်တဲ့ အပရိက နာမကျန်းမှုများ

ကာကွယ်ဆေးကြောင့် ဖြစ်တတ်တဲ့ သာမန်ဆိုးကျိုးလေးတွေကတော့

  • ဘီစီဂျီ- ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၁၀၀%)။ ဒါကြောင့် ဘီစီဂျီထိုးတဲ့ ကလေးတွေ ဆေးအောင်တယ်ဆိုရင် ဆေးထိုးတဲ့နေရာမှာ အမာရွတ်ကျန်ခဲ့တယ်။ တချို့ကလည်း ချက်ချင်းအမာရွတ်ထွက်သလို၊ တချို့ကလည်း ၁လ ၂လကြာတတ်လို့ မေမေတို့ စိတ်မပူကြပါနဲ့နော်။
  • အသည်းရောင်အသားဝါဘီ- ဖျားခြင်း (၁-၆%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅%)
  • ခြောက်မျိုးစပ်- ဖျားခြင်း (၅၀%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅၀%)၊ မအီမသာဖြစ်ခြင်း (၆၀%)
  • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး- ဖျားခြင်း (၁၀%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅%)၊ အရေပြားတွင် အနီစက်ထွက်ခြင်း (၅%)
  • ဂျပန်ဦးနှောက်ရောင်- ဖျားခြင်း (၅-၂၀%)၊ ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း (၅-၁၀%)၊ အဆစ်ကိုက်ခြင်း (၃၀%)၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ကာကွယ်ဆေးထိုးသောနေရာတွင်နာကျင်ခြင်း၊ နီမြန်ရောင်ရမ်းခြင်း (၁၀% နဲ့အထက်)

ဒီလိုဖြစ်လာခဲ့ရင် မေမေတို့ မလန့်ပါနဲ့။ ဒါတွေက ဖြစ်တတ်ပါတယ်။ ကလေးတိုင်းလည်း မဖြစ်ပါဘူး။ တချို့ကလေးတွေပဲ ဖြစ်တာပါ။ ကာကွယ်ဆေးထိုးတဲ့ အခေါက်တိုင်းလည်း မဖြစ်တတ်ပါဘူး။ ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်းဆိုတာကလည်း ခပ်ရှားရှားပါ။

  • ဖျားရင် အရည်များများတိုက်ပါ။ အေးတဲ့ အဝတ်အစားလေး ဝတ်ပေးပါ။ ရေပတ်တိုက်ပေးပါ။ ပါရာစီတမော တိုက်ပါ။
  • ဆေးထိုးတဲ့နေရာမှာ နာရင်၊ ရောင်ရင် သန့်ရှင်းသော ရေအေးပတ်ဖြင့်အုပ်ပါ။ ပါရာစီတမော တိုက်ပါ။
  • တခြားလက္ခဏာတွေကတော့ ၁ရက် ၂ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။
  • လက္ခဏာပြင်းထန်ရင် ဒါမှမဟုတ် အချိန်ကြာတဲ့အထိမပျောက်ရင် ဆရာဝန်နဲ့ ပြသပါ။

ဒီသာမန်ဆိုးကျိုးလေးတွေနဲ့ ယှဉ်ရင် ရောဂါကာကွယ်နိုင်စွမ်းက အင်မတန်မှ ကြီးမားလွန်းတဲ့ အတွက် ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။ ဒီဆိုးကျိုးလေးတွေက တစ်ရက် နှစ်ရက်ဆို ပျောက်ပါပြီ။

ကာကွယ်ဆေးမထိုးထားမိလို့ ရောဂါဝင်လာရင်တော့ ကလေးအတွက် အများကြီး ထိခိုက်နစ်နာ သွားမှာပါ။ ဒါကြောင့် မေမေတို့အနေနဲ့ ယုံတမ်းစကားတွေကို နားမယောင်ဘဲ တတ်သိပညာရှင်တွေရဲ့ လမ်းညွှန်ချက်ကို လက်ခံပြီး ကလေးတွေကို ကာကွယ်ဆေး အပြည့်အဝ ထိုးပေးဖို့  အကြံပေးလိုပါတယ်။

Credit: www.hellosayarwon.com