Knowledge and News

ရွှေတိဂုံဘုရားအားစောင့်ရှောက်သော နတ်နှင့်ဘီလူးများအကြောင်း

Knowledge

ရွှေတိဂုံဘုရားသည် ဘုရား(၄)ဆူတို့၏ ဓာတ်တော်၊ မွေတော်များ ရှိပြီး လွန်စွာ တန်ခိုးကြီးလှ၏။ ရှေးခေတ်မင်းအဆက်ဆက်တို့ ကိုးကွယ်ခဲ့ကြပြီး အဖိုးမဖြတ်နိူင်သော ဌာပနာများကိုလည်း ထည့်သွင်း ခဲ့ကြလေသည်။

တာဝတိ့သာနတ်ပြည်မှ သိကြားမင်းကိုယ်တိုင် ဦးစီးကာ နတ်အပေါင်းတို့ကို ရွှေတိဂုံဘုရားအား စောင့်ရှောက်စေရန် တာဝန် ပေးအပ်ထားလေသည်။

တာဝန်ပေးအပ်ထားသော နတ်များမှာ တာဝတိ့သာနတ်ပြည်မှ နတ်သား (၅)ပါးနှင့် စတုမဟာရာဇ်နတ်ပြည်မှ ဘီလူးအနွယ်ဝင် နတ်ဘီလူး (၁၆)ပါးတို့ကို တာဝန် ပေးအပ်ထားလေသည်။

တာဝတိ့သာမှ နတ်သား (၅)ပါးအား ရွှေတိဂုံ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုဒ်(၄)ခုတွင် နေရာချထား၊ စောင့်ကြပ်စေ၍ ကျန်(၁)ပါးအား ဘုရား၏ စိန်ဖူးတော်ထိပ်တွင် စောင့်ရှောက် စေလေ၏။

စိန်ဖူးတော်၏ ထိပ်တွင် စောင့်ရသောနတ်သည် အထက်ကောင်းကင်ယံမှ အညစ်အကြေးများ မကျစေရန်ဖယ်ရှားပေးရသည့်အပြင် စိန်ဖူးတော်နှင့် အဖိုးတန်ရတနာများကို မသမာသူတို့ ကြံစည်၍မရအောင် စောင့်ကြပ် ရလေသည်။ မုဒ်(၄)ခုတွင် စောင့်ကြပ်ရသော နတ်(၄)ပါးသည်ကား မကောင်းမိစ္ဆာများနှင့် လူမိစ္ဆာတို့ ဘုရားအား လာရောက်မနှောက်ယှက်နိူင်ရန် စောင့်ကြပ်ရလေ၏။

ထို့အပြင် သဘာဝဘေးကြောင့် မပျက်စီးအောင်လည်း ကာကွယ် ပေးရလေ၏။

နတ်ဘီလူး (၁၆)ပါးတို့သည်ကား ဘုရား၏ မြေအောက်ရှိ ဘုရားဌာပနာနှင့် မွေတော်၊ ဓာတ်တော်များကို အထူး စောင့်ကြပ်ရလေ၏။

ဘုရားဌာပနာအား ဖောက်ထွင်းရန် ကြံစည်သူတို့သည် ရောဂါအမျိုးမျိုး၊ ဘေးအမျိုးမျိုး၊ လက်နက်အမျိုးမျိုးဖြင့် သေပွဲ ဝင်ကြရလေ၏။

ထိုအပြင် ဘုရားရင်ပြင်ပေါ်ရှိ ဘုရားပိုင်ပစ္စည်းများကိုလည်း စောင့်ရှောက်ရလေ၏။

မြန်မာဘုရင်များလက်ထက်အခါက ပေါ်တူဂီစစ်သားတို့သည့် ရွှေတိဂုံဘုရားပေါ်ရှိ ခေါင်းလောင်းအား လုယူသယ်ဆောင်ကြသော်လည်း ဘုရားအောက်ပိုင်းရှိ မြစ်အတွင်းသို့ ရောက်သောအခါ ရေနစ်ပြီး အသေဆိုးဖြင့် သေကြ ရလေ၏။

ထို့အတူ ဒုတိယ မြန်မာ-အင်္ဂလိပ်စစ်ပွဲ ပြီးခါစတွင် အင်္ဂလိပ်စစ်သားများက ရွှေတိဂုံဘုရားမြေအောက်ရှိ ဘုရားဌာပနာ မှ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားတို့ကို တူးယူရန်အတွက် လူအင်အား အများအပြားသုံးပြီး လှိုင်ခေါင်းများစွာတူး၍ ရှာဖွေကြသော်လည်း မတွေ့ရပဲ အချိန်ကြာမြင့်လာသောအခါ အင်္ဂလိပ်စစ်သားများစွာတို့ အသေဆိုးဖြင့်သေကြရလေသည်။
ထိုအန္တရာယ်မျိုးစုံကြောင့် သိကြားမင်းသည် အလွန်ကြမ်းလှသော နတ်ဘီလူး (၁၆)ပါးကိုသာ တာဝန်ပေးအပ်ကာ စောင့်ရှောက် ထားစေလေသည်။

သိကြားမင်းကြီးကိုယ်တိုင်လည်း သာသနာပြုမင်း ပေါ်သောအခါ ဘုရားထီးတော်တင်သည့်အချိန်တွင် ရွှေတိဂုံဘုရားအား လာရောက် ဖူးမြော်ဦးမည် ဖြစ်လေသည်။

ထိုမင်းအတွက်အား ဆင်ဖြူတော်(၃)စီး ပေးအပ်မည် ဖြစ်လေသည်။ ထို့အတူ နဂါးမင်းများမှလည်း ဆင်ဖြူတော်(၄)စီး ထပ်မံ ဆက်သမည် ဖြစ်လေ၏။

ဘုန်းတော်ကြီးသော ဘုရားရွှေတိဂုံသည် အဖိုးမဖြတ်နိူင်သော ဘုရား(၄)ဆူတို့၏ ဓာတ်တော်၊ မွေတော်များ ရှိခြင်း၊ တန်ဖိုးကြီးမားသော ရတနာများရှိခြင်း၊ လွန်စွာ ကြီးမြတ်ခြင်းတို့ကြောင့် နတ်နှင့် ဘီလူးတို့က အထူး စောင့်ကြပ် နေရလေ၏။

Credit: ဦးမြင့်ခိုင် & #SaiMyoWin