Knowledge and News

ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့

Health, Knowledge

ဇက်ကြောတက်တယ်ဆိုတာ အရင်က အထိုင်များတဲ့အလုပ်လုပ်သူတွေ၊ ကွန်ပျူတာအသုံးများသူတွေမှာသာ ကြားရလေ့ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေပေါလာတာနဲ့အမျှ မဖြစ်ဖူးသူမရှိသလောက်ဖြစ်လာပါပြီ။ တိုးတက်ခေတ်မီလာမှုရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပေါ့လေ။ ဖုန်း သို့မဟုတ် လပ်တော့ကွန်ပျူတာလေးနဲ့ ဖေ့စ်ဘုတ်သုံးနေမယ်၊ ဂိမ်းဆော့နေမယ်၊ ရုပ်ရှင်ကြည့်နေမယ် ဆိုရင် ကိုယ်နေဟန်ထား ပုံစံမမှန်တာနဲ့ ဇက်ကြောတက်တာ၊ အကြောအခြင်တွေတောင့်တင်းတာတွေဖြစ်လာပါလိမ့်မယ်။

– ဇက်ကြောတက်ရတဲ့အကြောင်းရင်းတွေထဲမှာ –
– လည်ပင်းထိခိုက်ဒဏ်ဖြစ်ထားတာ
– ကွန်ပျူတာကြည့်ရင် အနေအထားမမှန်တာ၊ ကိုင်းပြီးထိုင်တာ
– အရွတ်ကြောနာဖြစ်နေတာ
– စိတ်ဖိစီးမှု( ဇက်ကြောတင်းနေစေတယ်)
– အာရုံကြောညပ်ခြင်း
– အရိုးနုပျက်စီးခြင်း
– သက်တောင့်သက်သာမရှိတဲ့အနေအထားနဲ့အိပ်စက်ခြင်း စတာတွေပါဝင်ပါတယ်။
ဇက်ကြောတက်တတ်သူဆိုရင် ဒိီအချက်တွေကို မမေ့ပါနဲ့။

ကွန်ပျူတာကြည့်တဲ့အခါ ခါးဆန့်ပြီးထိုင်ပါ
ကွန်ပျူတာမျက်နှာပြင်နဲ့ မျက်လုံးကို တတန်းတည်းကျပါစေ။ ခါးဆန့်ပြီး အနေအထားမှန်ကန်စွာထိုင်ပါ။ ကွန်ပျူတာကို ငုံ့ကြည့်နေရတာ၊ မော့ကြည့်နေရတာမျိုး၊ ခါးကိုကိုုင်းပြီးထိုင်တာမျိုး၊ ကွန်ပျူတာမျက်နှာပြင်ကို ကပ်ပြီး စိုက်ကြည့်တာမျိုး မဖြစ်သင့်ပါဘူး။ လပ်တော့ သို့မဟုတ် တက်ဘလက်ကိုကြည့်တဲ့အခါ ပေါင်ပေါ်တင်သုံးတာထက် ၄၅ ဒီဂရီအနေအထားမှာထားနိုင်ဖို့ ခေါင်းအုံးလေးဖြစ်ဖြစ်ခုထားပါ။

လည်ပင်းနဲ့ ပခုံးကို အကြောဆန့်ပေးပါ
လက်နှစ်ဖက်ကိုဆန့်ချထားပြီး ဘယ်ညာတစ်ဖက်စီ ခေါင်းကိုစောင်းပြီး လည်ပင်းကြောတွေဆန့်ပေးပါ။ တစ်ခါစောင်းတိုင်း စက္ကန့် ၃၀ လောက်ထားပြီး နောက်တစ်ဖက်ပြောင်းပါ။ နောက်တစ်ဆင့်က ဘယ်လက်ကို တန်းအောင်မြှောက်တင်ပြီးလက်ဖျားထိပ်မော့ကြည့်ပါ (စက္ကန့် ၃၀)၊ ပြီးရင် ညာလက်ကိုမြှောက်ပါ။

ရေနွေး သို့မဟုတ် ရေခဲကပ်ပါ
ဒဏ်သက်သာအောင် ရေခဲကပ်ရမလား၊ ရေနွေးကပ်ရမလား ဇဝေဇဝါဖြစ်တတ်ကြပါတယ်။ တကယ်တော့ ထိခိုက်ဒဏ်ရာတွေအတွက် ရေခဲက ပိုကောင်းပြီး အရွတ်၊အကြော၊ကြွက်သားဒဏ်ဖြစ်တာတွေအတွက် ရေနွေးအိ်တ် သို့မဟုတ် ကြပ်ထုပ်က ပိုအဆင်ပြေပါတယ်။ အရမ်းတောင့်တင်းနေတာအတွက် သိပ်မပူတဲ့ ခပ်နွေးနွေးကြပ်ထုပ်လေးကပ်ပေးရင် အုန်းလွဲတာတောင် တဖြည်းဖြည်းသက်သာနိုင်ပါတယ်။

နှိပ်နယ်ပါ
လည်ပင်းတဝိုက်ကြွက်သားတွေကို နှိပ်နယ်ပေးခြင်းက တောင့်တင်းမှုကို လျော့ပါးသက်သာစေပါတယ်။ အသာအယာနှိပ်နယ်တာက အဆင်ပြေပေမယ့် ပြင်းထန်လို့တော့မဖြစ်ပါဘူး။

ရေဓာတ်ဖြည့်ပါ
ရေသောက်တာနဲ့ဘာဆိုင်လို့လဲလို့ မတွေးပါနဲဲ့။ ရေဓာတ်ပြည့်ဝနေတဲ့အခါ ဇက်ကြောတက်၊ တောင့်တင်းနာကျင်တာတွေသက်သာနိုင်တယ်၊ မဖြစ်အောင်လညး်ကာကွယ်ပေးပါတယ်။ ကျောရိုးမကြီးရဲ့အဆစ်ပြားလေးတွေက ဟန်ချက်ညီအောင်ထိန်းညှိနိုင်ဖို့နဲ့ ခါးဆစ်ရိုးမှာ ဖိအားမဖြစ်စေဖို့ ရေကိုလိုအပ်ပါတယ်။

အလွယ်လေ့ကျင့်ခန်းလုပ်ပါ
ခေါင်းကို ရှေ့ငိုက်ချလိုက်၊ နောက်လှန်ချလိုက် လေ့ကျင့်ခန်းကို ဖြည်းဖြည်းလုပ်ပါ။ ဘေးကိုလှည့်တာလည်း တလှည့်စီလုပ်ပါ။
ကြွက်သားတွေတောင့်လာပြီလို့ခံစားရရင် ခေါင်းကို ဘယ်ဘက်စောင်းချပါ(ဖြည်းဖြည်းချင်း)။ပြီးရင်ညာဘက်ကိုစောင်းပါ။ နည်းနည်းနာရင်နာနိုင်ပေမယ့် ဖြည်းဖြည်းလုပ်ရင်ဘာမှမဖြစ်ပါဘူး။
ဒီနည်းကို ဇက်ကြောတောင့်တင်းလာတိုင်းလုပ်လို့ရပါတယ်။ နေရတာပေါ့ပါးလာပါလိမ့်မယ်။

အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့
တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံးအကြောအခြင်တွေတောင့်တင်းနေမှာ သေချာလို့ပါ။

မျက်မှန်တပ်သူဖြစ်ရင် ပါဝါအမြဲစစ်ပါ
လက်ရှိတပ်ထားတဲ့မျက်မှန်က ပါဝါကိုက်မှ ဖြစ်မှပါ။ မျက်မှန်ပါဝါတက်နေတာ အသစ်မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေဖြစ်လာပါလိမ့်မယ်။

Credit : https://hellosayarwon.com , hello ဆရာဝန်